ရန်ကုန်ယူနိုက်တက်အသင်းနှင့် နည်းပြချုပ် ဦးမျိုးမင်းထွန်းသည် နှစ်ဖက် သဘောတူညီမှုဖြင့် လမ်းခွဲလိုက်ပြီဖြစ်ကြောင်း သိရသည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် မေ (၁၂) ရက်တွင် MNL ပြိုင်ပွဲ ပထမအကျော့နောက်ဆုံးပွဲစဉ်အဖြစ် ရှမ်းယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်ကစားရာ (၁-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
နည်းပြချုပ် ဦးမျိုးမင်းထွန်းသည် ယင်းကဲ့သို့ ရှုံးနိမ့်အပြီး မေ (၁၃) ရက်တွင် ၎င်း၏ဆန္ဒအလျောက် နုတ် ထွက်ခွင့်ပြုရန် အသင်းထံ တရားဝင်တောင်းဆိုခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဘုတ်အဖွဲ့ဝင်များသည် အရေးပေါ်အစည်းအဝေးပြုလုပ်ပြီးနောက် ကာယကံရှင်၏ ဆန္ဒကို ဦးစားပေးသည့်အနေဖြင့် နုတ်ထွက်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဦးမျိုးမင်းထွန်းက ''ကျွန်တော့်ရဲ့ နုတ်ထွက်မှုက အသင်းရဲ့ရလဒ်နဲ့ မဆိုင်ပါဘူး။ ကျွန်တော် အရမ်းပင်ပန်းနေလို့ပါ။ အသင်းက ပထမအကျော့ပြီးချိန်မှာ ထိပ်ဆုံးက ရှမ်းအသင်းနဲ့ တစ်မှတ်ပဲကွာပြီး အဆင့် (၃) မှာ ရပ်တည်နေတာပါ။ ချန်ပီယံဆုကို ကာကွယ်နိုင်တဲ့ အနေအထားမျိုးမှာ ရှိပါတယ်။ လောလောဆယ် အနားယူဖို့ပဲ စိတ်ကူးရှိပါတယ်။ အနာဂတ်ကို မစဉ်းစားသေးပါဘူး'' ဟု ပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းနှင့် နည်းပြချုပ် ဦးမျိုးမင်းထွန်း နှစ်ဖက်သဘောတူညီမှုဖြင့် လမ်းခွဲ
Photo: Kaung Htet Aung