၂၀၂၁ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို မြန်မာနှင့် ထိုင်း ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရန် FIFA ထံ လျှောက်ထား

၂၀၂၁ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို မြန်မာနှင့် ထိုင်း ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရန် FIFA ထံ လျှောက်ထား
Photos: Myat Htut Win
Photos: Myat Htut Win
Published 24 May 2019

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် ၂၀၂၁ ခုနှစ်တွင် ကျင်းပမည့် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို ထိုင်းနှင့် ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရန် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (FIFA) ထံ လျှောက်ထားခဲ့ကြောင်း သိရသည်။ 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် ၂၀၂၁ ခုနှစ်တွင် ကျင်းပမည့် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို ထိုင်းနှင့် ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရန် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (FIFA) ထံ လျှောက်ထားခဲ့ကြောင်း သိရသည်။ 

    

FIFA သည် ယင်းပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပလိုသည့် နိုင်ငံများအား မေ (၂၁) ရက်နောက်ဆုံးထား၍ လျှောက်ထားရန် သတ်မှတ်ခဲ့ရာ MFF အနေဖြင့် ထိုင်းဘောလုံးအဖွဲ့ချုပ် (FAT)နှင့် ပူးပေါင်းကာ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရန် တင်ပြ ခဲ့ခြင်းဖြစ်သည်။ 

၂၀၂၁ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရန် တောင်အမေရိကနိုင်ငံများနှင့် အာရှနိုင်ငံများက လျှောက်ထားပြီး ဘရာဇီးလ်၊ အင်ဒိုနီးရှားနှင့် ပီရူးနိုင်ငံတို့က တစ်နိုင်ငံတည်းသီးသန့်ကျင်းပခွင့်ရရန် တင်ပြထားကာ မြန်မာနှင့် ထိုင်း၊ ဆော်ဒီအာရေဗျ၊ ယူအေအီးနှင့် ဘာရိန်းနိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရန် FIFA ထံ လျှောက်ထားခြင်းဖြစ်သည်။ 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကလည်း ၂၀၂၁ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲအား ထိုင်းနိုင်ငံနှင့် ပူးတွဲအိမ်ရှင်အဖြစ် လျှောက်ထားကြောင်း အတည်ပြုခဲ့ပြီး လိုအပ်သည့်ပြင်ဆင်မှုများ စတင်ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။ 

    

မြန်မာ ယူ-၂၀ အသင်းသည် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ၂၀၁၅ ပြိုင်ပွဲတစ်ကြိမ်သာ ဝင်ရောက်ယှဉ်ပြိုင်ဖူးပြီး ခြောက်နှစ်အကြာတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ 

ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၁၉၇၇ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး အရှေ့တောင်အာရှနိုင်ငံများအနက် မလေးရှားနိုင်ငံက ၁၉၉၇ ခုနှစ်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ကာ ၂၀၂၁ ခုနှစ်တွင် အရှေ့တောင်အာရှ၌ ပြန်လည်ကျင်းပခွင့်ရရန် မြန်မာနှင့် ထိုင်း (ပူးတွဲ)၊ အင်ဒိုနီးရှား နိုင်ငံတို့က ကြိုးပမ်းနေခြင်းဖြစ်သည်။ 

မြန်မာအသင်းသည် နယူးဇီလန်နိုင်ငံ၌ ကျင်းပသည့် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အမေရိကန်၊ ယူကရိန်း၊ အိမ်ရှင်နယူးဇီလန်တို့နှင့် တစ်အုပ်စုတည်း ကျရောက်ခဲ့ပြီး သုံးပွဲစလုံးရှုံးကာ အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။ 

မြန်မာအသင်းသည် အမေရိကန်အသင်းကို (၁-၂) ဂိုး၊ ယူကရိန်းအသင်းကို (ဝ-၆) ဂိုး၊ နယူးဇီလန်အသင်းကို (၁-၅) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး အမေရိကန်နှင့်ပွဲတွင် တောင်ပံကစားသမား ရန်နိုင်ဦး သွင်းယူသည့်ဂိုးမှာ ၂၀၁၅ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ အဖွင့်ဂိုးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။