နိုင်ငံရေးတည်ငြိမ်မှုနှင့် စီးပွားရေးကြီးထွားမှု

နိုင်ငံရေးတည်ငြိမ်မှုနှင့် စီးပွားရေးကြီးထွားမှု
Published 17 August 2019

ပဋိပက္ခများကြောင့် လည်းကောင်း၊ နိုင်ငံရေးပါတီအမျိုးမျိုးအကြား ဝရုန်းသုန်းကား ပြိုင်ဆိုင်မှုများကြောင့်လည်းကောင်း အစိုးရအဖွဲ့ပြိုလဲနိုင်ခြေရှိသည့် အလားအလာတစ်ရပ်ကို နိုင်ငံရေးမတည်ငြိမ်မှုဟု ခေါ်ဆိုကြသည်။ အစိုးရအပြောင်းအလဲတစ်ရပ် ဖြစ်ပေါ် မှုက နောက်ထပ် ဆက်တိုက်အပြောင်းအလဲများ ဖြစ်ပေါ်နိုင်ခြေ မြင့်တက်စေခြင်းကို လည်း ခေါ်ဆိုသည်။ ယင်းက နိုင်ငံရေးမတည်ငြိမ်မှုကို ရှည်ကြာသွားစေနိုင်သည်။ စီးပွားရေးကြီးထွားမှုနှင့် နိုင်ငံရေးတည်ငြိမ်မှုတို့သည် နက်ရှိုင်းစွာ ဆက်နွှယ်နေသည့်သဘော ရှိသည်။ အခြားတစ်ဖက်တွင်လည်း နိုင်ငံရေးဝန်းကျင်မတည်ငြိမ်မှုနှင့် ပတ်သက်နေသော မရေရာမှုသည် ရင်းနှီးမြှုပ်နှံမှုများနှင့် စီးပွားရေးဖွံ့ဖြိုးမှုခြေလှမ်းတို့ကို လျော့ကျသွားစေ နိုင်သည်။ အပြန်အလှန်အားဖြင့် ညံ့ဖျင်းသော စီးပွားရေးစွမ်းဆောင်ရည်များက အစိုးရအဖွဲ့ ပြိုလဲမှုနှင့် နိုင်ငံရေးမတည်ငြိမ်မှုများဆီသို့ ဦးတည်သွားစေနိုင်သည်။ သို့သော် နိုင်ငံရေးတည်ငြိမ်မှုကို ဖိနှိပ်ခြင်း သို့မဟုတ် ပြန်လည်ရွေးကောက် တင်မြှောက်ခံရရန် ပြိုင်ဆိုင်စရာမလိုသည့် နိုင်ငံရေးပါတီတစ်ခုကို အသေထိုင်ထားခြင်းတို့အားဖြင့် ရယူနိုင်သည်။ ယင်းကဲ့သို့သော အနေအထား၌ နိုင်ငံရေးတည်ငြိမ်မှုဟူသည် အသွားနှစ်ဖက်ပါသော ဓားနှင့်တူ၏။ နိုင်ငံရေးတည်ငြိမ်မှုက လိုအပ်သော အနေအထားတစ်ရပ်ကို ပေးနိုင်သည့် ငြိမ်းချမ်းသောဝန်းကျင်တစ်ရပ် ဖြစ်သော်လည်း ယင်းက ပြစ်မှုကျူးလွန်သော်လည်း အရေးယူမခံရခြင်းနှင့်အတူ ခရိုနီစနစ် မွေးဖွားရာနေရာ အလွယ်တကူဖြစ်လာစေနိုင်သည်။ ပျက်စီးလွယ်သော နိုင်ငံရေးအခင်းအကျင်းတစ်ရပ်ရှိသည့် နိုင်ငံအများအပြားသည် ယင်းကဲ့သို့သော အနေအထားမျိုးကို ရင်ဆိုင်နေရတတ်သည်။

အခြား အစိုးရအဖွဲ့များကဲ့သို့ပင် ဒီမိုကရေစီအစိုးရအဖွဲ့များသည်လည်း ပျက်စီးလွယ်သည့် အနေအထားမျိုး ရင်ဆုုိင်ရသည်သာဖြစ်သည်။ နိုင်ငံရေးစနစ်များနှင့် မဆိုင်ဘဲ နိုင်ငံတစ်နိုင်ငံအနေဖြင့် ပဋိပက္ခများနှင့် ပတ်သက်၍လည်းကောင်း၊ အစိုးရအဖွဲ့ လုံးဝဥဿုံ ပြောင်းလဲသွားမည်ကိုလည်းကောင်း ပူပင်စရာမလိုသည့် နိုင်ငံတစ်နိုင်ငံတွင် ပြည်သူများအနေဖြင့် အလုပ်လုပ်ခြင်း၊ ငွေကြေးစုဆောင်ခြင်းနှင့် ရင်းနှီးမြှုပ်နှံခြင်းတို့ အပေါ် အာရုံစိုက်နိုင်မည်ဖြစ်သည်။ အဂတိလိုက်စားမှုများနှင့် ပတ်သက်သည့် မကြာသေးမီက လေ့လာချက်စာတမ်းများတွင် အဂတိလိုက်စားမှုနှင့် သိသိသာသာပတ်သက်နေသော အကြောင်းခြင်းရာများစွာကို တွေ့ရှိရသည်။ ယင်းတို့အနက် အဂတိလိုက်စားမှုကို လျှော့ချနိုင်သည့်အရာအဖြစ် ဆယ်စုနှစ်ချီကြာသည့် ဒီမိုကရေစီအစဉ်အလာနှင့် နိုင်ငံရေးတည်ငြိမ်မှုတို့ကို တွေ့ရှိရသည်။ သို့သော် ယနေ့ခေတ်ကမ္ဘာတွင် ယင်းအချက် နှစ်ချက်သည် ဆန့်ကျင်ဘက်ဖြစ်နေသည်ကို တွေ့ရှိရသည်။ နိုင်ငံအများစုသည် နိုင်ငံရေးတည်ငြိမ်သော အာဏာရှင်အစိုးရ မဟုတ်ပါက အသစ်ဖွဲ့စည်းထားပြီး မတည်ငြိမ်သည့်  ဒီမိုကရေစီအစိုးရ အဖွဲ့များဖြစ်နေတတ်သည်။

အချို့က နိုင်ငံရေးတည်ငြိမ်မှုကို မည်သည့်အပြောင်းအလဲကိုမဆို တားဆီးမည့် အရာအဖြစ်လည်းကောင်း၊ လူထုကို စိတ်အားလျော့ကျအောင် ပြုလုပ်မည့်အရာအဖြစ် လည်းကောင်း ရှုမြင်တတ်ကြပြန်သည်။ ယင်းအနေအထားသည် ဆန်းသစ်မွမ်းမံခြင်းနှင့် တီထွင်ဖန်တီးဉာဏ်ကို နောက်တန်းသို့ ပို့ပစ်လိုက်တတ်သည်ဟု ဆိုသည်။ ပိုမိုကောင်းမွန်သော အခွင့်အလမ်းများမှတစ်ဆင့် ပိုမိုတောက်ပသော အနာဂတ်တစ်ခုရရှိရန် လူများစွာတို့သည် နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု အစရှိသည့် ဘဝ၏ကဏ္ဍအားလုံးကို ပြောင်းလဲရန် ကြိုပမ်းကြသည်။ အမှန်တကယ်၌ အပြောင်းအလဲဟူသည် စွန့်စားရသည် သာဖြစ်သည်။ ယင်းကဲ့သို့သော အပြောင်းအလဲများကလည်း အာဏာအလွဲသုံးစားမှု နှင့် အဂတိလိုက်စားမှုတို့ကို မွေးဖွားပေးနိုင်သည်။

မည်သို့ပင်ဆိုစေကာမူ၊ နိုင်ငံရေးတည်ငြိမ်မှုနှင့် စီးပွားရေးကြီးထွားမှုတို့သည် နက်ရှိုင်းစွာ ဆက်နွှယ်နေသည်သာဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

(သြဂုတ် ၁၈ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent