တပ်မတော်၏ အပစ်အခတ် ရပ်စဲရေး တိုးမြှင့်သတ်မှတ်ခြင်းကို ကြိုဆိုကြောင်းနှင့် အဆိုပါ အပစ်ရပ် ကာလသည် မြန်မာ့ငြိမ်းချမ်းရေး လမ်းစဉ်ကို ပိုမို ခိုင်မာစေမည်ဟု မျှော်လင့်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး ထုတ်ပြန်

တပ်မတော်၏ အပစ်အခတ် ရပ်စဲရေး တိုးမြှင့်သတ်မှတ်ခြင်းကို ကြိုဆိုကြောင်းနှင့် အဆိုပါ အပစ်ရပ် ကာလသည် မြန်မာ့ငြိမ်းချမ်းရေး လမ်းစဉ်ကို ပိုမို ခိုင်မာစေမည်ဟု မျှော်လင့်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး ထုတ်ပြန်
Published 1 May 2019

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်သော အပစ်အခတ် ရပ်စဲရေးကာလကို ၂၀၁၉ ခုနှစ် မေ ၁ ရက်မှ ၂၀၁၉ ခုနှစ် ဇွန် ၃၀ ရက်အထိ တိုးမြှင့် သတ်မှတ်ခြင်းကို ကြိုဆိုကြောင်းနှင့် အဆိုပါ အပစ်အခတ် ရပ်စဲရေး ကာလသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလမ်းစဉ်ကို ပိုမို ခိုင်မာစေမည်ဟု မျှော်လင့်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးက မေ ၁ ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလမ်းစဉ်ကို ကုလသမဂ္ဂအနေဖြင့် အားပေး ထောက်ပံ့ရန် ချမှတ်ထားသော နက်ရှိုင်းသည့် သန္နိဋ္ဌာန်ကို ထပ်မံ အတည်ပြုကြောင်းလည်း ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ အဖွဲ့အစည်းများသည် သက်ရောက်မှု ရှိသော ဒေသအတွင်းရှိ လိုအပ်ချက်များ ရှိနေသော လူသား အားလုံးကို အရေးပေါ် လူသားချင်း စာနာမှု အကူအညီများ ပေးနိုင်ရန် သက်ဆိုင်ရာအဖွဲ့များ အားလုံးနှင့်အတူ လုပ်ဆောင်ရန် အသင့်ရှိနေကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးက ကြေညာသည်။

ထို့ပြင် သက်ဆိုင်ရာအဖွဲ့များ အားလုံးအား အရပ်သားများကို အကာအကွယ်ပေးရန်နှင့် နိုင်ငံတကာ လူသားချင်း စာနာမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ ဥပဒေအရ ချမှတ်ထားသော တာဝန် ဝတ္တရားများကို ထိန်းသိမ်း စောင့်ရှောက်ရန်ကိုလည်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးက ကြေညာခဲ့သည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား ထိရောက်စွာ ဆောင်ရွက်နိုင်ရေး ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၁၉ ခုနှစ် ဧပြီ ၃၀ ရက်အထိ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် နယ်မြေ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေ၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေ၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ် နယ်မြေများတွင် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုအားလုံး ရပ်ဆိုင်းပေးခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်၌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပြီး ဖြစ်ကြောင်း ဧပြီ ၃၀ ရက်တွင်  တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။

 ထိုသို့ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုအားလုံး ရပ်ဆိုင်းပြီး အပစ်အခတ် ရပ်စဲရေးကာလအတွင်း NCA လက်မှတ် ရေးထိုးရန် ကျန်ရှိနေသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှလည်း ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်း၊ ထိုသို့ ဆွေးနွေးကြရာတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ဖြစ်သော  KIA ၊ TNLA နှင့် MNDAA တို့မှ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အား လက်မှတ ရေးထိုးနိုင်သည်အထိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား ဆက်လက် ဆွေးနွေး ဆောင်ရွက်နိုင်ရေး အပစ်အခတ် ရပ်စဲရေးကာလအား ထပ်မံ တိုးမြှင့်ပေးရန် တောင်းဆိုလာခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

 ထို့ကြောင့် တပ်မတော်အနေဖြင့် အဆိုပါ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တောင်းဆိုချက်အရ ထာဝရငြိမ်းချမ်းရေး ရရှိစေရေး ဦးတည်လျက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဆင့်ဆင့်အား ပိုမို ထိရောက်စွာ ဆက်လက် ဆောင်ရွက်နိုင်ရန် အထက်ဖော်ပြပါ တိုင်းစစ်ဌာနချုပ် နယ်မြေများ၌ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများအား ၂၀၁၉ ခုနှစ် ဇွန် ၃၀ ရက်အထိ ထပ်မံ တိုးမြှင့် ရပ်ဆိုင်းပေးမည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။

Most Read

Most Recent