ရခိုင်ပြည်နယ်အတွင်း မြို့နယ် ရှစ်ခုတွင် အင်တာနက်လိုင်းများ အမြန်ဆုံး ပြန်လည်ရရှိရေး ရခိုင်ပြည်နယ် လွှတ်တော်တွင် အရေးကြီးအဆို တင်သွင်း

ရခိုင်ပြည်နယ်အတွင်း မြို့နယ် ရှစ်ခုတွင် အင်တာနက်လိုင်းများ အမြန်ဆုံး ပြန်လည်ရရှိရေး ရခိုင်ပြည်နယ် လွှတ်တော်တွင် အရေးကြီးအဆို တင်သွင်း
Published 25 June 2019
  သန်းလှိုင်

ရခိုင်ပြည်နယ်အတွင်း မြို့နယ် ရှစ်ခုတွင် အင်တာနက်လိုင်းများ အမြန်ဆုံး ပြန်လည်ရရှိရေး ပြည်နယ်အစိုးရ မှတစ်ဆင့် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း အရေးကြီးအဆို တင်သွင်းခဲ့ပြီး ရခိုင်ပြည်နယ် လွှတ်တော်အတွင်း ဆက်လက်ဆွေးနွေးရန် အတည်ပြုခဲ့ကြောင်း သိရသည်။

ယင်းအဆိုအား မင်းပြားမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မှ ဦးလှသိန်းအောင်က တင်ပြခဲ့ခြင်းဖြစ်ကာ ထိုသို့ အဆိုတင်သွင်းရာတွင် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ၊ အကြမ်းဖက်ခံရမှုများကို အားပေး အားမြှောက်ရာ ရောက်ကြောင်း၊ ပြည်သူအခြေပြု ဒီမိုကရေစီစနစ်ကို အပြည့်အဝရရှိရန် ဖော်ဆောင်နေချိန်တွင် အစိုးရအနေဖြင့် သတင်းမီဒီယာ လွတ်လပ်ခွင့် အပြည့်အဝရရှိစေရန် ဆောင်ရွက်ပေးရမည် ဖြစ်သော်လည်း ပြည်သူများ ဒုက္ခရောက်ရှိနေသော မြို့နယ်များကို အင်တာနက်လိုင်း ဖြတ်တောက်ခြင်းသည် စစ်မက်ဖြစ်ပွားရာ ဒေသခံ ပြည်သူများအား ဒုက္ခတွင်းနက်သို့ ကျရောက်စေရန် တွန်းပို့ခြင်း ဖြစ်ကြောင်း၊ ဧပြီ ၁၈ ရက်က ကျင်းပသော ပြည်နယ် လွှတ်တော်အတွင်း သက်ဆိုင်ရာက ထုတ်ပြန်သည့် သတင်းများသည် လက်တွေ့ မြေပြင် အခြေအနေများနှင့် ကွာခြားခြင်းကြောင့် သတင်းမှန်များရရှိ ထုတ်ပြန်ပေးရေးအတွက် မီဒီယာများအား သတင်းမှန် ရယူနိုင်ရန် ကူညီဆောင်ရွက်ပေးရေး တိုက်တွန်းကြောင်း အဆိုကိုလည်း ရခိုင်ပြည်နယ် လွှတ်တော်တွင် အတည်ပြုခဲ့ပြီး ဖြစ်ကြောင်းလည်း တင်ပြခဲ့သည်။

ယင်းနှင့် ပတ်သက်ပြီး မင်းပြားမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင်က “ကျွန်တော် ပြောချင်တာက ဧပြီ ၁၈ ရက်ကလည်း သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး လွှတ်တော်မှာ အတည်ပြုခဲ့တာ ရှိတယ်။ အခုတစ်ခါ အင်တာနက် ပိတ်လိုက်တော့ တည်ငြိမ်အေးချမ်းရေးကို ဖြစ်စေတယ်လို့ သူတို့ထင်သလားတော့ မသိဘူး၊ ဒီကိစ္စဟာ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေတယ်လို့ မြင်တယ်။ နောက်ပြီး ဆိုရှယ်မီဒီယာ လွတ်လပ်ခွင့်ရနေတဲ့ အချိန်မှာတောင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတာကို မြင်တွေ့နေရတော့ အခုလို အင်တာနက် ပိတ်လိုက်ရင် လူ့အခွင့်အရေး ချိုးဖောက်မှု ပိုမိုဖြစ်လာနိုင်တယ်လို့ မြင်ပါတယ်။ ဒါကြောင့် အခုလို ဒီအဆိုကို တင်သွင်းရတာ ဖြစ်ပါတယ်”ဟုပြောကြားသည်။

ထို့ပြင် အင်တာနက်လိုင်း ဖြတ်တောက်ခြင်းဖြင့် ဖြတ်တောက်သူများနှင့် ဖြတ်တောက်ခံရသူ နှစ်ဖက်စလုံး နစ်နာကြောင်း၊ လက်ရှိတွင် ပြည်သူများ လွန်စွာ စိုးရိမ်မှု ဖြစ်ပေါ်နေကြောင်း၊ ဆက်သွယ်ရေး လုပ်ငန်းသည် နိုင်ငံ၏ စီးပွားရေး၊ နိုင်ငံရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းရေးတို့အတွက် လွန်စွာ အရေးကြီးကြောင်း၊ တည်ငြိမ်အေးချမ်းရေးအတွက် ဖြတ်တောက်ခြင်း မပြုသင့်ကြောင်း၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၇၇ အရ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနသည် ဝန်ဆောင်မှု ပေးနေသည့် ကုမ္ပဏီများကို အစိုးရ၏ သဘောတူညီချက်ဖြင့် ယာယီ ရပ်ဆိုင်းရန် ညွှန်ကြားနိုင်ကြောင်း ပြဋ္ဌာန်းထားရှိသည်ကို သိရှိသော်လည်း လုပ်သင့် မလုပ်သင့် ဆင်ခြင် သုံးသပ်သင့်ကြောင်း၊ ဒီမိုကရေစီအစိုးရ တစ်ရပ် အနေဖြင့် ယခုကဲ့သို့ မလုပ်သင့်ကြောင်းများကိုလည်း မင်းပြားမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင်က လွှတ်တော်တွင် တင်ပြခဲ့ကြောင်း သိရသည်။                    

 

Most Read

Most Recent