အခုတော့ မိသားစုအတွက်ပဲ အရာအားလုံး ပြောင်းလဲထားတယ်လို့ဆိုသူ တေးသံရှင် Ah - Boy ရဲ့ ငယ်စဉ်ဘဝ အမှတ်တရဖြတ်သန်းရာ

အခုတော့ မိသားစုအတွက်ပဲ အရာအားလုံး ပြောင်းလဲထားတယ်လို့ဆိုသူ တေးသံရှင် Ah - Boy ရဲ့ ငယ်စဉ်ဘဝ အမှတ်တရဖြတ်သန်းရာ
Published 28 June 2019
လင်းလင်းခိုင်

ဟစ်ဟော့ပ်ဂီတလောကကို ချစ်မြတ်နိုးသူတစ်ယောက်အနေနဲ့ ပရိသတ်လက်ခံအားပေးမှု ရရှိထားပေမယ့် လက်ရှိမှာတော့ ဂီတလုပ်ငန်းတွေကို ခဏတာရပ်နားထားပြီး မိသားစုထဲက သားကြီးတစ်ယောက်ပီသစွာ စီးပွားရေးလုပ်ငန်းတွေကို ဦးဆောင်ကြိုးစားနေသူကတော့ တေးသံရှင် Ah - Boy ပဲဖြစ်ပါတယ်။ လူငယ်တစ်ယောက်ပီပီ ပေါ့ပါးပျော်ရွှင်မှုတွေနဲ့သာ ဖြတ်သန်းလေ့ရှိသူတစ်ယောက်အဖြစ် မြင်တွေ့ခဲ့ရပေမယ့် လက်ရှိမှာ တည်ငြိမ်ရင့်ကျက်တဲ့ နေထိုင်မှု၊ မိသားစုအတွက် ကြိုးစားနေသူတစ်ယောက်အဖြစ် တွေ့မြင်နေရပြီလည်း ဖြစ်ပါတယ်။ အခုတစ်ပတ်မှာ တေးသံရှင် Ah - Boy ရဲ့ ငယ်စဉ်ဘဝ အမှတ်တရပုံရိပ်တချို့ကို ဖော်ပြပေးချင်ပါတယ်။

တေးသံရှင် Ah - Boy ရဲ့ အမည်ရင်းက ကျော်ဖြိုးထွန်းဖြစ်ပြီး ၁၉၈၆ ခုနှစ် ဇန်နဝါရီ ၁၃ ရက်မှာ မွေးဖွားခဲ့ပါတယ်။ မြိတ်မြို့မှာ မွေးဖွားခဲ့ပြီး အစ်မနှစ်ယောက်ရှိတယ်လို့ ဆိုပါတယ်။ အသက်သုံးနှစ်အရွယ်လောက်အထိသာ မြိတ်မြို့မှာနေထိုင်ခဲ့ပြီး ရန်ကုန်မြို့ကို ပြောင်းလာခဲ့တယ်လို့ ဆိုပါတယ်။ ငယ်စဉ်ကလေးဘဝမှာ ဆော့ကစားမက်သူတစ်ယောက်ဖြစ်ပြီး မိဘများပြောပြတတ်တဲ့ အမှတ်တရဆိုရင်လည်း ကစားမက်တာပါလို့ ဆိုပါတယ်။

တေးသံရှင် Ah – Boy ရဲ့ အနုပညာပတ်သက်တဲ့ ငယ်အိပ်မက်ကတော့ အဆိုတော်ဖြစ်ချင်တာလို့ ဆိုပါတယ်။ သရုပ်ဆောင်လွင်မိုးနဲ့ ဦးလေးတော်စပ်တာကြောင့် အရမ်းအားကျခဲ့ပေမယ့် သရုပ်ဆောင်ဖြစ်ချင်တာမဟုတ်ဘဲ အဆိုတော်ဖြစ်ချင်တာပါလို့ ဆိုပါတယ်။ တေးသံရှင် Ah - Boy က ကျောင်းပညာရေးမှာတော့ အဆင့်-၁ ကနေ ၁၀ အတွင်း အမြဲဝင်ပြီး အရမ်းတော်တဲ့အထဲ မပါသလို အရမ်းညံ့တဲ့အထဲမှာလည်း မရှိဘူးလို့ဆိုပါတယ်။ မိခင်ဖြစ်သူကို ကြောက်ရတာကြောင့်လည်း စာတော့ပုံမှန်လုပ်ခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။

သီချင်းတွေနဲ့ပတ်သက်လို့တော့ တေးသံရှင် Ah - Boy က “သီချင်းဆိုတယ်ဆိုတာက ကျွန်တော့်အတွက် ဘယ်တော့မှ စွန့်ခွာလို့မရတဲ့ ပရော်ဖက်ရှင်နယ်တစ်ခုပဲ။ ပျော်တယ်။ အဲဒါကိုကြိုက်တာ။ သီချင်းတွေရေး၊ စတူဒီယိုသွားဆို အဲဒါတွေအရမ်းလုပ်ချင်တယ်။ ဒါပေမဲ့အခုချိန်မှာ Time Managemnet မလုပ်နိုင်လို့သာ အများကြီး မလုပ်နိုင်တာပေါ့” လို့ ပြောပြခဲ့ပါတယ်။

တေးသံရှင် Ah - Boy ရဲ့ ငယ်စဉ်ဘဝ ဂီတလောကအတွင်း ဖြတ်သန်းမှုတွေကိုလည်း “ကျွန်တော့်မှာ ဆရာကောင်းသွားတယ်။ အဲဒီအချိန်တုန်းက ကျွန်တော်တို့အရွယ်တွေထဲမှာ အဆိုတော်ဖြစ်ချင်တဲ့သူတွေက အများကြီးပဲ။ ကျွန်တော့်ရဲ့လက်ဦးဆရာက ကြက်ဖ။ ကကြီးကနေ အအထိ သင်ပေးတာ။ ပြီးတော့ J- Me က ကျွန်တော့်ကို Train ပေးတာ။ Performance မှာ သူစင်ပေါ်မှာတက်သမျှ ပွဲတိုင်းကို နောက်ကနေ Rhyme တွေ လိုက်ရွတ်ရတယ်။ အဲဒါကြောင့်လည်း တကယ်တမ်း ကျွန်တော်စင်ပေါ်တက်ခွင့်ရတဲ့အခါ လုံးဝမကြောက်တော့တာ။ ပြီးတော့ ACID အဖွဲ့ထဲက ကိုဟိန်းဇော်။ သူက အခွေထဲမှာ ဝင်ဆိုခိုင်းရာကနေ ပါဝင်ခွင့်ရခဲ့တာလည်း ရှိတယ်။ ပြီးတော့ ပထမဆုံးရှိုးဆို ခွင့်ရခဲ့တာက မငယ်ငယ်ခေါ်ဆိုတာ။ မငယ်ငယ်နဲ့  ကိုဇေယျာသော်တို့ ဆိုရမယ့်သီချင်းကို ကျွန်တော်အလွတ်ကျက်ပြီး ဆိုတာ။ အဲဒီပွဲကလည်း စင်ကာပူမှာ သွားဆိုတာ။ အမှတ်တရပါပဲ” လို့ အမှတ်တရဆိုပါတယ်။

လူငယ်ဘဝဖြတ်သန်းမှုမှာ အမှားတချို့ရှိခဲ့ပေမယ့် မူးယစ်ဆေးနဲ့ပတ်သက်လို့တော့ လုပ်ခဲ့တာမရှိဘူးလို့လည်း Ah - Boy ကဆိုပါတယ်။

“ကျွန်တော်ခံယူထားတာက ဘာပဲလုပ်လုပ် ကိုယ်ကြိုက်လို့ ကိုယ်လုပ်တာ။ အပေါင်းအသင်းနဲ့ မဆိုင်ဘူးပေါ့။ ကျွန်တော်က မစားရရင်နေပါစေ။ အအိပ်ကြီးတယ်။ မအိပ်ရရင် နေမကောင်းဖြစ်ပြီ။ မအိပ်တဲ့ မူးယစ်ဆေးဆိုတာမျိုးက လုံးဝမအပ်စပ်ဘူး။ ကျွန်တော့်ရဲ့ အားနည်းချက်က အားသာချက်တစ်ခု ဖြစ်သွားတာပေါ့” လို့ Ah - Boy က ဆိုပါတယ်။

“ကျွန်တော်က သားကြီးဖြစ်တယ်။ ကျွန်တော် ၁၆ နှစ်လောက်မှာ အနုပညာအလုပ်တွေ စလုပ်ရာကနေ ၃၀ လောက်အထိက ကျွန်တော့်အဖေနဲ့ အမေက ကျွန်တော့်ဒဏ်ကို တော်တော်ခံရတာ။ မူးယစ်ဆေးဝါး မစွဲဘူးဆိုပေမယ့် ကျွန်တော်ဆိုးတာက တစ်မျိုးပေါ့။ ကျွန်တော့်အဖေက စီးပွားရေးလုပ်ငန်းရှင်စစ်စစ်။ အဖေက အသက်လည်းကြီးပြီ။ ကျွန်တော်က တာဝန်ယူရမယ့် အရွယ်လည်းရောက်ပြီဆိုတော့ အဖေ့အလုပ်တွေကို လုပ်တယ်။ အဖေလည်း အခုဆိုရင် ယုံကြည်လာတယ်။ အခုဆို ကိုယ့်ဘာသာလည်း ဂုဏ်ယူတယ်။ အလုပ်ကသင်ပေးတဲ့ အတွေ့အကြုံတွေလည်း အများကြီးရတယ်။ ရှုပ်တာတွေဘာ တွေလုပ်ဖို့ နေနေသာသာ အလုပ်တွေနဲ့တင် ပိနေတာပေါ့” လို့ Ah - Boy က ပွင့်ပွင့်လင်းလင်း ဆိုပါတယ်။

တေးသံရှင် Ah - Boy က လုပ်ခဲ့ပြီးတာတွေကို နောင်တရတဲ့အထဲမှာ မပါပေမယ့် ဖြစ်ပြီးခဲ့တဲ့ အမှားကို နောက်တစ်ကြိမ် ထပ်မမှားအောင် သင်ခန်းစာယူတယ်လို့ဆိုပါတယ်။ အရင်ကမှားခဲ့တာတွေကို နောက်ပိုင်းထပ်မဖြစ်အောင် ကြိုးစားခဲ့သလို အတွေ့အကြုံက သင်ပေးပါတယ်လို့လည်း Ah - Boy က သူ့ခံယူချက်နဲ့ ပတ်သက်လို့လည်း ဆိုပါတယ်။ ပရိသတ် တွေကိုတော့ အခုချိန်ထိ အားပေးပြီး အသိအမှတ်ပြုပေးခဲ့တဲ့အတွက် ကျေးဇူးတင်သလို သီချင်းလေးတွေကိုလည်း တတ်စွမ်းသလောက် ဖန်တီးပြီး တင်သွားဖို့တွေလည်း ရှိပါတယ်လို့ဆိုပါတယ်။ လူငယ်ဘဝရဲ့ အမှားတချို့ကို သင်ခန်းစာယူပြီး မိသားစုဘဝအတွက် အကောင်းဆုံးဖြတ်သန်းနေတဲ့ Ah - Boy ရဲ့ ငယ်ဘဝ အမှတ်တရတွေက ဖတ်ရှုခဲ့ကြသူတွေအတွက် အမှတ်တရ ဖြစ်စေမယ်လို့ ယုံကြည်ပါတယ်။