ယူရိုပါလိဂ်ပြိုင်ပွဲတွင် ချန်ပီယံဖြစ်ရန် အူဘာမီယန်း ပစ်မှတ်ထား

ယူရိုပါလိဂ်ပြိုင်ပွဲတွင် ချန်ပီယံဖြစ်ရန် အူဘာမီယန်း ပစ်မှတ်ထား
Photo: Getty Images
Photo: Getty Images
Published 3 May 2019

အာဆင်နယ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာရရှိရန် ရုန်းကန်နေရသည့်အတွက် အူဘာမီယန်းက ယူရိုပါလိဂ်ချန်ပီယံကို ရယူကာ လာမည့်ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်ရရန် ပစ်မှတ်ထားနေခြင်းလည်း ဖြစ်သည်။

အာဆင်နယ်အသင်းတိုက်စစ်မှူး အူဘာမီယန်းက မိမိတို့အနေဖြင့် ယူရိုပါလိဂ်ပြိုင်ပွဲတွင် ချန်ပီယံဖြစ်ရန် ပစ်မှတ်ထားနေကြောင်း ပြောကြားခဲ့သည်။ 

အာဆင်နယ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာရရှိရန် ရုန်းကန်နေရသည့်အတွက် အူဘာမီယန်းက ယူရိုပါလိဂ်ချန်ပီယံကို ရယူကာ လာမည့်ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်ရရန် ပစ်မှတ်ထားနေခြင်းလည်း ဖြစ်သည်။

အာဆင်နယ်အသင်းသည် မေလ (၂) ရက်က ကစားခဲ့သည့် ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်၌ အိမ်ကွင်းတွင် ဗလင်စီယာအသင်းကို (၃-၁) ဂိုးဖြင့် အနိုင်ယူကာ ဗိုလ်လုပွဲတက်ရောက်ရန် အခြေအနေကောင်းကို ပိုင်ဆိုင်နိုင်ခဲ့သည်။

အူဘာမီယန်းက "ယူရိုပါလိဂ်မှာ ဗိုလ်လုပွဲတက်ရောက်ပြီး ချန်ပီယံဆုကို ရယူဖို့က ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ဖြစ်ပါတယ်။ ပြီးတော့ ယူရိုပါလိဂ်မှာသာ ဗိုလ်စွဲခဲ့မယ်ဆိုရင် နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရမယ်ဆိုတာကိုလည်း ကျွန်တော်တို့ သိပါတယ်။ ပြီးခဲ့တဲ့ရာသီက ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ကနေ ကျွန်တော်တို့ ထွက်ခဲ့ရတယ်။ ဒါပေမဲ့ ဒီရာသီမှာတော့ ကျွန်တော်တို့အနေနဲ့ ပြီးခဲ့တဲ့ရာသီက အမှားတွေကို သင်ခန်းစာယူပြီး အဲဒီလိုအမှားမျိုးတွေ ထပ်မမှားဖို့ မျှော်လင့်ပါတယ်။ ဒီပြိုင်ပွဲမှာသာ ဗိုလ်စွဲမယ်ဆိုရင် ချန်ပီယံလိဂ်ဝင်ခွင့်လည်း ရမှာဖြစ်လို့ ကျွန်တော်တို့အနေနဲ့ ချန်ပီယံဆုအတွက် အစွမ်းကုန်ကြိုးစားသွားမှာပါ"ဟု ပြောကြားခဲ့သည်။

အူဘာမီယန်းသည် ဗလင်စီယာအသင်းအား (၃-၁) ဂိုးဖြင့် အနိုင်ရသည့် ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်တွင် အာဆင်နယ်အသင်းအတွက် နောက်ဆုံးဂိုးကို သွင်းယူပေးခဲ့သည်။ 

အာဆင်နယ်အသင်းသည် ဒုတိယအကျော့အဖြစ် မေလ (၉) ရက်နေ့တွင် ဗလင်စီယာအသင်း၏ အိမ်ကွင်းတွင် ကစားရမည်ဖြစ်ပြီး ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပါက ချယ်လ်ဆီး-ဖရန့်ဖတ်ပွဲမှ အနိုင်ရသည့်အသင်းနှင့် တွေ့ဆုံမည်ဖြစ်သည်။

ယခုရာသီ ယူရိုပါလိဂ် ဗိုလ်လုပွဲကို မေလ (၂၉) ရက်နေ့တွင် အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူမြို့ရှိ ဘာကူအိုလံပစ်ကွင်း၌ ကျင်းပမည် ဖြစ်သည်။

Most Read

Most Recent