နိုင်ငံခြားကုမ္ပဏီများကို ဆန်၊ ဆန်ကွဲ၊ အသား၊ ငါး၊ ကောက်ပဲသီးနှံအပါအဝင် ကုန်ပစ္စည်းအုပ်စုခုနစ်မျိုးကို ပြည်တွင်းထုတ်လုပ်သူထံမှတစ်ဆင့် ဝယ်ယူ၍ ပြည်ပတင်ပို့ခွင့်ပြု

နိုင်ငံခြားကုမ္ပဏီများကို ဆန်၊ ဆန်ကွဲ၊ အသား၊ ငါး၊ ကောက်ပဲသီးနှံအပါအဝင် ကုန်ပစ္စည်းအုပ်စုခုနစ်မျိုးကို ပြည်တွင်းထုတ်လုပ်သူထံမှတစ်ဆင့် ဝယ်ယူ၍ ပြည်ပတင်ပို့ခွင့်ပြု
Published 12 June 2019
နီလာ

နိုင်ငံခြားကုမ္ပဏီများကို ပြည်တွင်း၌ ထုတ်လုပ်သော အသား၊ ငါး၊ တစ်ဆင့်မြင့် ပြုပြင်ထုတ်လုပ်ထားသည့် ကောက်ပဲသီးနှံများ စသည့် ကုန်ပစ္စည်းအုပ်စုခုနစ်မျိုးကို ထုတ်လုပ်သူထံမှတစ်ဆင့် ဝယ်ယူ၍ ပြည်ပတင်ပို့ခွင့်ပြုကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ အမှတ်(၂၄/၂၀၁၉)ဖြင့် ထုတ်ပြန်လိုက်သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာအနေဖြင့် ပြည်တွင်းအရည်အသွေးမြင့် ထုတ်ကုန်များကို ပြည်ပစျေးကွက်သို့ ချဲ့ထွင်တင်ပို့ခြင်းအားဖြင့် ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ရန်အတွက်လည်းကောင်း၊  ပြည်ပစျေးကွက် ပိုမိုရရှိရန်အတွက်လည်းကောင်း၊ ထုတ်လုပ်သူများ၏ ရောင်းစျေး ပိုမိုရရှိစေရန်အတွက်လည်းကောင်း၊ နိုင်ငံခြားကုမ္ပဏီများ၊ နိုင်ငံခြားဖက်စပ်ကုမ္ပဏီများကို ကုန်ပစ္စည်းအုပ်စု ခုနစ်မျိုးသတ်မှတ်၍ အမိန့်ကြော်ငြာစာထုတ်ပြန်သည့် ဇွန် ၆ ရက် မှစ၍ သတ်မှတ်လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်လုပ်သူများထံမှ တစ်ဆင့်ဝယ်ယူ၍ ပြည်ပသို့ တင်ပို့ခွင့်ပြုလိုက်ကြောင်းသိရသည်။

အသား၊ ငါး၊ တစ်ဆင့်မြင့် ပြုပြင်ထုတ်လုပ်ထားသော ကောက်ပဲသီးနှံများ၊ ပျော့ဖတ်နှင့် စက္ကူအမျိုးမျိုး၊ မျိုးစေ့၊ သန့်စင်ထားသည့်သတ္တုရိုင်းများ၊ သစ်သီးဝလံကုန်ကြမ်းတို့မှ အဆင့်မြင့်ထုတ်လုပ်ထားသော တစ်ဝက်တစ်ပျက်ကုန်ချော(သို့မဟုတ်) ကုန်ချောပစ္စည်းများနှင့် သစ်အခြေခံပရိဘောဂပစ္စည်းများ ပါဝင်သည်။

နိုင်ငံခြားကုမ္ပဏီများ၊ နိုင်ငံခြားဖက်စပ်ကုမ္ပဏီများအနေဖြင့် အထက်ပါအဆင့်မြင့် ကုန်ပစ္စည်းအုပ်စုခုနစ်မျိုးကို ပြည်ပသို့ တင်ပို့ရာတွင် အောက်ပါသတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်သည်။

၎င်းတို့မှာ အသား၊ ငါးတင်ပို့ခွင့်ပြုရာတွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာန၏ ထောက်ခံချက်ဖြင့် ပို့ကုန်လိုင်စင်ခွင့်ပြုမည်ဖြစ်သည်။ တစ်ဆင့်မြှင့် ပြုပြင်ထုတ်လုပ်ထားသော ကောက်ပဲသီးနှံများတွင် ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းတို့အား အမှုန့်အဖြစ်သော်လည်းကောင်း၊ အသင့်စားသုံးနိုင်သည်အထိ တစ်ဆင့်မြှင့် ပြုပြင်ထုတ်၍လည်းကောင်း၊ သန့်စင်အခွံချွတ်ပြီး အဆင့်မြင့်ထုပ်ပိုး၍လည်းကောင်း၊ ပြုပြင်ထားသော ကောက်ပဲသီးနှံများကိုသာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်အပါအဝင် သက်ဆိုင်သည့်ဌာနများ၏ သတ်မှတ်ချက်များနှင့်အညီ ပို့ကုန်လိုင်စင်ခွင့်ပြုမည်ဟု သိရသည်။

ဆန်နှင့် ဆန်ကွဲတင်ပို့ခြင်းလုပ်ငန်းဆောင်ရွက်မည်ဆိုပါက ပြည်ပမှ ပြည်တွင်းဘဏ်တစ်ခုခုသို့ ကနဦးရင်းနှီးမြှုပ်နှံမှုထည့် ဝင်ငွေအနည်းဆုံး ကန်ဒေါ်လာသုံးသန်း လွှဲပြောင်းပြီးကြောင်း အထောက်အထား၊ လုံလောက်သော သိုလှောင်ရုံရှိကြောင်းအထောက်အထား တင်ပြရန်နှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ အသင်းဝင်ဖြစ်ရန် ဖြစ်သည်။

ပျော့ဖတ်နှင့် စက္ကူအမျိုးမျိုးတွင် ပို့ကုန် လိုင်စင်လျှောက်ထားရန်မလိုသော ပစ္စည်းအဖြစ် သတ်မှတ်ထားသော်လည်း အခြားသော သတ်မှတ်လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ပို့ခြင်းကို ဆောင်ရွက်ရန်ဖြစ်သည်။

 

Most Read

Most Recent