အဂတိသည် အစိုးရ၏မှတ်ကျောက်

အဂတိသည် အစိုးရ၏မှတ်ကျောက်
Published 14 August 2019

အစိုးရအပေါ် ယုံကြည်မှုကို ယိုယွင်းပျက်စီးစေသောကြောင့် အဂတိလိုက်စားမှုကို  ဝေဖန်ရှုတ်ချပြီး အဂတိလိုက်စားသည့် အရာရှိများကို ပြတ်ပြတ်သားသားတရားစွဲဆို အပြစ်ပေးရမည်မှာ အမှန်ပင်ဖြစ်သည်။ အဂတိလိုက်စားမှုသည် ဒီမိုကရေစီကျင့်ထုံးများနှင့် လုပ်ငန်းစဉ်များ တည်မီနေရာဖြစ်သော အရပ်ဘက်လူ့အဖွဲ့အစည်း၏ ကိုယ်ကျင့်တရားဆိုင်ရာ အာမခံချက်များကိုလည်း ချည့်နဲ့သွားစေနိုင်သည်။  အဂတိလိုက်စားမှုသည် ဆင်းရဲမွဲတေမှုနှင့် စီးပွားရေးမတိုးတက်ရခြင်းတို့၏ အဓိကအကြောင်းတရားဖြစ်သည်ဟု အခိုင်အမာပြောကြားခဲ့ကြသောကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဟူသည် မဲဆန္ဒရှင်ပြည်သူများအတွက် အဆွဲဆောင်နိုင်ဆုံး  မဲဆွယ်ရေး ကတိတစ်ရပ်ဟုလည်း ဆိုကြသည်။

အဂတိလိုက်စားမှုကြောင့် လူအချို့ ရုတ်တရက်ကြီးပွားချမ်းသာသွားနိုင်သော်လည်း  အဂတိလိုက်စားမှုသည် ဆင်းရဲမွဲတေမှုနှင့် လူအရေအတွက်အရများစွာပို၍ ဆက်နွှယ်မှုကြီးမားသည်။ အဂတိလိုက်စားမှုသည် စီးပွားရေးကြီးထွားမှုကို ကြန့်ကြာစေခြင်း၊ ပုံပျက်စေခြင်းနှင့် လမ်းလွဲသွားစေခြင်းတို့ ဖြစ်ပေါ်စေနိုင်သည်။ အဂတိလိုက်စားမှုနှင့် ဆင်းရဲမွဲတေမှုတို့အကြား ဆက်နွှယ်မှုများသည် လူတစ်ဦးချင်းကိုသာမက လုပ်ငန်းများ အပေါ်သို့ပါ သက်ရောက်မှုရှိသည့်အပြင် လားရာတို့မှာလည်း အပြန်အလှန်သဘောရှိသည်။ ဆင်းရဲမွဲတေမှုသည် အဂတိလိုက်စားမှုကို ဖိတ်ခေါ်ပြီး အဂတိလိုက်စားမှုသည် ဆင်းရဲမွဲတေမှုကို ပို၍နက်ရှိုင်းစေသည်။ အဂတိလိုက်စားမှုသည် စီးပွားရေးဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ အင်စတီကျူးရှင်းများကို ချည့်နဲ့သွားစေသည့် အဓိက အကြောင်းတရားလည်း ဖြစ်သည်။

အဂတိလိုက်စားမှုသည် အစိုးရအပေါ် အယုံအကြည်မဲ့စေနိုင်ပြီး အစိုးရ၏ လူမှုရေးဆိုင်ရာ ဝန်ဆောင်မှုများကို လျော့ကျစေနိုင်သည်။ အဂတိလိုက်စားမှုများသည် တန်းတူညီမျှ မှုမရှိခြင်းကို ပိုမိုဆိုးရွားစေနိုင်ပြီး လူထုအတွင်း မကျေနပ်ချက်များ ကြီးထွားလာကာအကြမ်းဖက်မှုများ၊ အစွန်းရောက်မှုများနှင့် ပဋိပက္ခများဆီသို့ ဦးတည်သွားစေနိုင်သည်။ အဂတိလိုက်စားမှုသည် ရင်းနှီးမြှုပ်နှံမှုကို အဟန့်အတားဖြစ်စေသောကြောင့် အကျိုးရလဒ်အနေဖြင့် စီးပွားရေးကြီးထွားမှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို ထိခိုက်စေနိုင်သည်။ အဂတိလိုက်စားမှုကို ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းရှိသည့် နိုင်ငံများသည် ၎င်းတို့၏ လူသားနှင့် ဘဏ္ဍာရေးရင်းမြစ်များကို ပိုမိုထိရောက်စွာ စီမံနိုင်သောကြောင့် ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဆွဲဆောင်နိုင်ကာ ပိုမိုမြန်ဆန်သော စီးပွားရေးကြီးထွားမှုကို ဖြစ်စေသည်။

အောင်မြင်သော အဂတိလိုက်စားမှုတိုက်ဖျက်ရေး အားထုတ်မှုများကို နိုင်ငံရေးသမားများ၊ အစိုးရအရာရှိကြီးများ၊ ပုဂ္ဂလိကကဏ္ဍများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် နိုင်ငံသားများအားလုံး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်။ အဂတိလိုက်စားမှုကို တိုးတက်သော၊ အောင်မြင်သော ကိုင်တွယ်မှုဖြစ်ရန် အစိုးရနှင့် လုပ်ငန်းများ အာရုံစိုက်၍ ပူးပေါင်းဆောင်ရွက်ရန် လိုသကဲ့သို့ အဂတိလိုက်စားသော အမူအကျင့်များကို ကာကွယ်၊ ဖော်ထုတ်၊ ဟန့်တားရန်အတွက် နောက်ဆုံးပေါ် ခေတ်မီနည်းစနစ်များလည်း လိုအပ်သည်။

ဆင်းရဲသောနိုင်ငံ တစ်နိုင်ငံအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ထိရောက်အောင် ဆောင်ရွက်နိုင်ခြင်းမရှိပါက စီးပွားရေးဖွံ့ဖြိုးမှုနှင့် တိုးတက်သောစီးပွား ရေးအခြေခံကောင်းများကို တည်ဆောက်နိုင်ရန် မည်သို့မျှမဖြစ်နိုင်ပါ။ ထို့ကြောင့် အဂတိလိုက်စားမှု၏ အဆိုးဆုံးလက္ခဏာရပ်များဖြစ်သည့် အလွဲသုံးစားလုပ်မှုနှင့် ဖော်လံဖား၍ အကျိုးစီးပွားရှာမှု၊ ဆွေမျိုးနီးစပ်ရာ အသိုင်းအဝိုင်းများကောင်းစားသည့်  (Cronyism)  တို့ ခေါင်းထောင်နိုင်ခြင်း မရှိစေရန် ပွင့်လင်းမြင်သာစွာ လုပ်ဆောင်သင့်ပါကြောင်း The Daily Eleven သတင်းစာက တိုက်တွန်းရေးသားအပ်ပါသည်။

(သြဂုတ် ၁၅ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘေ်ာ)

Most Read

Most Recent