“ငါတို့ ဒီနယ်က မပြောင်းချင်တာ ရေကြောင့်လည်းပါတယ်။ ဘာလို့လဲဆိုတော့ ဘယ်နေရာတူးတူး ရေကတဗွမ်းဗွမ်းနဲ့ ထွက်နေတာ။ အပေါဆုံးကရေပဲ။ နွေရာသီ ဘယ်လောက်နေပူပူ ညနေစောင်းသွားလို့ ရေလေးများ ချိုးလိုက်တယ်ဆိုရင် အေးသွားပြီး ညပိုင်းမှာ နေလို့ကောင်းသွားတယ်။ ရာသီဥတု ဘယ်လောက်ပူပူ သောက်ရတဲ့ရေ၊ ချိုးရတဲ့ရေ၊ သုံးရတဲ့ရေပေါပြီး အေးနေတာကိုက ကလေးဒေသကနေ မခွာနိုင်တဲ့အကြောင်းတစ်ချက်ပဲ” လို့ ကလေးမြို့ဒေသခံ တစ်ယောက်ရဲ့စကားပါ။
ကလေးမြို့မှာ ဟိုယခင်အချိန်တုန်းက ရေလျှံတွင်းတွေကနေ ရေတွေတဗွမ်းဗွမ်း ၂၄ နာရီထွက်နေတဲ့ အနေအထားက တခြားဒေသက ရောက်လာတဲ့သူတွေကို အံ့သြစေပါတယ်။ တစ်နေရာရာကနေ စက်နဲ့တင်တယ်။ ရေတင်တဲ့စက်ကို မသိအောင်ဝှက်ထားတယ်ဆိုပြီး လိုက်ရှာကြည့်ကြတယ်။ သူ့အလိုလို ထွက်နေတာကို သူတို့ကိုယ်တိုင်တွေ့ရတော့ အံ့သြတကြီး။ နွေရာသီဆိုရင်လည်း ကလေး မြို့ ရပ်ကွက်အသီးသီးက လမ်းဘေးက ရေမြောင်းတွေထဲမှာ ရေတွေစီးဆင်းနေတာ လူတိုင်းမှတ်မိကြမှာပါ။ ဒီလို ရေပေါများတဲ့ မြို့တစ်မြို့ဟာ ၂၀၁၅ နောက်ပိုင်းမှာ ရေရှားပါးလာတာဆိုရင် အံ့သြရတဲ့ သတင်းတစ်ခု ဖြစ်လာပါတယ်။ ကလေးမြို့နဲ့ အဆက်အသွယ်ပြတ်နေတဲ့ သူတွေမပြောနဲ့။ မြို့ထဲမှာနေတဲ့ သူအချင်းချင်းတောင် ရေခန်းတယ်။ ရေရှားပါးလာတယ်ဆိုတာ မယုံနိုင်အောင် ဖြစ်ခဲ့ကြပါတယ်။ ချင်းတောင်ခြေနဲ့ နီးကပ်နေတဲ့ ကလေးမြို့၊ လှိုင်သာယာရပ်ကွက်နဲ့ ကလေးတက္ကသိုလ်၊ ကြို့သုံးပင်ရပ်ကွက်တွေမှာရှိတဲ့ ရေတွင်းတွေ ရေပြတ်သွားတယ်ဆိုတဲ့ သတင်းဟာ ၂၀၁၅ ရေကြီးရေလျှံ ဖြစ်ပွားပြီးနောက်ပိုင်းမှာ စတင်ကြားခဲ့ရတာပါ။ ကိုယ်ကိုယ်တိုင်တောင် သွားရောက်ကြည့်ပြီးမှသာ ယုံကြည်ခဲ့တာပါ။ အဲဒီရပ်ကွက်တွေမှာရှိတဲ့ ရေတွင်းတွေဟာ မကြုံစဖူး ရေခန်းသွားလို့ ရေကားတွေနဲ့ ရေအလှူပေးခဲ့ကြပါတယ်။ ဒီနှစ်မှာတော့ ချင်းတောင်ခြေဒေသရဲ့ အရှေ့ဘက်ပိုင်းကို တဖြည်းဖြည်းတိုးလာပြီး တာဟန်းရပ်ကွက်၊ တောင်ဖီလာရပ်ကွက်နဲ့ မြို့လှရပ်ကွက်တွေမှာပါ ရေရှားပါးလာတဲ့ အနေအထားတွေ တွေ့ရပါတယ်။
ဒီလိုရေရှားပါးလာတဲ့ အကြောင်းရင်းတွေကို ကလေးမြို့မှာ နေထိုင်လာတာ အနှစ် ၅၀ ကျော် ရှိပြီဖြစ်ပြီး လက်ရှိမှာလည်း ကလေးမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသူ ဦးသောင်းရွှေက ဒီလို ပြောပြပါတယ်။
“ကလေးမြို့မှာဆိုရင် ချောင်းသုံးချောင်းဖြစ်တဲ့ ဥပုသ်ချောင်း၊ နန်းကလိန်ချောင်း၊ သံတားချောင်း၊ ဒီချောင်းတွေဟာ သောက်သုံးရေကလွဲလို့ ချိုးရေသုံးရေသုံးလို့ရတယ်။ ဒီချောင်းတွေ မြောင်းတွေကနေ သွယ်တန်းပြီးတော့မှ ဘေးမှာ လယ်တွေအများကြီး စိုက်ခဲ့ကြပါတယ်။ တောင်ဖီလာနဲ့ တာဟန်းကြားမှာပေါ့။ တောင်ဖီလာရဲ့ အနောက်ဘက်၊ မြောက်ဘက်တော်တော်များများဟာ လယ်ကွင်းတွေ။ လယ်ကွင်းတွေဆိုတာက တော်တော်များများက ရေသွင်းစိုက်တယ်။ အဲဒါဆိုတော့ လေးလလောက်တော့ ရေကိုလှောင်ထားသလို ဖြစ်တယ်။ ရေကို လှောင်ထားသလိုဖြစ်တဲ့အတွက် မြေအောက်ရေကို ထိန်းပေးတယ်လို့ ယူဆပါတယ်။ အခုတော့ အဲဒီလယ်တွေက အိမ်ဝင်းကွက်တွေ ဖြစ်ကုန်ပါပြီ။ အိမ်ဝင်းကွက်တွေ ဖြစ်လာတော့ ရေထိန်းသိမ်းဖို့မလွယ်တော့ဘူး။ ဒါက ကျွန်တော်ကလေးမြို့မှာ နေခဲ့တဲ့ နှစ်ပေါင်း ၅၀၊ ၆၀ အတွေ့အကြုံပါ” လို့ ပြောကြားသည်။
ကလေးမြို့နယ်မှာ ဟိုအရင်က လူနေရပ်ကွက်တင်သာမက လယ်ယာတွေအထဲအထိ ရေတဗွမ်းဗွမ်းနဲ့ဆိုတော့ လူတွေသောက်သုံးဖို့တင်မက စိုက်ပျိုးရေးအစ ဗုံးပေါလအောရှိခဲ့တာကလား။ ၂၀၁၅ ရေကြီး ရေလျှံ သဘာဝဘေးဒဏ်ခံစားရပြီး နောက်ပိုင်းမှာတော့ အိမ်ထောင်စုတော်တော်များများက သောက်ရေသန့်ဘူးတွေကိုပဲ သောက်သုံးလာခဲ့ကြပါတယ်။ သိပ်မကြာခင်က ကလေးမြို့ပေါ်ရပ်ကွက် လမ်းဘေးတွေမှာ ရေလျှံတွင်းက ထွက်တဲ့ရေတွေကို ကိုယ့်ပတ်ဝန်းကျင်မှာ နေထိုင်တဲ့သူတွေကို သုံးစွဲရအောင် ရေကန်တွေ ပြုလုပ်ပေးပြီး ၂၄ နာရီ အလိုအလျောက် ရေထွက်နေတဲ့ ရေတွင်းတွေအဖြစ် တည်ရှိခဲ့ပါတယ်။ ကလေးမြို့ပေါ်က ရေလျှံတွင်းတွေရဲ့ လက်ရှိအခြေအနေကို ဦးသောင်းရွှေက ဒီလိုဆက်လက်ပြောကြားသည်။
“အရင်ကဆိုရင် ကလေးမြို့အရှေ့ဘက် မှာ ရေလျှံတွင်းတွေ ရှိပါတယ်။ အထက ၁ အထိပေါ့။ အခုတော့ နောက်ပိုင်းမှာ ရေလျှံတွင်း မရှိတော့ပါဘူး။ အထက ၁ ထဲမှာသာ ရေလျှံတွင်းရှိတော့ပါတယ်။ ညောင်ပင်သာဘက်မှာတော့ ရေလျှံတွင်းရနေသေးပေမယ့် အောင်မင်္ဂလာဘက်မှာဆိုရင် ရေလျှံတွင်းတွေက မလျှံတော့ပါဘူး။ ရေလျှံတွင်းတွေက ၂၄ နာရီပတ်လုံး ရေကထွက်နေတယ်။ အဲဒါကို ဘယ်လို ထိန်းချုပ်မလဲ။ တာဟန်းဘက်ဆိုရင် အားလုံးက ချောင်းတွေထဲက ရေရှိပါတယ်။ အခု ချောင်းတွေ တော်တော်များများက ရေပြတ်နေတာ တွေ့ရပါတယ်။ ချောင်းတွေထဲ ရေရှိတော့ မြေအောက်ရေကို ထိန်းသိမ်းပေးတာပေါ့။ အခုတော့ ချောင်းတွေ မြောင်းတွေက ဆုတ်ယုတ်လာတာလား မသွင်းတော့တာလား မသိတော့ပါဘူး။ ချောင်းတွေကို အဆင့်ဆင့် ရေသိုလှောင်တဲ့နေရာ လုပ်ပေးရင် ရနိုင်မလားဆိုတာ ကျွန်တော်စဉ်းစားမိပါတယ်။ နောက် ၁၀ နှစ်ဆိုရင် ကျွန်တော်တို့ ကလေးမြို့ဟာ ဒီထက်ပိုပြီး ရှားပါးနိုင်တဲ့ အနေအထား ဒုက္ခရောက်နိုင်တဲ့ အနေအထားပါ။
၂၀၁၅ နောက်ပိုင်း ပိုပြီး ဆိုးလာတာက လှိုင်သာယာ၊ ကြို့သုံးပင်၊ တာဟန်း၊ မြို့လှ၊ အင်ဒိုင်းကုန်းတို့ပါ တဖြည်းဖြည်း ရေဆုတ်ယုတ်လာတာ တွေ့ရပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ကလေးမြို့နယ်နဲ့ မြို့ပေါ်ရပ်ကွက်တွေမှာဆိုရင် ၂၄ နာရီတောက်လျှောက် လျှံထွက်နေတဲ့ ရေလျှံတွင်းတွေကို ထိန်းသိမ်းဖို့အတွက်လည်း လိုအပ်နေပါတယ်။ ဒီလိုထိန်းသိမ်းဖို့အတွက်ကို ရေလျှံတွင်းပိုင်ရှင်တွေက ဒေသဆိုင်ရာ အစိုးရအဖွဲ့ရဲ့ ညွန်ကြားချက်ကို သေချာစွာလိုက်နာမှ ဖြစ်မှာပါ။ ယခုနှစ်အတွင်း ရာသီဥတု ဖြစ်စဉ်များကြောင့် နွေရာသီတွင် ရေနေပေဝေးလာပြီး လက်တူးတွင်းကျယ်များနဲ့ ဘုံဘိုင်တွင်း အနက်ပေ ၄၀ အောက် တွင်းတိမ်များမှာ ရေထွက်မှု နည်းပါးလာပြီး ရေခန်းခြောက်မှုများ တွေ့ကြုံနေရပါတယ်။ ကလေးမြို့ဒေသဟာ မြေအောက် ဇလဘူမိဗေဒအနေအထားအရ အနက်ပေ ၂၀၀ ကနေ ၃၀၀ အတွင်း စက်ရေတွင်းများ တူးဖော်သုံးစွဲနိုင်ပါတယ်။ လက်ရှိအနေအထားအရ ရေလျှံတွင်းများမှ ရေအလဟဿ ဆုံးရှုံးမှုများကို ကာကွယ်တားဆီးရန် လိုအပ်လျက်ရှိတယ်လို့လည်း သိရပါတယ်။
“ရေလျှံတွင်းတွေက ရေတွေကို ကာကွယ်ဖို့အတွက် ရေလျှံထွက်နေတဲ့ အမြင့်အထိ ရေပိုက်ကို ထောင်ထားပြီး ဘေးကနေ ဘားနဲ့ လိုသလောက် ဖွင့်သုံးတာ အဆင်ပြေပါတယ်။ ရေလျှံတွင်းကို တိုက်ရိုက်ပိတ်ပြီး လိုမှသုံးမယ်ဆိုရင် သူတို့ရေလျှံထွက်နှုန်းတွေက တခြားနေရာ ရောက်သွားပြီး ရေလျှံထွက်နှုန်း လျော့တတ်ပါတယ်။ ရေလျှံထွက်တဲ့ အမြင့်အထိ ပိုက်ထောင်ပေးထားတော့ သူ့ရဲ့ ရေဖိအားနှုန်းလည်း မလျော့တော့ဘူး” လို့ ရေအရင်းမြစ် အသုံးချရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။
ကလေးမြို့ရဲ့ ရေအရင်းအမြစ်တွေ ခန်းခြောက်လာတာ သတိထားမိလာတာ ၁၀ နှစ်ဝန်းကျင်လောက် ရှိကြပြီဆိုပေမယ့် သိသိသာသာ ရေခန်းခြောက်လာတာကတော့ ၂၀၁၅ သဘာဝဘေး ဖြစ်စဉ်ဖြစ်ပြီး နောက်ပိုင်းမှာပါ။ ချင်းတောင်ခြေဒေသမှာ ရေလျှံတွင်းတွေကြောင့် ရေခန်းခြောက်လာတာလား၊ ရာသီဥတုတွေ ဖောက်ပြန်လာလို့လား၊ တောတောင်သဘာဝတွေ ပျက်စီးလာလို့လား စသဖြင့် ပြောကြမယ်ဆိုရင်တော့ ခေါင်းစဉ်မျိုးစုံနဲ့ ပါဝင်ဆွေးနွေးနိုင်မှသာ အဖြေရရှိ မယ်ဖြစ်မှာပါ။ လောလောဆယ် ရေရှားပါးမှုကို ဘယ်လိုပြန်လည်ကူညီမလဲဆိုတဲ့ အမေးကိုတော့ ကလေးမြို့နယ် စီမခံခန့်ခွဲမှု ကော်မတီက ဦးဆောင်၍ လည်းကောင်း၊ လူမှုအဖွဲ့အစည်းတွေက ဦးဆောင်၍လည်းကောင်း ရေတွေလှူဒါန်းနေကြတာတွေ တွေ့ရမှာပါ။ ဒီလိုလှူဒါန်းပေးနေတာကရော အဖြေတစ်ခု ဖြစ်ပါ့မလားဆိုတာ မေးခွန်းထုတ်စရာပါ။ မြေအောက်ရေ ခန်းခြောက်လာတဲ့ ဖြစ်စဉ်တွေအတွက် အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ကလေးမြို့မှာရှိတဲ့ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတွေ စုပေါင်းပြီး အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ပြုလုပ်ခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲမှာတော့ ဌာနဆိုင်ရာပညာရှင် အသီးသီးက ကိုယ့်ရဲ့ဌာနတိုင်းရဲ့ ရှုထောင့်ကနေပြောပြ ဆွေးနွေးကြသလို ကလေးမြို့ပေါ်က ဒေသခံတွေနဲ့ လူမှုအဖွဲ့အစည်းများကလည်း မိမိတို့အတွေ့ အကြုံတွေကို ထည့်သွင်းပြောကြားခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲကို ကလေးမြို့ မြို့တော်ခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။
ဒီဆွေးနွေးပွဲကို လူမှုကွန်ရက်မှာ အချိန်စောစီးစွာကြေညာခဲ့ပေမယ့် မြို့လူထုအနေနဲ့ စိတ်ဝင်စားမှု နည်းပါးတယ်ဆိုတာ တက်ရောက်လာတဲ့ ဦးရေကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။ မြို့ရဲ့သောက်သုံးရေအတွက် ဆွေးနွေးပွဲတစ်ခုကို မြို့လူထုတွေ စိတ်ဝင်စားမှုနည်းပါးကြတယ်ဆိုတာ ကောင်းတဲ့လက္ခဏာတစ်ခုတော့ မဟုတ်ပါဘူး။
ကလေးမြို့ ရေပြတ်လပ်မှုနှင့် ပတ်သက်ပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်ကလည်း မြို့ရေပေးဝေရေးအတွက် မည်ကဲ့သို့ ပြင်ဆင်ထားသလဲဆိုတာကို လွှတ်တော်ကို မေးမြန်းသွားမယ်လို့ သိရပါတယ်။ ဆက်လက်၍ ယခင်နှစ်များက ရေပြတ်လပ်ခဲ့သည့် အခြေအနေများနှင့် နှိုင်ယှဉ်ပြီးမေးမြန်းခဲ့ရာ “ဒီအတိုင်း ရေပြတ်တိုင်း ရေလှူနေလို့ကတော့ အဆင်မပြေတော့ဘူး။ ရေရှည် အစီအစဉ်တစ်ခု ချမှတ်ဖို့ တော့လိုအပ်နေပါပြီ။ ၂၀၁၅ ကနေ ၂၀၁၈ အထိ လှိုင်သာယာနဲ့ ကြို့သုံးပင်ပဲ ခန်းခဲ့တာ။ အခုတော့ လှိုင်သာယာ၊ ကြို့သုံးပင်က မခန်းဘူးလားဆိုတော့ ခန်းတယ်။ ရေပြန်ရတယ် ရေသိပ်မပြတ်တော့ဘူး။ အခုတော့ အဲဒီရဲ့ အောက်ဘက်ရှိတော့ တောင်ဖီလာ၊ တာဟန်းဘက်က ရေခန်းလာပြန်တယ်။ ဒါဆိုရင်လာမယ့် နောက်သုံးနှစ်လောက် အဲဒီရပ်ကွက်တွေမှာ ရေခန်းနိုင်တယ်လို့ ပြောလို့ရတယ်။ ဒါက ကျွန်မတို့ အတွေ့အကြုံအရပေါ့။ လာမယ့်နှစ်တွေမှာ စည်ပင်အနေနဲ့က မြို့ရေ ပေးဝေရေးကို ကြိုလုပ်သင့်တယ်ဆိုတာပဲ။ စည်ပင်အနေနဲ့ မြို့ရေပေးဝေရေးဆိုတာ စည်ပင်လုပ်ငန်းစဉ်ဆိုပေမယ့် ဒီမြို့မှာတော့ မရှိခဲ့ဘူးလေ။ ရေပေါတာကိုး။ ကျေးရွာဘက်တွေဆိုရင်လည်း ကျေးလက်ဌာနတွေက လုပ်ဆောင်သင့်ပါတယ်။ တောင်ဖီလာ၊ တာဟန်းရေခန်းပြီးရင် တပ်ဦးသီတာနဲ့ စမ်းမြို့တို့ဘက် ခန်းလာဦးမလားဆိုတာ မသိနိုင်ဘူး။ အဲဒါဆိုတော့ မြေအောက်ရေနဲ့ ပတ်သက်ပြီး တိကျတဲ့ အချက်အလက်တွေ ရရှိဖို့အတွက် သုတေသနတွေ လုပ်သင့်ပါတယ်။ သုတေသနလုပ်လို့ ရလာတဲ့ အချက်အလက်တွေကနေ မြို့ရဲ့ရေလိုအပ်ချက်၊ ရှိတဲ့ရေကို ဘယ်လို အသုံးပြုဖို့ သုတေသနလုပ်ဖို့ လိုအပ်ပါ့မယ်။ မြေအောက်ရေကို ဘယ်လိုစနစ်တကျ ထုတ်ယူပြီးတော့ ဘယ်လိုမျှဝေပေးမလဲဆိုတာတွေ သုတေသနလုပ်ဖို့တွေ လိုအပ်ပါတယ်” လို့ ကလေးမြို့ လှိုင်သာယာရပ်ကွက်မှာ နေထိုင်လျက်ရှိတဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်က ပြောကြားခဲ့ပါတယ်။