၂၀၃၀ ပြည့်နှစ်သို့ အရောက်တွင် အလွန်အကျွံ ဆင်းရဲမွဲတေမှုကို အဆုံးသတ်ရေးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လူဦးရေ၏ အဆင်းရဲဆုံး ရာခိုင်နှုန်း ၄၀ အတွက် ချမ်းသာကြွယ်ဝမှု မျှဝေခြင်းကို မြှင့်တင်ရေးဟူသည့် ကမ္ဘာ့ဘဏ်၏ ရည်မှန်းချက် နှစ်ရပ်ကို အဓိကစိန်ခေါ်နေသည့်အရာမှာ အဂတိလိုက်စားမှုဖြစ်သည်။ ထို့ကြောင့် အဂတိလိုက်စားမှု လျှော့ချနိုင်ရေးသည် ဖွံ့ဖြိုးမှုအတွက် ဘဏ္ဍာထောက်ပံ့ရေး အစီအစဉ်အတွက် အဓိကရည်မှန်းချက်တစ်ရပ်ဖြစ်လာပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေး ရည်မှန်းချက်များ၌ အချက်အချာကျလာ သည်။ အဂတိလိုက်စားမှုသည် ကုန်ကျစရိတ်များမြင့်တက်စေခြင်းနှင့် ကျန်းမာရေး၊ ပညာရေးနှင့် တရားစီရင်ရေးတို့အပါအဝင် ဝန်ဆောင်မှုများ ရရှိနိုင်မှုကို လျော့ကျစေခြင်းတို့ဖြင့် အဆင်းရဲဆုံးနှင့် အားအနည်းဆုံး လူများအပေါ် မမျှတစွာ ရိုက်ခတ်မှုတစ်ရပ် ဖြစ်ပေါ်စေနိုင်သည်။ ဥပမာအနေဖြင့် အဂတိလိုက်စားမှုကြောင့် ဆေးဝါးနှင့် ကာကွယ်ဆေး အတုများရှိနေခြင်းက ကလေးများ၏ ကျန်းမာရေး အကျိုးရလဒ်နှင့် ဘဝတစ်သက်တာလုံး ထိခိုက်မှုများ ရှိနိုင်ခြင်းကို စဉ်းစားကြည့်နိုင်သည်။
အဂတိလိုက်စားမှုသည် အစိုးရအပေါ် အယုံအကြည်မဲ့စေနိုင်ပြီး အစိုးရ၏ လူမှုရေးဆိုင်ရာ ဝန်ဆောင်မှုများကို လျော့ကျစေနိုင်သည်။ အဂတိလိုက်စားမှုများသည် တန်းတူညီမျှမှုမရှိခြင်းကို ပိုမိုဆိုးရွားစေနိုင်ပြီး လူထုအတွင်း မကျေနပ်ချက်များ ကြီးထွားလာကာ အကြမ်းဖက်မှုများ၊ အစွန်းရောက်မှုများနှင့် ပဋိပက္ခများဆီသို့ ဦးတည်သွားစေနိုင်သည်။ အဂတိလိုက်စားမှုသည် ရင်းနှီးမြှုပ်နှံမှုကို အဟန့်အတားဖြစ်စေသောကြောင့် အကျိုးရလဒ်အနေဖြင့် စီးပွားရေးကြီးထွားမှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများကို ထိခိုက်စေနိုင်သည်။ အဂတိလိုက်စားမှုကို ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းရှိသည့် နိုင်ငံများသည် ၎င်းတို့၏ လူသားနှင့် ဘဏ္ဍာရေး ရင်းမြစ်များကို ပိုမိုထိရောက်စွာ စီမံနိုင်သောကြောင့် ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဆွဲဆောင်နိုင်ကာ ပိုမိုမြန်ဆန်သော စီးပွားရေးကြီးထွားမှုကို ဖြစ်စေသည်။
အဂတိလိုက်စားမှုသည် ပုံစံအမျိုးမျိုးဖြင့် လာခြင်းဖြစ်သည်။ ဥပမာအားဖြင့် ရဲအရာရှိများသည် ပုံမှန်ဝန်ဆောင်မှုများပေးရန်အတွက်ပင် လာဘ်ထိုးရန် တောင်းဆိုသောကြောင့် ပြည်သူများကို ဝန်ဆောင်မှုပေးရေးအား ထိခိုက်စေနိုင်သည်။ အစိုးရအဖွဲ့က ကန်ထရိုက်များပေးရာတွင် အစိုးရအရာရှိများ၏ မိတ်ဆွေများ၊ ဆွေမျိုးများနှင့် ၎င်းတို့ အား လာဘ်ထိုးသူများကိုသာ ပေးသောကြောင့် မမျှတမှုများကို ဖြစ်ပေါ်စေသည့်အပြင် ကုန်ကျစရိတ်များ ပို၍များခြင်းနှင့် အရည်အသွေး နိမ့်ပါးခြင်းတို့ ဖြစ်ပေါ်စေနိုင်သည်။ အဂတိလိုက်စားမှုသည် အင်စတီကျူးရှင်းများ အလုပ်လုပ်ပုံနှင့် ယင်းတို့ကို ထိန်းချုပ်သူများကဲ့သို့သော အခြေခံအုတ်မြစ်များကိုပါ လိုက်စားသောကြောင့် နိုင်ငံ၏ စီးပွားရေးတစ်ခုလုံး ပြိုလဲပျက်စီးရသည့်ကိန်းသို့ပင် ဆိုက်စေနိုင်သည်။ အဂတိလိုက်စားမှု အမျိုးအစားတိုင်းသည် အရေးကြီးပြီး တိုးတက်မှုနှင့် စဉ်ဆက်မပြတ် ပြောင်းလဲမှု ဖြစ်ပေါ်ရန်အတွက် အဂတိလိုက်စားမှုအားလုံးကို ကိုင်တွယ်နိုင်ရန် အရေးကြီးသည်။
အောင်မြင်သော အဂတိလိုက်စားမှု တိုက်ဖျက်ရေး အားထုတ်မှုများကို နိုင်ငံရေးသမားများ၊ အစိုးရအကြီးတန်းအရာရှိများ၊ ပုဂ္ဂလိကကဏ္ဍများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် နိုင်ငံသားများအားလုံး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်။ အဂတိလိုက်စားမှုကို တိုးတက်သော၊ အောင်မြင်သော ကိုင်တွယ်မှုဖြစ်ရန် အစိုးရနှင့် လုပ်ငန်းများ အာရုံစိုက်၍ ပူးပေါင်းဆောင်ရွက်ရန် လိုသကဲ့သို့ အဂတိလိုက်စားသော အမူအကျင့်များကို ကာကွယ်၊ ဖော်ထုတ်၊ ဟန့်တားရန်အတွက် နောက်ဆုံးပေါ် ခေတ်မီနည်းပညာများကို အသုံးပြုရန်လည်း လိုအပ်သည်။
နိုင်ငံတစ်နိုင်ငံအနေဖြင့် အဖက်ဖက်၌ ချွတ်ခြုံကျနေရခြင်း၏ အဓိက အကြောင်း တရားတစ်ရပ်မှာ အဂတိလိုက်စားမှုဖြစ်သည်ကို အစိုးရအဖွဲ့သာမက နိုင်ငံသားအားလုံး သိမြင်ကာ ဟန်ပြသက်သက်မဟုတ်သည့် အမှန်တကယ် ထိရောက်သော အဂတိလိုက်စားမှု တိုက်ဖျက်ရေး၌ ပူးပေါင်းပါဝင်ကြရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
(မေလ ၁၉ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)