ဘာစီလိုနာအသင်းနှင့် စပိန်ဝါရင့်ကွင်းလယ်လူဟောင်း ဇာဗီသည် ယခုရာသီကုန်တွင် ကစားသမားဘဝမှ အနားယူတော့မည်ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့သည်။
ဘာစီလိုနာအသင်းနှင့် စပိန်ဝါရင့်ကွင်းလယ်လူဟောင်း ဇာဗီသည် ယခုရာသီကုန်တွင် ကစားသမားဘဝမှ အနားယူတော့မည်ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့သည်။
အသက်(၃၉)နှစ်ရှိပြီဖြစ်သူ ဇာဗီသည် ဘာစီလိုနာအသင်းမှ ၂၀၁၅ ခုနှစ်တွင် ထွက်ခွာလာခဲ့ပြီးနောက် ကာတာကလပ် အယ်လ်ဆတ်ဒ်အသင်းတွင် ပါဝင်ကစားနေသူဖြစ်သည်။
ဇာဗီက "နောက် (၄) ပတ်ကျော်လောက်ဆိုရင် ကစားသမားဘဝကနေ ကျွန်တော် အနားယူတော့မှာပါ။ ကျွန်တော့်အနေနဲ့ မမေ့နိုင်စရာကောင်းတဲ့ (၂၁) နှစ်တာအတွင်းမှာ ကမ္ဘာ့အနှံ့ကို ကျွန်တော် ရောက်ရှိခဲ့ပါတယ်။ ကာတာမှာ ကစားရတာကို ကျွန်တော် နှစ်သက်ပါတယ်။ အယ်လ်ဆတ်ဒ်အသင်းနဲ့အတူ ဒီရာသီမှာ အမှတ်ပေးချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့အတွက် ကျွန်တော် အရမ်းဝမ်းသာပါတယ်။ ကစားသမားတစ်ယောက်အနေနဲ့ ဆုဖလားရတာကို ပျင်းတာမျိုးမရှိပါဘူး။ ဆုဖလားဆိုတာမျိုးက တစ်ခုရပြီးတာနဲ့ ထပ်လိုချင်တာမျိုးပါ"ဟု ပြောကြားခဲ့သည်။
ဇာဗီသည် ကစားသမားဘဝတွင် ဘာစီလိုနာအသင်းနှင့်အတူ ချန်ပီယံလိဂ်ဖလား (၄) လုံးအပါအဝင် ဆုဖလားပေါင်း (၂၅) လုံး၊ အယ်လ်ဆတ်ဒ်အသင်းနှင့် အတူ ဆုဖလား (၄) လုံးရရှိခဲ့သလို၊ စပိန်အသင်းနှင့်လည်း ကမ္ဘာ့ဖလားချန်ပီယံ နှင့် ယူရိုချန်ပီယံဆုကို (၂) ကြိမ်အထိ ရယူနိုင်ခဲ့သည်။
ဇာဗီက မိမိအနေဖြင့် အနာဂတ်တွင် နည်းပြတစ်ဦးဖြစ်လာရန် ရည်မှန်းထားကြောင်း ဖွင့်ဟပြောကြားခဲ့သည်။