ချမ်းမင်းရဲထွဋ်နှင့် တွေ့ဆုံခြင်း

ချမ်းမင်းရဲထွဋ်နှင့် တွေ့ဆုံခြင်း
Published 6 August 2019
စုမှူးနိုင်

‘ည’ ဇာတ်ကားနဲ့ အနုပညာ ခြေလှမ်းတွေကို အရာထင်စေခဲ့သူ ပရိသတ်တွေရဲ့ အားပေးနှစ်သက်မှုကိုရရှိခဲ့သူ အနုပညာရှင်တစ်ဦးကတော့ ချမ်းမင်းရဲထွဋ်ပါ။ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်ထားပြီး သူ့ရဲ့VCode အချိုရည်ကြော်ငြာလည်းကလည်း သူ့ကို ပရိသတ်တွေပိုအားပေးခဲ့သလို သူပါဝင်ထားတဲ့ ‘ ပုရိသ’ ဇာတ်ကားကိုလည်း သြဂုတ် ၈ ရက်ကစပြီး ရုံတင်ပြသတော့မှာပါ။ ဒါ့ကြောင့် ချမ်းမင်းရဲထွဋ်ရဲ့ အနုပညာခြေလှမ်းတွေအကြောင်း မေးမြန်းဖြစ်ခဲ့ပါတယ်။

 

မေး- ပုရိသဇာတ်ကားကို ရိုက်ကူးဖြစ်ခဲ့တဲ့အကြောင်းလေး သိပါရစေ။

ဖြေ-  ကျွန်တော့်ရဲ့ ဆရာတွေဖြစ်တဲ့ ဒါရိုက်တာ ထူးပိုင်ဇော်ဦးတို့၊ ကိုဝိုင်းတို့၊ ကိုအောင်ချမ်းလူတို့တွေကလည်း ကျွန်တော့်ကို ဗီလိန်ဇာတ်ရုပ်တွေ၊ အမာဇာတ်ရုပ်တွေချည်း သရုပ်မဆောင်ဖို့ပြောတယ်။ အဲဒီလိုဇာတ်ရုပ်မျိုး တွေကိုမရိုက်ဘဲ နားထားတဲ့အချိန်မှာ စိန်ဌေးထုတ်လုပ်ရေးနဲ့ ဒါရိုက်တာကိုဇော် (အရုဏ်ဦး) တို့က ‘ပုရိသ’ဇာတ်ကား အတွက် လာပြီးကမ်းလှမ်းခဲ့တယ်။ ဟာသ ဇာတ်ကားလေးလည်းဖြစ်နေတော့ ကျွန်တော့်အတွက်ရော ကျွန်တော့်ပရိသတ်တွေအတွက်ပါ ကျွန်တော်ကြိုးစား ရိုက်ကူးမယ်ဆိုပြီး လက်ခံပါဝင်ဖြစ်ခဲ့တာပါ။

 

မေး- ‘ပုရိသ’ဇာတ်ကားမှာ ဘယ်လိုဇာတ်ကောင်မျိုးနဲ့ ပါဝင်ထားလဲ။

ဖြေ-  ‘ပုရိသ’ဇာတ်ကားမှာ ရဲရင့်ဆိုတဲ့ ပွေလီတဲ့ အရမ်းကို ရှုပ်တဲ့ ကောင်လေး တစ်ယောက်အဖြစ်ပါဝင်ထားပါတယ်။

 

မေး-    ဇာတ်ကားရိုက်ကူးစဉ်က အတွေ့အကြုံတွေကို ပြောပြပေးပါဦ။း

ဖြေ-  ‘ပုရိသ’ ဇာတ်ကားက ကျွန်တော့်အတွက် ပထမဆုံး ဟာသဇာတ်ကားလို့ ပြောလို့ရပါတယ်။ ကျွန်တော် ရှေ့မှာရိုက်ကူးဖူးတဲ့ ဇာတ်ကားတွေက ခက်ထန်မာကြောတဲ့ ဇာတ်ရုပ်မျိုးတွေပဲဆိုတော့ ဒီဇာတ်ကားမှာ ကျွန်တော်ပါဝင်ရတာက ရှေ့ကသရုပ်ဆောင်ခဲ့တာတွေ နဲ့ ၁၀၀ ရာခိုင်နှုန်းခြားနားတယ်။ အဲဒီအတွက်လည်း တော်တော်ကြိုးစားခဲ့ရတယ်။ ကိုယ်တိုင်ကလည်း သရုပ်ဆောင်ပိုင်းမှာ အသွက်ပိုင်းဘက်က မဟုတ်ဘူးလေ။ အဲဒါကိုမှ ဒီဇာတ်ကားမှာ တကယ့်ကိုသွက်လက်တဲ့ မခိုင်လေး(ခိုင်သင်းကြည်)တို့၊ နေခြည်ဦးတို့နဲ့ တွဲရတာဖြစ်လို့ ကျွန်တော့်အနေနဲ့ သူတို့ကိုလိုက်မီအောင်ကို မနည်းကြီး ကြိုးစားခဲ့ရတယ်။ စီနီယာတွေရဲ့ သဘောကောင်းမှုနဲ့အတူ အလုပ်အတူတွဲလုပ်တဲ့အခါ အဆင်ပြေအောင်လို့ သူတို့ဘက်က မသိမသာနဲ့ သင်ပေးသွားတဲ့ ပညာလေးတွေလည်း အများကြီးရပါတယ်။ ကိုယ်တွေက သူတို့ကို ရှိန်မနေအောင်လည်း နေပေးကြတယ်။

 

မေး- ဟာသ ဇာတ်ရုပ်သရုပ်ဆောင်ရတာကရော ခက်ခဲလား။

ဖြေ- ကျွန်တော့်အတွက်က ဟာသဇာတ်ကား ရိုက်ခဲ့ရတာ အရမ်းခက်ခဲတယ်ရယ်လို့တော့ မဖြစ်ခဲ့ဘူး။ ပါဝင် ကြတဲ့လူတွေကလည်း ၀ိုင်းဝန်းဖေးမ လက်တွဲကြတယ်။  ဦးခင်လှိုင်တို့ဆိုရင်လည်း အတူတွဲဖက် သရုပ်ဆောင်ရတဲ့ အခါ ကင်မရာရှေ့ရောက်မှ ရယ်စရာဖြစ်တာမဟုတ်ဘဲ ရိုက်ကွင်းမှာတင်ကိုပဲ ရယ်နေရ ပျော်နေရတာဖြစ်လို့ အရမ်းကြီးရှိန်နေတာမျိုးဖြစ်မနေခဲ့ဘူး။ အလိုလို နေရင်းကို Modd တွေက ရနေခဲ့တာပေါ့။

 

မေး- မခိုင်လေး(ခိုင်သင်းကြည်)တို့ နေခြည်ဦးတို့နဲ့ အတူတွဲ သရုပ်ဆောင်ရတဲဲ့အပေါ် အမှတ်တရတွေ ရှိရင်လည်း ပြောပြပေးပါဦး။

ဖြေ-  ကျွန်တော်က ဒီဇာတ်ကားထဲမှာ ဇာတ်လမ်းအရ မင်းသမီးနှစ်ယောက်လုံးနဲ့ တွဲရတယ်။ မခိုင်လေးဆိုရင် သရုပ်ဆောင်တဲ့အခါ အရမ်းကိုသွက်လက်တယ်။ ကိုယ်က သူ့ကိုမီအောင် မနည်းလိုက်ရတယ်။ မခိုင်လေးက လည်း ဘယ်လိုနေရာတွေမှာ ဘယ်လိုသရုပ်ဆောင်ရမယ် ဆိုတာမျိုးတွေကအစ သင်ပေးပါတယ်။ အဲဒီအတွက် ရိုက်ကူးရေးမှာ အရမ်းကိုအဆင်ပြေခဲ့ပါတယ်။ မခိုင်လေးဆီကရော ပါဝင်ကြတဲ့အနုပညာရှင်တွေ၊ ဒါရိုက်တာ ဦးဇော်တို့ဆီကနေပါ ပညာတွေလည်းအများကြီးရခဲ့တဲ့ ဇာတ်ကားပါ။

 

မေး- ‘ပုရိသ’ ဇာတ်ကားအပေါ်မှာ ချမ်းမင်းရဲ ဘယ်လိုရင်ခုန်လဲ။

ဖြေ-  ကျွန်တော့်အတွက်တော့ ဟာသနဲ့ပတ်သက်ရင်  ဒီဇာတ်ကားက ကျွန်တော့်အတွက် ပထမဆုံး ရုပ်ရှင်ဇာတ်ကားဖြစ်သလို ပရိသတ်တွေကရော ဒီဇာတ်ကားမှာစပြီး ဟာသနဲ့ဆိုရင်ရော လက်ခံအားပေးသလားဆိုတာကို စောင့်ကြည့်ရမှာပါ။ ပရိသတ်တွေအနေနဲ့က ကျွန်တော့်ကိုရှေ့မှာ ဗီလိန်ရုပ် စူပုတ်ပုတ်တွေပဲ မြင်ဖူးတော့ ဒီလို ဟာသဆိုရင်ရော ကိုယ့်ကိုလက်ခံအားပေးသလားဆိုတာကို မြင်တွေ့ခွင့်ရမယ့်အတွက် ရင်ခုန်ပါတယ်။

 

မေး- ရိုက်ကူးထားတဲ့ဇာတ်ကားလေးတွေ ရှိရင်လည်း ပြောပြပေးပါဦး။

ဖြေ-  စိန်ဌေးထုတ်လုပ်ရေးက ရိုက်ကူးထားတဲ့ ‘၃ က’ ဇာတ်ကားမှာ ပါဝင်ထားပါတယ်။ နောက်ပြီး ဒါရိုက်တာ ၀ိုင်းရိုက်ကူးထားတဲ့ ‘ကံ့ကော်နီ’ ဇာတ်ကားမှာလည်း ပါ ဝင်ထားပါတယ်။ ‘ပုရိသ’ ဇာတ်ကားပြီးရင် ပရိသတ်တွေ ‘ကံ့ကော်နီ’ ဇာတ်ကား ကြည့်ခွင့်ရမယ်ထင်ပါတယ်။

 

မေး- ရှေ့ဆက်မယ့် အနုပညာလှုပ်ရှားမှုတွေကိုလည်း သိပါရစေ။

ဖြေ- Myanmar Media 7 က ရိုက်ကူးမယ့် ‘အိပ်မက်တွေမိုးထားတဲ့ အိမ်’ ဆိုတဲ့ ဇာတ်လမ်းတွဲလေးကို ဒီနှစ် ၁၀ လပိုင်းလောက်မှာ ရိုက်ကူးဖို့ရှိပါတယ်။ အဲဒီဇာတ်လမ်းတွဲမှာ ကျွန်တော်လုပ်နိုင်မယ့် ဇာတ်ကောင်ပုံစံမျိုးနဲ့ ပါဝင်ခွင့်ရမှာဖြစ်လို့ အခွင့်အရေးပေးတဲ့ Myanmar Media 7 က ကိုရွှေမန်းတို့ကို ကျေးဇူးတင်ပါတယ်။

 

မေး- ‘ပုရိသ’ ဇာတ်ကားနဲ့ပတ်သက်ပြီး ပရိသတ်တွေကို ပြောချင်တာ ရှိရင်။

ဖြေ-  ‘ပုရိသ’ ဇာတ်ကားကြီးက လာမယ့် သြဂုတ် ၈ ရက် ဆို မြန်မာတစ်နိုင်ငံလုံးမှာ ရုံတင်ပြသပါပြီ။ အားလုံး ကကြိုးစားထားသလို ပရိသတ်တွေအတွက်လည်း ရယ်မောပျော်ရွှင်ရမယ့် ဇာတ်ကားကြီးဖြစ်မှာပါ။ လာပြီးအား ပေးကြဖို့ဖိတ်ခေါ်ပါတယ်။ ဒီဇာတ်ကားမှာ ပါဝင်ထားတဲ့ ကျွန်တော့်ကိုလည်း ဝေဖန်အားပေးကြပါဦး။     

Most Read

Most Recent