ဒါရိုက်တာဏကြီး၊ အကယ်ဒမီပိုင်ဖြိုးသုတို့နှင့် တွေ့ဆုံခြင်း

ဒါရိုက်တာဏကြီး၊ အကယ်ဒမီပိုင်ဖြိုးသုတို့နှင့် တွေ့ဆုံခြင်း
Published 16 July 2019
လင်းလင်းခိုင်

၂၀၁၈ ခုနှစ်အတွင်း ပြသခဲ့သည့် ‘မီ’ ရုပ်ရှင်ဇာတ်ကားတွင် အကောင်းဆုံး အနုပညာဖန်တီးမှုများဖြင့် လက်တွဲဖန်တီးခဲ့သည့် ဒါရိုက်တာဏကြီးနှင့် အကယ်ဒမီ ပိုင်ဖြိုးသုတို့ဇနီးမောင်နှံမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင်လည်း ဒုတိယမြောက် လက်တွဲဖန်တီးမှုအဖြစ် ရုပ်ရှင်ဇာတ်ကားသစ်တစ်ကား ရိုက်ကူးရန် ပြင်ဆင်လျက်ရှိသည်။ ဒါရိုက်တာဏကြီး၏ ကိုယ်ပိုင်ဇာတ်လမ်းအား ရိုက်ကူးမည်ဖြစ်ကာ မည်သို့ အကြောင်းအရာဖြစ်မည်ကို အသိမပေးသေးဘဲ ပြင်ဆင်မှုများအား အချိန်ယူ ပြုလုပ်နေခြင်းလည်း ဖြစ်သည်။ ဒါရိုက်တာဏကြီး၊ အကယ်ဒမီပိုင်ဖြိုးသုတို့ ဇနီးမောင်နှံနှင့် တွေ့ဆုံ၍ ထပ်မံရိုက်ကူးမည့် ဇာတ်ကားအသစ်အတွက် ပြင်ဆင်နေမှု၊ ရုပ်ရှင်လောက၏ အပြောင်းအလဲများအပေါ် သုံးသပ်ချက်များ မေးမြန်းဖြစ်ခဲ့သည်။

 

ဒါရိုက်တာဏကြီး

မေး-ကြိမ်နှုန်း ဇာတ်ကားထုတ်လုပ်ရေးနဲ့ လက်တွဲပြီးတော့ ဇာတ်ကား ဖန်တီးဖို့အစီအစဉ်ရှိတယ် ဆိုတော့ အဲဒီအပိုင်းနဲ့ပတ်သက်လို့ ကိုဏကြီးက ပြောပေးပါဦး။

ဖြေ- ဒီထုတ်လုပ်ရေးနဲ့က ဆရာနိုင်ဝင်းဆွေရဲ့မဟူရာမေတ္တာကို ရိုက်ကူးဖို့ စီစဉ်ထားတယ်။ မဟူရာမေတ္တာဝတ္ထုက အားလုံးသိတဲ့အတိုင်းပဲ ပြင်ဆင်မှုတွေ အများကြီးလုပ်ရမယ်။ Research တွေလုပ်ရမှာဖြစ်လို့ အချိန်တစ်နှစ်ယူထားတယ်။ ၂၀၂၁ မှပဲရုံတင်ဖို့က ဖြစ်မှာပါ။

 

မေး-ရိုက်ကူးဖို့ပြင်ဆင်ထားတဲ့ Project တွေ အများကြီးထဲကမှ ဘယ်အပိုင်းကို အရင်ဆုံး ရိုက်ဖြစ်မလဲ။

ဖြေ- ကျွန်တော့်ရဲ့ကိုယ်ပိုင်ဇာတ်လမ်းကို ဒုတိယ Project အနေနဲ့ ၂၀၁၉ မှာ ရိုက်ဖြစ်ပါမယ်။ မင်းသမီးကတော့ သုသုပါပဲ။

 

မေး- ဘယ်လို ဇာတ်လမ်းပုံစံမျိုးလို့ ပြောလို့ရမလဲ။

ဖြေ- လောလောဆယ်တော့ ပြောလို့မရသေးလို့ပါ။ တရားဝင် အားလုံးပြင်ဆင်ပြီးရင်တော့ မီဒီယာတွေအားလုံးကို အသိပေးသွားပါမယ်။

 

မေး- တခြားပြင်ဆင်နေတဲ့ ဇာတ်လမ်းမျိုးတွေရော ရှိသေးလား။

ဖြေ- ကျွန်တော့်ရဲ့တတိယမြောက် Project က ဆရာမောင်ဝဏ္ဏရဲ့ ချစ်ခင်စမှော်ရုံမှာလေ ဆိုတဲ့ဝတ္ထုပါ။ အဲဒါကိုတော့ ၂၀၂၀ မတ်လမှာရိုက်ကူးဖို့ စီစဉ် ထားပါတယ်။ သုသုရယ် ဒေါင်းရယ်ကတော့ Confirm ဖြစ်သွား ပြီ။ ကျန်တဲ့ Actor နှစ်ယောက်ကတော့ ညှိနှိုင်းနေဆဲပါ။

 

မေး- ဇာတ်လမ်းရိုက်ကူးမှုအတွက် ကိုယ်တိုင်ဇာတ်ညွှန်းရေးတာဆိုတော့ အဲဒါက ဘယ်လို ပိုပြီးအားသာတယ်လို့ ထင်လဲ။

ဖြေ- ကျွန်တော်က ဇာတ်ညွှန်းကို ကိုယ်တိုင် ရေးရတာကို ပိုကြိုက်တာကြောင့် ရေးဖြစ်တာပါ။ Adaptation ပဲဖြစ်ဖြစ်၊ Original Story ပဲဖြစ်ဖြစ် ကိုယ်တိုင် ဇာတ်ညွွှန်းရေးတဲ့အခါ Shot တွေကအစ ခေါင်းထဲမှာမြင်ပြီးသားပေါ့။ ကိုယ်တိုင်ရေးပြီးရိုက်ရင် On Seen မှာ ပိုပြီးပိုင်ပိုင်နိုင်နိုင်ရှိတာပေါ့။

 

မေး-အခုနောက်ပိုင်းမြန်မာဇာတ်ကားတွေမှာ စောင့်ကြည့်အားပေးရတဲ့အထိ စိတ်ဝင်စားမှုရှိလာတဲ့အပေါ် ဘာများပြောချင်သေးလဲ။

ဖြေ- ကျွန်တော်မြင်တာကတော့ အားလုံးက သေချာလုပ်လာကြပြီ။ Production design ပဲဖြစ်ဖြစ်၊ script မှာပဲဖြစ်ဖြစ်ပေါ့။ သေချာမလုပ်ထားဘူးဆိုရင် ရုံတင်ရက်ရဖို့တောင် မလွယ်သလို ရုံတင်ရက် ရသွားခဲ့ရင်တောင် လူဝင်နည်းတာတို့၊ ဝင်ငွေနည်းတာတွေဖြစ်လာပြီ။ အမူအရာပိုင်း စသဖြင့်အားလုံးက ကောင်းဖို့လိုလာပြီ။ တကယ် creativity ကောင်းတဲ့သူတွေလက်ထဲကို project တွေ ရောက်လာပြီ။ ရိုက်ထုတ်သလို လုပ်လို့မရတော့ဘူးပေါ့။ ကိုယ်တကယ်ကြိုက်မှကိုယ်တကယ်ယုံကြည်မှပဲ ဖန်တီးဖို့လိုသလို အဲဒါမှ ပရိသတ်ကကြည့်တော့မှာလေ။

 

မေး- ဒုတိယမြောက်ဇာတ်ကားကိုရော ဘယ်တော့လောက် ရိုက်ဖြစ်မလဲ။

ဖြေ- အောက်တိုဘာ၊ နိုဝင်ဘာလောက်မှာ ဖြစ်မှာပါ။ လောလောဆယ်တော့ ပါဝင်မယ့်သူတွေကို အချိန်ညှိနှိုင်း နေပါတယ်။

 

 

အကယ်ဒမီ ပိုင်ဖြိုးသု

 

မေး- သုသုလည်း ကိုဏကြီးနဲ့တွဲပြီးရိုက်တဲ့အခါ ဘယ်လိုအားသာချက်တွေ ရှိတယ်လို့ထင်လဲ။

ဖြေ- အဓိကအားသာချက်က ကိုဏကြီးက သုသုကို အသိဆုံးလေ။ သုသုစိတ်ထဲမှာ ကာရိုက်တာရဲ့ခံစားချက်ကို ရင်ထဲကိုရောက်သွားဖို့ ဘယ်လိုပြောပေးရမလဲဆိုတာ ကောင်းကောင်း သိတယ်။

 

မေး- ဇာတ်ကားတစ်ကားအတွက် ပြင်ဆင်မှုအပိုင်းကိုရော ဘယ်လိုလမ်းညွှန်ပေးလဲ။

ဖြေ- ကိုဏကြီးက pre production  ပိုင်းကို အရမ်းအချိန်ယူတဲ့ ဒါရိုက်တာတစ်ယောက် ဆိုတော့ သုသုကိုလည်း အများကြီး ပြင်ဆင်ခိုင်းတယ်။ ဆန်ရင်းနာနာဖွပ် ဆိုသလိုပဲ သင်ပေးတယ်။ အများကြီးပြင်ဆင်ခိုင်းတယ်။ သူနဲ့ရိုက်ရင်တော့ character development ပိုင်းကိုတော့ သူ့ကိုအားကိုးလို့ရ တယ်။

 

မေး- ပရိသတ်တွေအတွက်ပြောချင်တဲ့ စကားလက်ဆောင်များ ရှိမလား။

ဖြေ-  သုသုတို့နှစ်ယောက် ပူးပေါင်းဖန်တီးမယ့် ဒုတိယမြောက် ဇာတ်ကားလေး ကျရင်လည်း အားပေးပါလို့ ပြောချင်ပါတယ်။

Most Read

Most Recent