NCA-S EAO ထိပ်သီးအစည်းအဝေးပွဲက တစ်ဆို့နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အဖြေရှာ နိုင်ခဲ့သလား

NCA-S EAO ထိပ်သီးအစည်းအဝေးပွဲက တစ်ဆို့နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အဖြေရှာ နိုင်ခဲ့သလား
NCA-S EAO ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို တွေ့ရစဉ်
NCA-S EAO ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို တွေ့ရစဉ်
Published 20 May 2019
မင်းနိုင်စိုး

“အားလုံး တစ်သားတည်းကျတဲ့အမြင်နဲ့ သုံးသပ်ချက် မဟုတ်ရင်တောင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ တိမ်းစောင်းနေပြီလို့ ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းအချို့က သုံးသပ်ထားပါတယ်” ဟု KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောကြားသည်။

NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်တွင် မေ ၁၄ ရက်မှ ၁၈ ရက်အထိ ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေး၏ ဒုတိယနေ့တွင် အစည်းအဝေး သဘာပတိဖြစ်သူ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက အထက်ပါ စကားကို ပြောကြား၍ တပ်လှန့်လိုက်ခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ် ဇူလိုင်လတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ  -၂၁ ရာစုပင်လုံ တတိယအစည်းအဝေးနှင့် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၅ ရက်နှင့် ၁၆ ရက်တွင် အစိုးရ၊ တပ်မတော်နှင့် NCA-S EAO ထိပ် သီးခေါင်းဆောင်များ အစည်းအဝေးကို နေပြည်တော်တွင် ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေး နှစ်ခုတွင်သာ အစိုးရ၊ တပ်မတော်နှင့် NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များ တွေ့ဆုံဆွေးနွေးနိုင်ခဲ့သည်။

ယင်းအစည်းအဝေး နှစ်ခုအပြီး ၂၀၁၈  ခုနှစ် လက်ကျန်ကာလများနှင့် ၂၀၁၉ ခုနှစ် ယခုအချိန်အထိသော ကာလများအထိ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ လုပ်ငန်းစဉ်ဆိုင်ရာ တရားဝင် အစည်းအဝေးများ ကျင်းပနိုင်ခြင်း မရှိတော့ပေ။

အထူးသဖြင့် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၅ ရက်၊ ၁၆ ရက် တွင် နေပြည်တော်၌ အစိုးရ၊ တပ်မတော်နှင့် NCA-S EAO တို့၏ သီးသန့်ခေါင်းဆောင်များ အစည်းအဝေး ကျင်းပခဲ့ပြီး အဆိုပါ အစည်းအဝေးအတွင်း ဆွေးနွေးမှုများက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို တစ်ဆို့မှုများ ဖြစ်ပေါ်စေခဲ့သည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ လိုလားသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အစိုးရနှင့် တပ်မတော်ဘက်က ခွဲမထွက်ရေးနှင့် ချိတ်ဆက်၍ အလဲအလှယ် ပြုလုပ်လိုမှု၊ တစ်ခုတည်းသော တပ်မတော် ထားရှိရေးတို့ကို နေပြည်တော် ထိပ်သီးအစည်းအဝေးတွင် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ အစည်းအဝေးအပြီးတွင် KNU ၏ ဗဟိုအမြဲတမ်းကော်မတီ အစည်းအဝေးကို နိုဝင်ဘာ ၆ ရက်မှ ၁၀ ရက်အထိ KNU ဗဟိုဌာနချုပ် တည်ရှိရာ လော်ခီးလာတွင် ပြုလုပ်ခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ တရားဝင် အစည်းအဝေးများ တက်ရောက်ခြင်းမှ ယာယီရပ်ဆိုင်းရန် KNU ၏ ဗဟိုအမြဲတမ်း ကော်မတီ အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်။

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းညှိနှိုင်း ဆောင်ရွက်ချိန်တွင် အစိုးရနှင့် တပ်မတော်ဘက် NCA စာချုပ်တွင် မပါဝင်သော ခွဲမထွက်ရေးနှင့် တစ်ခုတည်းသော တပ်မတော်ကိစ္စရပ်များကို ဆွေးနွေးရန် တင်သွင်းလာပြီး ယင်းကြို တင်သတ်မှတ်ချက်များကို လက်ခံပြီးမှသာလျှင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် သဘောတူထားသော အကြောင်းအရာများကို ဆက်လက်ဆွေးနွေးမည်ဟု အစိုးရနှင့် တပ်မတော်၏ သဘောထားကို KNU ၏ ဗဟိုအမြဲတမ်းကော်မတီ အစည်းအဝေး ထုတ်ပြန်ချက်က ဖော်ပြခဲ့သည်။

KNU သည် NCA စာချုပ်ပါအတိုင်း တစ်ခုတည်းသော အဓိပ္ပာယ် ဖွင့်ဆိုချက်ဖြင့် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကို နိုင်ငံရေး ဆွေးနွေးပွဲ ရလဒ်များနှင့်အညီ တည်ဆောက်သွားမည်ဟု ၂၀၁၈ ခုနှစ် အောက်တိုဘာလအတွင်း ပြုလုပ်ခဲ့သော KNU ဗဟိုအမြဲတမ်းကော်မတီ အစည်းအဝေးက ဆုံးဖြတ်သည်။

ထိုသို့လုပ်ဆောင်ရာတွင် အဖွဲ့အစည်း၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖော်ဆောင်မှုတွင် အဓိပ္ပာယ်ပြည့်ဝစွာ ပါဝင်မှုဖြစ်ရန်နှင့် တစ်ဖွဲ့လုံးပါဝင်ရေး လုံလောက်သည့် ကာလတစ်ခုကိုရယူရန် လိုအပ်သည်ဟုဆိုကာ KNU ဗဟိုအမြဲတမ်း ကော်မတီအစည်းအဝေးက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ တရားဝင် အစည်းအဝေးများ ပါဝင်တက်ရောက်ခြင်းမှ ယာယီရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သည်။

ထိုသို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ တရားဝင် အစည်းအဝေးများ ပါဝင်တက်ရောက်ခြင်းမှ ယာယီရပ်ဆိုင်းကြောင်း KNU ဆုံးဖြတ်ပြီး မရှေးမနှောင်းတွင်ပင် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) ကလည်း ရှမ်းပြည်နယ် JMC အတွင်း ဆွေးနွေးမှုများသည် တရားမျှတမှု မရှိဟုဆိုကာ အဆိုပါ အစည်းအဝေးများ တက်ရောက်ခြင်းမှ ၎င်းတို့က ယာယီရပ်ဆိုင်းခဲ့သည်။

NCA လက်မှတ်ရေးထိုး ထားကြသော KNU နှင့် RCSS တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပါဝင်ခြင်း ယာယီရပ်ဆိုင်းမှုကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ တရားဝင် အစည်းအဝေးများဖြစ်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC)၊ NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) တို့မှာ ဆက်လက် ဆောင်ရွက်နိုင်ခြင်း မရှိတော့ဘဲ ယနေ့တိုင် ရပ်စဲထားရသည်။

ထို့နောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တစ်ဆို့နေသော အချက်များ ဖြေရှင်းနိုင်ရေးနှင့် NCA အကောင်အထည်ဖော်မှု ချောမွေ့ရေးအတွက် KNU က အစိုးရနှင့် အလွတ်သဘော တွေ့ဆုံမှုများ ပြုလုပ်ခဲ့သည်။

ကြားထဲတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တစ်ဆို့နေမှုများကို အဖြေရှာရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ တရားဝင် အစည်းအဝေးများ ပြန်လည်စတင်နိုင်ရေးအတွက် NCA လက်မှတ်ရေးထိုးထားသော  တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား အစည်းအဝေး ခေါ်ယူရန် ကြန့်ကြာမှုများလည်း ရှိခဲ့သည်။

NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး၊ အစိုးရ၊ တပ်မတော်တို့နှင့် ပူးတွဲအကောင်အထည်ဖော်သော လုပ်ငန်းများတွင်  NCA-S EAO များ အတူတကွပါဝင်ရေး၊ NCA လက်မှတ်မထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ဆက်လက် ညှိနှိုင်းနိုင်ရေးဟူသော ရည်ရွယ်ချက်သုံးခုဖြင့် NCA-S EAO ခေါင်းဆောင်များဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ကို ဖွဲ့စည်းထားသည်။

တစ်ဆို့နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အဖြေရှာဖွေရေးနှင့် PPST အဖွဲ့အား ပြန်လည်ပြင်ဆင် ဖွဲ့စည်းရေးသည် ယခုကျင်းပခဲ့သည့် NCA-S EAO ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး၏ အဓိက ရည်ရွယ်ချက်ဟု ပြောနိုင်သည်။

ငါးရက်ကြာ ပြုလုပ်ခဲ့သည့် PPST အစည်းအဝေးတွင် NCA အကောင်အထည်ဖော်မှု အပါအဝင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ကြုံတွေ့နေရသည့် တစ်ဆို့မှုများ ဖြေရှင်းနိုင်ရေးအတွက် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းစဉ်တစ်ရပ်ကို စနစ်တကျ ရေးဆွဲချမှတ်ပြီး အစိုးရ၊ တပ်မတော် ခေါင်းဆောင်များနှင့် ဆွေးနွေးသဘောတူညီမှု ရယူရန် သဘောတူခဲ့ကြသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် NCA-S EAO များ စွဲကိုင်ထားသည့် မည်သည့်သက်ဆိုင်သူကိုမျှ ချန်လှပ်မထားရေးမူအရ အခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့စည်းအားလုံး ပါဝင်ဆွေးနွေးနိုင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည် ဖော်မှုဆိုင်ရာ စုဖွဲ့မှုတစ်ခု ဖွဲ့စည်းနိုင်ရေးအတွက် အလုပ်အဖွဲ့ တစ်ခုကိုလည်း ဖွဲ့စည်းခဲ့သည်။

NCA-S EAO ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး စတုတ္ထနေ့တွင် KNU အဖွဲ့က PPST မှနုတ်ထွက်ရန် တင်ပြခဲ့ပြီး တစ်ဆက်တည်းတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတိုင်ပင်ခံ အစည်းအဝေး- Peace Process Consuleative Meeting (PPCM) ကို ဖွဲ့စည်းရန် အဆိုပြု တင်ပြခဲ့သည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် ၂၀၂၀ မတိုင်မီနှင့် ၂၀၂၀ အလွန်ကာလ နိုင်ငံရေး ဆွေးနွေးပွဲများ တစ်ဆင့်ပြီး တစ်ဆင့် ဆက်လက်ပြုလုပ်ရန်၊ NCA အကောင်အထည်ဖော်မှုကို ပိုမိုအားကောင်း စေရန်နှင့် ယုံကြည်မှု တည်ဆောက်ခြင်းမှတစ်ဆင့် ငြိမ်းချမ်းရေးဖြစ်စဉ် ဆက်လက် အကောင်အထည် ဖော်နိုင်ရေးအတွက် PPCM စုဖွဲ့ရန် အဆိုပြု တင်သွင်းခြင်း ဖြစ်သည်ဟု KNU ဘက်က ရှင်းလင်းသည်။

KNU ၏ PPCM စုဖွဲ့ရန် အဆိုပြုချက်က NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအတွင်း ညီညွတ်မှုအခြေခံအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။

သို့သော်လည်း အစည်းအဝေး နောက်ဆုံးနေ့တွင် KNU ဘက်က ၎င်းတို့၏ အဆိုပြုချက်ကို ယာယီဆိုင်းငံ့ထားရန် ပြန်လည်တင်ပြခဲ့ပြီး နောက်နှစ်လ အကြာတွင် ပြန်လည် ပြုလုပ်မည့် ယခုအစည်းအဝေး၏ နောက်ဆက်တွဲ ဒုတိယပိုင်း အစည်းအဝေးတွင် ပြန်လည်ဆွေးနွေး ဆုံးဖြတ်မည်ဖြစ်သည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ကြုံတွေ့ရသော တစ်ဆို့မှုများကို ကျော်လွှားနိုင်ရေးနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ စုဖွဲ့မှုအပေါ် ယခုအစည်းအဝေးမှ မူဝါဒချမှတ်ပေးခဲ့ပြီး အဆိုပါမူဝါဒများကို အကောင်အထည်ဖော်ရန် လုပ်ငန်း ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ယခုအစည်း အဝေး၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားသည်။

ထို့ကြောင့် ယခုအစည်းအဝေးက အလုပ်အဖွဲ့နှစ်ခုနှင့် လုပ်ငန်းနှစ်ရပ်ကို တာဝန်ရှိပြီး မူဝါဒများကို အသေးစိတ်ချမှတ်၍ အကောင်အထည်ဖော်ပြီးပါက အစိုးရနှင့်အလွတ် သဘောစတင် တွေ့ဆုံဆွေးနွေး သွားမည်ဟု ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားသည်။

“တစ်ဆင့်ပြီးတစ်ဆင့် ညှိနှိုင်းမှာပေါ့။ အဆင်ပြေတယ် ဆိုရင်တော့ NCA အရသွားနေတဲ့ နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်ပုံစံကို ညှိရမယ့် အနေအထား ရှိတာပေါ့။ သွားနိုင်တဲ့ အခင်းအကျင်း ရောက်အောင်တော့ ကြိုးစားနေတယ်လို့ အဲဒီလိုတော့ နားလည်ပါတယ်။ တကယ်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ကျင်းပရင်လည်း ကောင်းမွန်တဲ့ ရလဒ်လေး ထွက်နိုင်ရေးကို ကျွန်တော်တို့က ဦးတည်ပြီး ကြိုးစားနေပါတယ်။ အဲဒီအခင်းအကျင်း ရောက်ရင်တော့ ကျွန်တော်ထင်တယ်။ ဒါအားလုံးအတွက် အဆင်ပြေတဲ့ အခင်းအကျင်း ဖြစ်တယ်လို့ မြင်ပါတယ်” ဟု ဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားသည်။

“ကျွန်တော်တို့ ၁၀ ဖွဲ့က လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေဖြစ်တော့ NCA ထဲမှာပါတဲ့ အချက်အလက်တွေကို တာဝန်ယူမှု တာဝန်ခံမှုနဲ့ပဲ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်ရေးအတွက် ဝိုင်းဝန်းပြီးတော့ ကျွန်တော်တို့က မပျက်မကွက် လက်တွဲပြီးတော့ ဆောင်ရွက်ဖို့ရှိပါတယ်” ဟု ၎င်းကဆိုသည်။

ယခုအစည်းအဝေး၌ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ကြုံတွေ့ရသော တစ်ဆို့မှုများ ဖြေရှင်းနိုင်ရေးအတွက် ကော်မတီ ဖွဲ့စည်းခြင်းနှင့် PPST ပြုပြင်ပြောင်းလဲရေး အတွက် ကော်မတီ ဖွဲ့စည်းခြင်းများ ဆောင်ရွက်နိုင်ခဲ့ပြီး အဆိုပါ အချက်များသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေး အထောက်အကူ ဖြစ်စေသည်ဟုလည်း PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

ထို့ပြင် PPST မှ နုတ်ထွက်ခြင်းကို ယာယီဆိုင်းငံ့လိုက်သော KNU ၏ဆုံးဖြတ်ချက်သည် PPST အစည်းအဝေး၏ အားရဖွယ် အချက်တစ်ချက်ဖြစ်ပြီး KNU နုတ်ထွက်ပါက ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်ရန် ပိုမိုအလှမ်းဝေး သွားမည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက သုံးသပ်သည်။

PPST တွင် KNU နှင့် RCSS တို့က ဦးဆောင်နေပြီး ၎င်းတို့နုတ်ထွက်ရန် ပြင်ဆင်မှုသည် PPST အပေါ် ထိခိုက်မှုရှိကာ PPST ကို အလုပ်လုပ်နိုင်ရန် ဆက်လက်တည်ရှိရေး ဆုံးဖြတ်ချက်သည် နဂိုအတိုင်း ပြန်ဖြစ်သွားစေသည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက မှတ်ချက်ပြုသည်။

“ချက်ချင်းကြီး မြန်မြန်ဆန်ဆန် မဟုတ်ရင်တောင် အခု ဆွေးနွေးနိုင်တဲ့ အနေအထားကို ရောက်သွားပြီ။ အရင်တုန်းက အဆွေးနွေးမှ မခံတာ။ တစ်ဖွဲ့ချင်းသွားတာပဲ ရှိတယ်လေ။ အစုအဖွဲ့နဲ့ တစ်ပေါင်းတည်း လုပ်မယ်ဆိုတဲ့ မူမရှိဘူး။ အခုမှ အစုအဖွဲ့နဲ့ တစ်ပေါင်းတည်း နဂိုအတိုင်း ပြန်လုပ်မယ်ဆိုတဲ့မူက ကျသွားတာကိုး။ နဂိုအတိုင်းပဲ စုဖွဲ့မှုတွေ မပြောင်းဘူး။ JMC တို့၊ JICM တို့၊ UPDJC တို့ ဒီစုဖွဲ့မှုတွေကတော့ နဂိုအတိုင်းပါပဲ။ ကျွန်တော်ထင်တယ်။ ဒီအစည်းအဝေးတွေက မြန်နိုင်သလောက် မြန်မယ်” ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားသည်။

ခုနစ်လ၊ ရှစ်လခန့် နှောင့်နှေးခဲ့သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ယခုအခါ ပြန်လည်ဆွဲထုတ်ခြင်းဖြစ်ပြီး တဖြည်းဖြည်း လမ်းကြောင်းမှန်ပေါ်သို့ ပြန်လည်တည့်မတ်လာမည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ယူဆသည်။

“အစိုးရအဖွဲ့ကလည်း အဆင်သင့်ရှိတယ်။ အစည်းအဝေးခေါ်မယ်ဆိုရင် ပြန်စနိုင်မယ်။ အနည်းဆုံးတော့ အလွတ်သဘောကနေ ပြန်စမှာပေါ့။ အလွတ်သဘော ပြီးရင်တော့ တရားဝင် သဘောပေါ့ဗျာ။ အဲဒီလို ပြန်စမှာပေါ့” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် ရပ်တန့်နေသည်ဟု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအများစုနှင့် နိုင်ငံရေးလေ့လာ သုံးသပ်သူများက ယူဆထားကြပြီး အဆိုပါ အချက်ကြောင့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ၏ ယခုအစည်းအဝေးအပေါ် စိတ်ဝင်တစား ရှိခဲ့ကြသည်။

NCA-S EAO ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးက ရရှိခဲ့သော တစ်ခုတည်းသော သဘောတူ ညီချက်ဖြစ်သည့် “ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ကြုံတွေ့နေရသည့် တစ်ဆို့မှုများ ဖြေရှင်းနိုင်ရေးအတွက် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းစဉ်တစ်ရပ်ကို စနစ်တကျ ရေးဆွဲချမှတ်ပြီး အစိုးရ၊ တပ်မတော် ခေါင်းဆောင်များနှင့် ဆွေးနွေးသဘောတူညီမှု ရယူရန် သဘောတူခဲ့ကြသည်” ဟူသော အချက်သည်  လက်ရှိကြုံတွေ့နေရသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အကျပ်အတည်းကို ဖြေရှင်းနိုင်ခြင်း ရှိ၊ မရှိမှာ စောင့်ကြည့်ရမည့် အခြေအနေဖြစ်သည်။

ထို့ပြင် EAO ထိပ်သီးခေါင်းဆောင်များ ပါဝင်သည့် PPST အဖွဲ့ကို တစ်ဆင့်နိမ့် PPCM အဖြစ် ပြင်ဆင်ဖွဲ့စည်းပါက ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပိုမိုတိုးတက်အောင် တကယ်ဆောင်ရွက်နိုင်မည်လား ဆိုသည်မှာ သံသယရှိစရာပင် ဖြစ်သည်။

ယခင်က PPST ၏ အဖွဲ့ခေါင်းဆောင်အဖြစ် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက လည်းကောင်း၊ ဒုအဖွဲ့ခေါင်းဆောင်အဖြစ် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က လည်းကောင်း အသီးသီး တာဝန်ယူခဲ့ပြီး PPST အတွင်း ၎င်းတို့၏ ပါဝင်မှုကို အဆင့်လျှော့ချပြီးနောက် PPCM ကိုဖွဲ့စည်းရန် KNU ဘက်က ကြိုးပမ်းလာခြင်းဖြစ်သည်။

ထိပ်သီးခေါင်းဆောင်များ ပါဝင်နေသော အစုအဖွဲ့တွင်ပင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တစ်ဆို့မှုများ ဖြေရှင်းရန် ခက်ခဲစွာ ကြိုးစားနေသည့် အချိန်တွင် တစ်ဆင့်နိမ့် အစုအဖွဲ့ဖြင့် အောင်မြင်အောင် ဆောင်ရွက်နိုင်မည်လား ဆိုသည်မှာ သံသယ ရှိစရာပင်ဖြစ်သည်။

သို့သော် တချို့သော တွေ့ဆုံမှုများတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက ထိပ်သီး ခေါင်းဆောင်များ တက်ရောက်သော်လည်း အစိုးရနှင့် တပ်မတော်ဘက်က ထိပ်သီးခေါင်းဆောင်များ တက်ရောက်နိုင်ခြင်း မရှိသော တွေ့ဆုံမှုများလည်း ရှိခဲ့သည်။

တန်းတူရေးကို အခြေခံထားသော ဆွေးနွေးပွဲများတွင် အဆိုပါ ဖြစ်စဉ်များသည် လွန်စွာသတိထားရမည့် အနေအထားဖြစ်သည်။

နောက်ဆုံး ခွဲမထွက်ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တစ်ခုတည်းသော တပ်မတော်ထားရှိရေးဟူသော ငြိမ်းချမ်းရေးဆိုင်ရာ အကျပ်အတည်းနှင့် ပတ်သက်၍ ပြီးစီးခဲ့သည့် NCA-S EAO ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးက ကော်မတီဖွဲ့ နည်းနာရှာရုံမှအပ ထင်သာ မြင်သာသည့် ဖြေရှင်းနိုင်မည့် အချက်ကို ရရှိခဲ့ခြင်း မရှိဟု သုံးသပ်နိုင်သည်။

NCA-S EAO ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးက ဖွဲ့စည်းပေးလိုက်သည့် ကော်မတီသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ တရားဝင် လမ်းကြောင်းများဖြစ်သည့် JMC၊ JICM နှင့် UPDJC အစည်းအဝေးများဘက်သို့ ပြန်လည်ဦးတည် နိုင်သော်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ အဓိကတစ်ဆို့မှုများကို ဖြေရှင်းနိုင်ရေးအတွက် မူ ခက်ခဲနေဦးမည်ဖြစ်သည်။

ယင်းတစ်ဆို့မူများ အတွက်လည်း NCA-S EAO များတွင်သာ တာဝန်ရှိသည်ဟု မှတ်ယူ၍မရဘဲ ဆွေးနွေးဘက်များ ဖြစ်သည့် အစိုးရ၊ တပ်မတော်တို့တွင် တာဝန်ရှိသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ တရားဝင် အစည်းအဝေးများ ဖြစ်ပေါ်လာခြင်းကြောင့် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ အစည်းအဝေးသည် ယခုနှစ်အတွင်း ပြန်လည်ဆောင်ရွက်နိုင်ဖွယ် ရှိသော်လည်း ကောင်းမွန်သော ဆွေးနွေးညှိနှိုင်းမှုနှင့် အားကောင်းသော သဘောတူညီချက် မရရှိသေးသမျှ  ပြည်ထောင်စု၏ ပြဿနာများကို ဖြေရှင်းနိုင်ရေးမှာ အလှမ်းဝေးနေဦးမည်သာ ဖြစ်သည်။

 

Most Read

Most Recent