ရှမ်းပြည်နယ် လွှတ်တော် သုံးနှစ်တာ ကာလအတွင်း ဥပဒေကြမ်း တစ်ခုမျှ အတည်မပြုနိုင်သဖြင့် အားထုတ် ဆောင်ရွက်ရန် လွှတ်တော်ဥက္ကဋ္ဌ ပြောကြား

ရှမ်းပြည်နယ် လွှတ်တော် သုံးနှစ်တာ ကာလအတွင်း ဥပဒေကြမ်း တစ်ခုမျှ အတည်မပြုနိုင်သဖြင့် အားထုတ် ဆောင်ရွက်ရန် လွှတ်တော်ဥက္ကဋ္ဌ ပြောကြား
Published 14 June 2019
စည်သာ (တောင်ကြီး)

ဒုတိယအကြိမ် ရှမ်းပြည်နယ် လွှတ်တော် ၁၅ ကြိမ်မြောက် ပုံမှန် အစည်းအဝေး လေးရက်တာ ကာလတွင် မေးခွန်းပေါင်း ၆၁ ခုနှင့် ဥပဒေမူကြမ်း တစ်ခုတို့ကို ဆွေးနွေးနိုင်ခဲ့ပြီး လွှတ်တော် သုံးနှစ်တာ ကာလအတွင်း ဥပဒေကြမ်း တစ်ခုမျှ အတည်မပြုနိုင်ခဲ့သဖြင့် အားထုတ် ဆောင်ရွက်ရန် လွှတ်တော် ဥက္ကဋ္ဌက ပြောကြားခဲ့ကြောင်း သိရသည်။

ဒုတိယအကြိမ် ရှမ်းပြည်နယ် လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ဇွန် ၁၀ ရက်မှ ၁၃ ရက်အထိ လေးရက်တာ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ လွှတ်တော် လေးရက်တာ ကာလတွင် ကြယ်ပွင့်ပြ မေးခွန်းပေါင်း ၆၁ ခု မေးမြန်းနိုင်ခဲ့ပြီး သက်ဆိုင်ရာ ပြည်နယ်အဖွဲ့များက ပြန်လည် ဖြေကြားခဲ့ကြောင်း၊ ရှမ်းပြည်နယ်၏ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို အတည်ပြုနိုင်ခဲ့ပြီး ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးတို့ စုပေါင်း ရေးဆွဲထားသော ရှမ်းပြည်နယ် အခြေခံပညာရေးကျောင်းများ ဘေးကင်း စိတ်ချရသော အစားအသောက် ဥပဒေမူကြမ်းကို တင်သွင်းခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရှမ်းပြည်နယ် တရားလွှတ်တော်၏ ၂၀၁၈ ခုနှစ်အတွင်း လုပ်ငန်း ဆောင်ရွက်ချက် အစီရင်ခံစာကိုလည်း လွှတ်တော်သို့ ဖတ်ကြားရှင်းလင်းပြီး မှတ်တမ်း တင်နိုင်ခဲ့ကြောင်း၊ ထို့ပြင် ရေးရာကော်မတီ သုံးဦးကိုလည်း ထပ်တိုး ဖွဲ့စည်းနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် လွှတ်တော် သက်တမ်း သုံးနှစ်ကျော် ကာလတွင် လွှတ်တော် ကိုယ်စားလှယ်များ တင်သွင်းခဲ့သည့် ဥပဒေကြမ်းများသည် လွှတ်တော်တွင် တစ်ခုမျှ ဆွေးနွေး အတည်ပြုခြင်း မဆောင်ရွက်နိုင်သေးကြောင်း၊ ဥပဒေကြမ်း အသီးသီးနှင့် သက်ဆိုင်သော ပြည်နယ် အဖွဲ့အစည်းဝင်များနှင့် ဥပဒေပြုရေးဆိုင်ရာ ကော်မတီများက အားထည့်ပြီး ဆောင်ရွက်ပေးရန် တိုက်တွန်း ပြောကြားလိုပါကြောင်း ရှမ်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်က ပြောကြားခဲ့သည်။

Most Read

Most Recent