သီလဝါဆိပ်ကမ်းရှိ အထွေထွေကုန်စည်နှင့် ကောက်ပဲသီးနှံတင်ချဆိပ်ခံတံတား Wilmar Jetty ၌ တည်ဆောက်နေသည့် တစ်နေ့လျှင် တန် ၅၃၀ ကျ ဂျုံစက်ရုံနှင့် သိုလှောင်ကန်တည်ဆောက်မှု ယခုလအတွင်း ပြီးစီးမည်

သီလဝါဆိပ်ကမ်းရှိ အထွေထွေကုန်စည်နှင့် ကောက်ပဲသီးနှံတင်ချဆိပ်ခံတံတား Wilmar Jetty ၌ တည်ဆောက်နေသည့် တစ်နေ့လျှင် တန် ၅၃၀ ကျ ဂျုံစက်ရုံနှင့် သိုလှောင်ကန်တည်ဆောက်မှု ယခုလအတွင်း ပြီးစီးမည်
သီလဝါဆိပ်ကမ်းရှိ အထွေထွေကုန်စည်နှင့် ကောက်ပဲသီးနှံ တင်ချဆိပ်ခံတံတား Wilmar Jetty ရှိ စားအုန်းဆီ သိုလှောင်စက်ရုံအတွင်းပိုင်းအား တွေ့ရစဉ်
သီလဝါဆိပ်ကမ်းရှိ အထွေထွေကုန်စည်နှင့် ကောက်ပဲသီးနှံ တင်ချဆိပ်ခံတံတား Wilmar Jetty ရှိ စားအုန်းဆီ သိုလှောင်စက်ရုံအတွင်းပိုင်းအား တွေ့ရစဉ်
Published 12 June 2019
ရွှန်းလဲ့ဝင်း

သီလဝါဆိပ်ကမ်းရှိ အထွေထွေကုန်စည်နှင့် ကောက်ပဲသီးနှံတင်ချဆိပ်ခံတံတား Wilmar Jetty ၌ တည်ဆောက်နေသည့် တစ်နေ့လျှင် တန် ၃၅၀ ကျ ဂျုံစက်ရုံနှင့် သိုလှောင်ကန်တည်ဆောက်မှု ယခုလအတွင်း ပြီးစီးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် စင်ကာပူနိုင်ငံအခြေစိုက် Wilmar Co. Ltd တို့အကြား BOT စနစ်ဖြင့် ဆောင်ရွက်နေသည့် သီလဝါဆိပ်ကမ်းဒေသရှိ Wilmar Jetty ၌ အထွေထွေကုန်စည်တင် သင်္ဘောများပါ ဆိုက်ကပ်၍ ဆိပ်ကမ်းလုပ်ငန်းများ လက်ခံဆောင်ရွက်နေပြီဖြစ်သည်။

သီလဝါဆိပ်ကမ်းတွင် နိုင်ငံတကာအဆင့်မီ အထွေထွေကုန်စည် ကောက်ပဲသီးနှံ တင်ချ ဆိပ်ခံတံတားနှင့် ကုန်သေတ္တာတင် သင်္ဘောများ ဆိုက်ကပ်နိုင်မည့် ဆိပ်ကမ်းဖြစ်သည့် Wilmar Jetty အား ၂၀၁၈ ခုနှစ် မတ် ၂၅ ရက်တွင် ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။

“Wilmar Jetty က ကုမ္ပဏီက ရည်ရွယ်တာကတော့ စိုက်ပျိုးရေးထုတ်ကုန် သင်္ဘောတွေ၊ စားအုန်းဆီ တင်သွင်းတဲ့ သင်္ဘောတွေနဲ့ အခြားသင်္ဘောတွေ ဆိုက်ကပ်နိုင်ဖို့ပါ။ အခု လက်ရှိမှာတော့ အထွေထွေကုန်စည်တင် သင်္ဘောတွေပါဆိုက်ကပ်ပြီး ဆိပ်ကမ်းလုပ်ငန်းတွေ လက်ခံဆောင်ရွက်နေပါတယ်။ အခုဆို GC သင်္ဘောအစင်းရေ ၂၀ လောက် ဆိုက်ကပ်ပြီးပါပြီ။ အခု Jetty မှာ တည်ဆောက်နေတဲ့ ဂျုံစက်ရုံနဲ့ သိုလှောင်ကန်ကလည်း ဒီဇွန်လထဲမှာပြီးစီးမှာဖြစ်ပါတယ်” ဟု Wilmar Jetty မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Wilmar Jetty သည် ပထမအဆင့် ဆိပ်ကမ်းတည်ဆောက်မှုပြီးစီး၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဆိပ်ကမ်းစီမံကိန်းတစ်ခုလုံးအား ၂၀၂၂ ခုနှစ်တွင် အပြီးသတ်တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

သီလဝါဆိပ်ကမ်းဒေသရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မြေကွက်များတွင် နိုင်ငံတကာအဆင့်မီ အထွေထွေကုန်စည် ကောက်ပဲသီးနှံ တင်ချဆိပ်ခံတံတားနှင့် ဆိပ်ကမ်းဆိုင်ရာ အဆောက်အအုံ တည်ဆောက်ရန် Wilmar Myanmar Port Terminals (Thilawa) မှ ငှားရမ်းလုပ်ကိုင်ခွင့် ရရှိခဲ့ခြင်းဖြစ်ပြီး စီမံကိန်းအကောင်အထည်ဖော်နိုင်ရန်အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ခွင့်ပြုချက်အား ရရှိလုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လုပ်ငန်းများကို ၂၀၁၂ ခုနှစ်တွင် စာချုပ်လက်မှတ်ရေးထိုးပြီး ၂၀၁၆ ခုနှစ် မတ်လတွင်စတင်ကာ သီလဝါဧရိယာ ဆိပ်ကမ်းမြေကွက်အမှတ် ၂၀ နှင့် ၂၁ တွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ ရင်းနှီးမြုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ  ၇၉ သန်း ရင်းနှီးမြုပ်နှံသွားမည်ဟု သိရသည်။

Wilmar Jetty သည် စုစုပေါင်း အလျား ၂၃၄ မီတာ၊ အကျယ် ၂၅ မီတာရှိပြီး ထပ်မံ၍ ဆိပ်ခံတံတားအရှည် မီတာ ၃၉၀ အထိ တည် ဆောက်သွားမည်ဖြစ်ကာ ရေအနက် ၁၃ မီတာရှိကြောင်း သိရသည်။ သင်္ဘောအရွယ် ၄၉၀၀၀ DWT ရှိ သင်္ဘောကြီးများ ဆိုက်ကပ်နိုင်သည်အထိ ဆောက်လုပ်သွားမည်ဟု သိရသည်။

လက်ရှိ သီလဝါဆိပ်ကမ်းဒေသတွင် အထွေထွေကုန်စည်နှင့် ကုန်သေတ္တာတင်သင်္ဘောများ ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းများအနေဖြင့် MITT ဆိပ်ကမ်းနှင့် Wilmar ဆိပ်ကမ်းတို့ရှိပြီး ယခုဖွင့်လှစ်သည့် Wilmar Jetty သည် တတိယမြောက်ဆိပ်ကမ်းဖြစ်လာမည်ဖြစ်သည်။ Wilmar Jetty တွင် ဆိပ်ခံတံတားအပြင် စားအုန်းဆီသိုလှောင်ထုတ်လုပ်သည့် စက်ရုံများ၊ သကြားစက်၊ ဓာတ်မြေသြဇာစက်ရုံ၊ ဆန်စက်များ၊ ဆီအုံးထုတ်လုပ်သည့် စက်ရုံများအပြင် အခြားကုန်ပစ္စည်းသိုလှောင်ရုံများပါ တည်ဆောက်နေကြောင်း သတင်းရရှိသည်။                        

 

Most Read

Most Recent