ပြည်သူ့ရေးရာ စီမံအုပ်ချုပ်ရေးဟူသည် အစိုးရမူဝါဒများကို အကောင်အထည်ဖော်မှုအား ဆိုလိုသကဲ့သို့ ယင်းအကောင်အထည်ဖော်မှုနှင့် ပြည်သူ့ဝန်ဆောင်မှုများ၌ လုပ်ကိုင်နေသည့် အရပ်ဘက်ဝန်ထမ်းများကို ပြင်ဆင်မှုတို့အား လေ့လာသည့် ပညာရပ်ဆိုင်ရာ စည်းမျဉ်းတစ်ရပ်ကိုလည်း ဆိုလိုသည်။ ကျယ်ပြန့်သည့် အမြင်တစ်ရပ်နှင့်အညီ အခြေခံရည် မှန်းချက်သည် အစိုးရအဖွဲ့အနေဖြင့် လုပ်ငန်းကောင်းစွာလည်ပတ်စေရန် စီမံခန့်ခွဲမှုနှင့် မူဝါဒများတိုးတက်ရေးဖြစ်သည်။ အခြားအဓိပ္ပာယ်သတ်မှတ်ချက် အမျိုးမျိုးလည်းရှိသေးရာ အများပြည်သူနှင့်ဆိုင်သော စီမံကိန်းများကို စီမံခန့်ခွဲခြင်းကိုလည်းကောင်း၊ နိုင်ငံရေးကို နိုင်ငံသားများ နေ့စဉ်မြင်တွေ့ရသည့် အရှိတရားတစ်ရပ်အဖြစ်သို့ ကူးပြောင်းခြင်းကိုလည်းကောင်း၊ အစိုးရ၏ဆုံးဖြတ်ချက်ချမှတ်မှုများကို လေ့လာခြင်းကိုလည်းကောင်း၊ မူဝါဒသက်သက်အား လေ့လာသုံးသပ်ခြင်းကိုလည်းကောင်း၊ မူဝါဒများဖြစ်ပေါ်စေသည့် ထည့်ဝင်မှုအမျိုးမျိုးကိုလည်းကောင်း၊ မူဝါဒအပြောင်းအလဲများဖြစ်ရန် လိုအပ်သည့်ထည့် ဝင်မှုများကိုလည်းကောင်း ပြည်သူ့ရေးရာ စီမံအုပ်ချုပ်ရေးဟု ခေါ်ကြသေးသည်။
ပြည်သူ့ရေးရာ စီမံအုပ်ချုပ်ရေးသည် အချက်အချာသဘောအရ အစိုးရမူဝါဒများ နှင့်ပတ်သက်သော အဖွဲ့အစည်းနှင့်သက်ဆိုင်သကဲ့သို့ ၎င်းတို့လုပ်ဆောင်ချက်များအတွက် တာဝန်ယူရသည့် (များသောအားဖြင့် ရွေးကောက်တင်မြှောက်ခံမဟုတ်သော) အရာရှိများ၏ အမူအကျင့်များသာမက အစီအစဉ်များနှင့်ပါ သက်ဆိုင်သည်။ အစိုးရဌာနများမှ အကြီးအကဲများ၊ လူသားရင်းမြစ်ဖွံ့ဖြိုးရေးဆိုင်ရာ အရာရှိများ၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အရာရှိများနှင့် အစိုးရအဖွဲ့အတွင်းဝန်များ အစရှိသူတို့အပါအဝင် ရွေးကောက်တင်မြှောက်ခံမဟုတ်သည့် ပြည်သူ့ဝန်ထမ်းများစွာတို့ကို ပြည်သူ့ရေးရာ စီမံအုပ်ချုပ်ရေးအရာ ရှိများဟု ယူဆနိုင်သည်။ ပြည်သူ့ရေးရာ စီမံအုပ်ချုပ်ရေးအရာရှိများသည် အစိုးရအဖွဲ့ အဆင့်အားလုံးရှိ ပြည်သူ့ရေးရာဌာနများနှင့် အေဂျင်စီများ၌ အလုပ်လုပ်နေကြသည့် ပြည်သူ့ဝန်ထမ်းများဖြစ်ကြသည်။
ပြည်သူ့ရေးရာ စီမံအုပ်ချုပ်ရေးကို ပညာရပ်တစ်ခုအဖြစ် သတ်မှတ်ရာတွင် နယ်ပယ်ခွဲများစွာရှိသည်။ ပညာရှင်တို့က နယ်ပယ်ခွဲအစုံလိုက် အမျိုးမျိုးအဆိုပြုကြရာတွင် အထင်ရှားဆုံးပုံစံတစ်ရပ်၌ အဓိကနယ်ပယ်ခွဲ ငါးခုရှိသည်။ ပြည်သူ့ရေးရာ စီမံအုပ်ချုပ်ရေး၏ အဖွဲ့အစည်းဆိုင်ရာသီအိုရီသည် အစိုးရအဖွဲ့၌ ပါဝင်သည့်အရာများ ဖွဲ့စည်းထားပုံကို လေ့လာခြင်းဖြစ်သည်။ ပြည်သူ့ရေးရာ စီမံအုပ်ချုပ်ရေး၏ ကျင့်ဝတ်ပညာသည် ဆုံးဖြတ်ချက်ချမှတ်ခြင်းလုပ်ငန်းစဉ်အား ချဉ်းကပ်သည့် စံသတ်မှတ်ချက်များဖြစ်သည်။ မူဝါဒရေးရာ သုံးသပ်မှုဟူသည် ဆုံးဖြတ်ချက်ချမှတ်ခြင်းလုပ်ငန်းစဉ်အား လက်တွေ့ကျကျ ချဉ်းကပ်ပုံဖြစ်သည်။ ပြည်သူ့ဘတ်ဂျက်ဟူသည် အတိုင်းအဆမရှိ တောင်းဆိုမှုများနေသည့်အကြား ရှားပါးသောရင်းမြစ်များကို ခွဲဝေချထားရန်ကြိုးပမ်းသည့် အစိုးရအဖွဲ့အတွင်း လုပ်ဆောင်ချက်များဖြစ်သည်။ လူသားရင်းမြစ်စီမံခန့်ခွဲမှုဟူသည် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများဆောင်ရွက်ရာတွင် ဘက်မလိုက်သော၊ ကျင့်ဝတ်နှင့်ညီသော၊ စံတန်ဖိုးများကို အခြေခံသော နည်းလမ်းများဖြင့် လုပ်ဆောင်ရေး သေချာစေရန် ဆောင်ရွက်ပုံဖြစ်သည်။ လူသားရင်းမြစ်စနစ်၏ အခြေခံလုပ်ငန်းဆောင်တာများထဲ၌ ဝန်ထမ်းတို့၏ အကျိုးများ၊ ဝန်ထမ်းတို့၏ ကျန်းမာရေးစောင့်ရှောက်မှု၊ လျော်ကြေးပေးခြင်းနှင့် အခြားကိစ္စရပ်များ ပါဝင်သည်။ လူသားရင်းမြစ် ညွှန်ကြားရေးမှူးများနှင့် အခြားအဓိကကျသော ဌာနအရာရှိများအား စီမံသည့် အလုပ်အမှုဆောင်များသည်လည်း ပြည်သူ့ရေးရာ စီမံအုပ်ချုပ်ရေးစနစ်၏ အဓိကအစိတ်အပိုင်းအဖြစ် ပါဝင်သည်။
မည်သို့ဆိုစေ ပြည်သူ့ရေးရာ စီမံအုပ်ချုပ်ရေးဟူသည် အစိုးရအဖွဲ့လုပ်ငန်းကောင်းစွာ လည်ပတ်စေရန် စီမံခန့်ခွဲရေးနှင့် မူဝါဒများ တိုးတက်ရေးပင်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
(မေလ ၁၅ ရက်နေ့ထုတ် The Daliy Eleven သတင်းစာ အယ်ဒီတာ အာဘေ်ာ)