အော်ရီဂီရဲ့နောက်ကျသွင်းဂိုးနဲ့ ရှင်သန်နေဆဲ လီဗာပူးလ်ရဲ့ပရီးမီးယားလိဂ်အိပ်မက်

အော်ရီဂီရဲ့နောက်ကျသွင်းဂိုးနဲ့ ရှင်သန်နေဆဲ လီဗာပူးလ်ရဲ့ပရီးမီးယားလိဂ်အိပ်မက်
Photos: Getty Images, Reuters & PA
Photos: Getty Images, Reuters & PA
Published 5 May 2019

■ နယူးကာဆယ် ၂-၃ လီဗာပူးလ်

စနေနေ့ရဲ့ နောက်ဆုံးပွဲစဉ်မှာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် မန်စီးတီးနဲ့အပြိုင်ဖြစ်နေတဲ့ လီဗာပူးလ်အသင်းဟာ အဝေးကွင်းမှာ ခက်ခက်ခဲခဲရုန်းကန်ခဲ့ရပြီး လူစားဝင်တိုက်စစ်မှူး အော်ရီဂီရဲ့ နောက်ကျသွင်းဂိုးကြောင့်သာ (၃-၂)ဂိုးနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

နယူးကာဆယ်အသင်းဟာ ရွန်ဒွန်ကို အထောင်ထားပြီး ၅-၄-၁ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ကလော့ပ်ကတော့ ဖေမီနိုမပါနိုင်တဲ့ တိုက်စစ်မှာ စတာရစ်ချ်ကို ဆာလာ၊ မာနေတို့နဲ့ ပွဲထုတ်ခဲ့ပြီး ဟန်ဒါဆန်၊ ဖာဘင်ညို၊ ဗန်ဒိုက်၊ အယ်လစ်ဆန်တို့နဲ့ လူစုံပွဲထုတ်ခဲ့တာပါ။

လီဗာပူးလ်ဟာ ပွဲစကတည်းက ဖိကစားခဲ့သလို၊ နယူးကာဆယ်ကလည်း မာမာထန်ထန်နဲ့ ကစားခဲ့လို့ ပွဲက ကြည့်ကောင်းခဲ့ပါတယ်။ ဒါပေမဲ့ လီဗာပူးလ်အသင်းဟာ ပွဲချိန် (၁၃) မိနစ်မှာပဲ အဖွင့်ဂိုးရခဲ့ပါတယ်။

ထောင့်ကန်ဘောကနေ အာနိုးလ် တင်ပေးတာကို Marking လွတ်နေတဲ့ ဗန်ဒိုက်က အပိုင်ခေါင်းတိုက်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒီဂိုးဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ တည်ကန်ဘောတွေကနေ လီဗာပူးလ်အသင်းရရှိခဲ့တဲ့ (၂၁) ဂိုးမြောက် ဂိုးဖြစ်ခဲ့ပြီး အသင်းတိုင်းထက် ပိုများတဲ့ ပမာဏလည်း ဖြစ်ပါတယ်။

ဂိုးပေးလိုက်ရပြီးနောက်တော့ အိမ်ရှင် နယူးကာဆယ်အသင်းဟာ တိုက်စစ်ဖွင့်ကစားခဲ့လို့ လီဗာပူးလ်တို့ အခက်တွေ့ခဲ့ပြီး ပွဲချိန် မိနစ် (၂၀) မှာပဲ ချေပဂိုးပေးလိုက်ရပါတယ်။

ရွန်ဒွန်ရဲ့ အနီးကပ် ပိတ်သွင်းမှု အာနိုးလ်နဲ့ ထိပြီး ထွက်လာတာကို အသင့်ရှိနေတဲ့ အက်စ်ဆုက ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာလည်း နယူးကာဆယ်အသင်းဟာ ဂိုးရနိုင်လောက်တဲ့ အခွင့်အရေးတွေ ထပ်ရခဲ့ပြီး အယိုဇေပီရက်ဇ်ရဲ့ ကန်ချက်ကို အယ်လစ်ဆန် လက်စွမ်းပြကာကွယ်နိုင်ခဲ့လို့သာ လီဗာပူးလ်တို့ သက်သာခဲ့တာပါ။

တစ်သင်းနဲ့ တစ်သင်း တိုက်စစ်ဖွင့်ကစားခဲ့တာကြောင့် ပွဲဟာ မြိုင်ဆိုင်ခဲ့ပြီး ပွဲချိန် (၂၈) မိနစ်မှာတော့ လီဗာပူးလ်တို့ ဦးဆောင်ဂိုး ထပ်ရခဲ့ပြန်ပါတယ်။ ညာတောင်ပံကနေ အာနိုးလ်တင်ပေးတာကို ဆာလာက ခြေခွင်နဲ့ အသာအယာပိတ်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ 

ဒီဂိုးကို ဖန်တီးခဲ့တဲ့ အာနိုးလ်ကတော့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမှု (၁၁) ကြိမ်အထိ ရှိခဲ့ပြီး အသင်းဖော်နောက်ခံလူ ရောဘတ်ဆန်နဲ့ ဂိုးဖန်တီးမှု တူညီခဲ့ကာ ပြိုင်ပွဲသမိုင်းမှာ အသင်းတစ်သင်းက နောက်ခံလူ (၂) ဦး ဂိုးဖန်တီးမှု (၁၀) ကြိမ်အထက် ရှိခဲ့တာ ပထမဆုံးအကြိမ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ပထမပိုင်းမှာ နှစ်သင်းစလုံး ဂိုးကန်သွင်းခွင့်တွေ ထပ်ရခဲ့ပေမယ့် အသုံးမချနိုင်လို့ လီဗာပူးလ်တို့ (၂-၁) ဂိုးနဲ့ နိုင်နေခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်အစမှာတော့ နယူးကာဆယ်အသင်းဟာ ချေပဂိုးရဖို့ ကြိုးစားခဲ့တာကြောင့် လီဗာပူးလ်နောက်ခံလူတွေ အခက်တွေ့ခဲ့ရပါတယ်။ တောက်လျှောက်တိုက်စစ်ဆင်နေတဲ့ နယူးကာဆယ်ဟာ ပွဲချိန် (၅၈) မိနစ်မှာပဲ ချေပဂိုးရခဲ့ပါတယ်။

ထောင့်ကန်ဘောကနေ လီဗာပူးလ်ကစားသမားတွေ ရှင်းထုတ်လို့ ပြန်ထွက်လာတဲ့ ဘောလုံးကို မန်ကွီယို ခေါင်းတိုက်ချပေးတာတစ်ဆင့် ရွန်ဒွန်က အပိုင်ကန်သွင်းယူခဲ့တာပါ။ ဒီဂိုးဟာ ရွန်ဒွန်အတွက် ဒီရာသီ ပရီးမီးယားလိဂ် (၁၀) ဂိုးမြောက် ဖြစ်ခဲ့ပြီး သူ့အတွက် ပရီးမီးယားလိဂ်မှာ ဂိုးသွင်းအများဆုံးရာသီလည်း ဖြစ်ခဲ့ပါတယ်။

အဲဒီနောက်မှာလည်း နယူးကာဆယ်ရော လီဗာပူးလ်ပါ အနိုင်ဂိုးရဖို့ အပြန်အလှန်ကြိုးစားခဲ့ကြပြီး နယူးကာဆယ်က အခွင့်ကောင်းတွေ ပိုရခဲ့ပါတယ်။ ပွဲချိန် မိနစ် (၇၀) မှာတော့ နယူးကာဆယ်ဂိုးသမား ဒူဘရာဗာနဲ့ ထိခိုက်ခဲ့ပြီး ဆာလာ ဒဏ်ရာရသွားလို့ အော်ရီဂီနဲ့ လူစားလဲခဲ့ရပါတယ်။

လီဗာပူးလ်အသင်းဟာ ဆာလာထွက်သွားခဲ့ရပေမယ့် အနိုင်ရဖို့အတွက် အစွမ်းကုန်ကြိုးစားခဲ့ပြီး ပွဲချိန် (၈၆) မိနစ်မှာတော့ အနိုင်ဂိုးရရှိခဲ့ပါတယ်။ ပြစ်ဒဏ်ဘောကနေ ရှာကီရီ တင်ပေးတာကို ဆာလာအစား လူစားဝင်လာတဲ့ အော်ရီဂီက ခေါင်းတိုက်ပြီး သွင်းယူခဲ့တာပါ။

လီဗာပူးလ်အသင်းဟာ ဒီနေ့ပွဲစဉ်မှာ ဘောလုံးပိုင်ဆိုင်မှုအသာရခဲ့ပေမယ့် နယူးကာဆယ်အသင်းက ဂိုးသွင်းခွင့်တွေ ပိုမိုရရှိခဲ့ပြီး အယ်လစ်ဆန် လက်စွမ်းပြခဲ့လို့သာ သက်သာရခဲ့တာပါ။

လက်ကျန်ပွဲချိန်တွေမှာ နယူးကာဆယ်တို့ ဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် လီဗာပူးလ်အသင်းက ပွဲကို ထိန်းချုပ်ကစားသွားခဲ့ပြီး မန်စီးတီး-လက်စတာ ပွဲစဉ်မတိုင်ခင်မှာ အမှတ်ပေးဇယားကို ဦးဆောင်ခွင့်ရခဲ့ကာ ပရီးမီးယားလိဂ်ချန်ပီယံအိပ်မက်ကို ဆက်မက်ခွင့်ရခဲ့ပါတယ်။



■ ယနေ့ကစားသည့်ပွဲစဉ်များ ရလဒ်

ပရီးမီးယားလိဂ်

ဘုန်းမောက် ၁-၀ စပါး

ဝက်စ်ဟမ်း ၃-၀ ဆောက်သမ်တန်

ဝုလ်ဗ် ၁-၀ ဖူလ်ဟမ်

ကာဒစ်ဖ် ၂-၃ ခရစ္စတယ်ပဲလေ့စ်

နယူးကာဆယ် ၂-၃ လီဗာပူးလ်

လာလီဂါ

လီဗန်တေး ၄-၁ ဗယ်လက်ကာနို

အက်စ်ပန်ညို ၃-၀ အက်သလက်တီကို

အလာဗတ်စ် ၀-၁ ဆိုစီဒက်

ဆယ်လ်တာဗီဂို ၂-၀ ဘာစီလိုနာ

စီးရီးအေ

ချီယေဗို ၀-၄ SPAL

အူဒီးနီးစ် ၀-၀ အင်တာမီလန်

ဘွန်ဒစ်လီဂါ

ဘိုင်ယန်မြူးနစ် ၃-၁ ဟန်နိုဗာ

မိုချန်ဂလာဘတ် ၂-၂ ဟော်ဖန်ဟင်မ်

ဟာသာဘာလင် ၃-၁ စတုဂတ်

ဝုလ်ဖ်ဘတ် ၂-၀ နုရင်ဘတ်

ဝါဒါဘရီမင် ၂-၂ ဒေါ့မွန်

လီဂူး

PSG ၁-၁ နိုက်စ်

ဘော်ဒိုး ၀-၁ အန်ဂါစ်

ဂူအင်ဂမ့် ၀-၀ ကိန်း

Reims ၀-၃ နီးစ်

Most Read

Most Recent