ရေမကြီးမီ၊ ရေကြီးနေချိန်နှင့် ရေကြီးပြီးချိန်

ရေမကြီးမီ၊ ရေကြီးနေချိန်နှင့် ရေကြီးပြီးချိန်
Published 16 August 2019

ရေဘေးအန္တရာယ် ကျရောက်နိုင်သည့် ဒေသများ၌ ရေမကြီးမီ၊ ရေကြီးနေချိန်နှင့် ရေကြီးပြီးချိန်တို့၌ လုပ်ဆောင်သင့်သော အရာများကို အသိပေးဖော်ပြအပ်ပါသည်။

ရေမကြီးမီ ဆောင်ရွက်ရန် - ရေဘေးအန္တရာယ်ကျရောက်နိုင်သော ဒေသများတွင် မိုးကာလမတိုင်မီ ကြိုတင်၍ ရေဘေးဒဏ်ခံနိုင်သော ရေကာတာများ တည်ဆောက်ပြုပြင်ထားရှိခြင်းနှင့် သယ်ယူပို့ဆောင်သွားလာရေးအတွက် လှေ၊ ပဲ့ထောင်၊ မော်တော်၊ စက်သုံးဆီ စသည်တို့ကို ကြိုတင်စီစဉ်ထားခြင်းတို့ ပြုလုပ်ပါ။ ရုပ်သံ ၊ ရေဒီယိုနှင့် FM ရေဒီယိုများက ထုတ်လွှင့်သော မြစ်ရေကြီးမှုဆိုင်ရာ သတင်းများကို ကိုယ်တိုင်ဂရုတစိုက် ကြည့်ရှုနားထောင်ပါ။ ကောလာဟလသတင်းများအား မယုံကြည်ပါနှင့်။ မိမိ မိသားစုဝင်များ စုံညီမှု ရှိ/မရှိ စစ်ဆေး၍ မြစ်ရေကြီးနိုင်မည့် သတင်းကို အသိပေးပါ။ မိမိ မိသားစုဝင်များနှင့်အတူ ဘေးကင်းရာသို့ အမြန်ဆုံးရောက်နိုင်မည့်လမ်းကို အသုံးပြု၍ ကြိုတင်ရှောင်ရှားပါ။ အရေးကြီးသောပစ္စည်းများကို ယူဆောင်သွားနိုင်ရန် စီစဉ်ပါ။ ကလေးသူငယ်များ၊ နာမကျန်းသူများနှင့် သက်ကြီးရွယ်အိုများကို ဘေးလွတ်ရာသို့ ခေါ်ဆောင်သွားနိုင်ရေး ဆောင်ရွက်ပါ။ အကူအညီလိုအပ်ပါက အရေးပေါ်အဖွဲ့များထံ အကြောင်းကြားပါ။ ပျက်စီးဆုံးရှုံးနိုင်သော ပစ္စည်းများကို မြစ်ရေမရောက်နိုင်သည့် လုံခြုံစိတ်ချရသော နေရာတွင် စနစ်တကျ ထုပ်ပိုးသိမ်းဆည်းထားပါ။ ရေဒီယို၊ ဓာတ်မီး၊ သောက်ရေ၊ တာရှည်ခံအစားအစာ၊ ဆေးဝါး စသည်တို့ကို ယူဆောင်သွားပါ။ မိမိပိုင် ကျွဲ၊ နွားများကို ဘေးကင်းရာသို့ ပို့ဆောင်ပါ။ ဒေသအာဏာပိုင်များက စီစဉ်သည့်အတိုင်း လိုက်နာဆောင်ရွက်ပါ။ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ ကူညီဆောင်ရွက်ပေးပါ။ မြစ်ရေကြီးမှု ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ဇာတ်တိုက်လေ့ကျင့်မှုများတွင် ပါဝင်ဆောင်ရွက်ပါ။

ရေကြီးနေချိန် ဆောင်ရွက်ရန် - ရုပ်သံ ၊ ရေဒီယိုနှင့် FM ရေဒီယိုများက အချိန်နှင့် တစ်ပြေးညီ ထုတ်လွှင့်နေသော မြစ်ရေကြီးမှု သတင်းထုတ်ပြန်ချက်၊ သတိပေးချက်များကို ဂရုစိုက်၍ နားထောင်ပါ။ မြစ်ရေကြီးမှု ဘေးလွတ်ကင်းနိုင်သည့် ခိုလှုံရာနေရာတွင် မိမိမိသားစုဝင်များအားလုံး ပြင်ပသို့ မထွက်ဘဲ နေထိုင်ပါ။ ရေကြီးနေသည့်နေရာများသို့ မသွားပါနှင့်။ မြွေအန္တရာယ် ရှိနိုင်သည်။ ဝမ်းရောဂါ မဖြစ်စေရန် ရေကို ကျိုချက်၍ သောက်ပါ။ မြစ်ချောင်း၊ ကမ်းပါး၊ မြေပြိုနိုင်သည့် နေရာများသို့ သွားလာခြင်းမှ ရှောင်ရှားပါ။ အရေးပေါ် ကယ်ဆယ်ရေးစခန်း တာဝန်ခံ၏ အစီအစဉ်အတိုင်း လိုက်နာဆောင်ရွက်ပါ။

ရေကြီးပြီးချိန် ဆောင်ရွက်ရန် - မြစ်ရေကြီးမှုအန္တရာယ် ကင်းရှင်းကြောင်း သက်ဆိုင်ရာက ထုတ်ပြန်ချက်ရရှိမှသာ မိမိတို့နေအိမ်သို့ ပြန်ပါ။ မိမိ မိသားစုဝင်များ ထိခိုက်မှု ရှိ/မရှိ စစ်ဆေးပါ။ လိုအပ်ပါက ဆေးကုသမှုခံယူပါ။ သက်ဆိုင်ရာက ထုတ်ပြန်သည့် သတင်းနှင့် အကြံပြုချက်များကိုသာ ယုံကြည်ပြီး လိုက်နာဆောင်ရွက်ပါ။ ကောလာဟလသတင်းများကို မယုံကြည်ပါနှင့်။ အပျက်အစီးများကို တာဝန်မရှိဘဲ လှည့်လည်ကြည့်ရှုခြင်း မပြုလုပ်ပါနှင့်။ အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများတွင် တတ်နိုင်သမျှ ပူးပေါင်းပါဝင်ဆောင်ရွက်ပါ။ ဝမ်းရောဂါ ကျရောက်တတ်၍ ရေကို ကျိုချက်၍ သောက်ပါ။ အအေးမိဖျားနာခြင်း မဖြစ်စေရန် နွေးထွေးစွာနေပါ။ ရေလွှမ်းမိုးထားသော လမ်း၊ တံတားများ၊ အိမ်များ အချိန်မရွေး ပြိုကျနိုင်သည့်အတွက် သတိပြုပါ။ အဆိပ်ရှိသော သတ္တဝါများ ခိုအောင်းနေတတ်သဖြင့် သတိပြုပါ။

မြန်မာနိုင်ငံသည် အထူးသဖြင့် ယခုကဲ့သို့သော မုတ်သုံရာသီတွင် နိုင်ငံအနှံ့အပြား၌ ရေဘေးအန္တရာယ်များ ကြုံတွေ့ရတတ်သည်ဖြစ်ရာ ဘေးအန္တရာယ်လျော့ပါးရေးနှင့် ကြိုတင်ကာကွယ်ရေးတို့သည် အရေးကြီးသကဲ့သို့ ပြည်သူတို့ အသိပညာတိုးပွားရေးနှင့် ရေမကြီးမီ၊ ရေကြီးနေချိန်နှင့် ရေကြီးပြီးချိန်တို့၌ လုပ်ဆောင်သင့်သော အရာများကို လိုက်နာဆောင်ရွက်တတ်ရေးသည်လည်း အရေးကြီးပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(သြဂုတ် ၁၆ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့ အာဘေ်ာ)

Most Read

Most Recent