နီပေါကို အနိုင်ယူပြီး အာရှယူ-၁၉ ခြေစစ်ပွဲအောင်မြင်ခဲ့တဲ့ မြန်မာ

နီပေါကို အနိုင်ယူပြီး အာရှယူ-၁၉ ခြေစစ်ပွဲအောင်မြင်ခဲ့တဲ့ မြန်မာ
Photos: Nyi Nyi Soe Nyunt
Photos: Nyi Nyi Soe Nyunt
Published 30 April 2019

■ မြန်မာ (ယူ-၁၉) ၂-၁ နီပေါ (ယူ-၁၉)

၂၀၁၉ အာရှယူ-၁၉ အမျိုးသမီးခြေစစ်ပွဲ ဒုတိယအဆင့် အုပ်စု (က)နောက်ဆုံးပွဲစဉ်တွေကို ယနေ့ယှဉ်ပြိုင်ခဲ့ရာမှာ မြန်မာယူ-၁၉ အမျိုးသမီးအသင်းဟာ နီပေါအသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ယူကာ ခြေစစ်ပွဲအောင်မြင်ခဲ့ပါတယ်။

အစောပိုင်းက ယှဉ်ပြိုင်တဲ့ပွဲစဉ်မှာ သြစတြေးလျအသင်းက ဥဇဘတ်ကစ္စတန်အသင်းကို (၄-၁)ဂိုးနဲ့အနိုင်ယူပြီး ခြေစစ်ပွဲအောင်မြင်ခဲ့သလို၊ မြန်မာအသင်းကလည်း အိမ်ရှင်ပရိသတ်ရှေ့မှောက်မှာ ခြေစွမ်းပြပြီး လိုအပ်နေတဲ့အနိုင်ရလဒ်နဲ့အတူ အာရှအဆင့်ခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့တာပါ။

မြန်မာယူ-၁၉ အသင်းဟာ ခြေစစ်ပွဲအုပ်စုအဖွင့်ပွဲစဉ် (၂)ပွဲမှာ (၁)ပွဲနိုင်၊ (၁)ပွဲရှုံးရလဒ်ရရှိထားပြီး ယခုပွဲစဉ်မှာ သရေကျရုံနဲ့ ခြေစစ်ပွဲအောင်မြင်မှာဖြစ်ပေမယ့် နိုင်ပွဲနဲ့အတူ ပရိသတ်ကိုကျေနပ်စေခဲ့တာဖြစ်ပါတယ်။

မြန်မာအသင်းဟာ ပွဲစကတည်းက အိမ်ရှင်အသင်းပီပီ နီပေါအသင်းကို ဖိအားပေးကစားခဲ့ပေမယ့် ဂိုးရဖို့စိတ်လောနေခဲ့သလို၊ နီပေါအသင်းရဲ့ခုခံကစားအားကြောင့်လည်း ဂိုးရဖို့ခက်နေခဲ့တာပါ။

ဒါ့အပြင် ပွဲချိန် (၃၈)မိနစ်မှာ မြန်မာနောက်ခံလူ ဇွန်ယုယဦး ပယ်နယ်တီဧရိယာအတွင်း ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့လို့ အနီကတ်နဲ့ထုတ်ပယ်ခံခဲ့ရသလို၊ နီပေါအသင်းကို ပယ်နယ်တီခွင့်ပြုခဲ့ရပါတယ်။

ဒီပယ်နယ်တီကို မာနီရှာက အမှားအယွင်းမရှိ ကန်သွင်းပြီး နီပေါအသင်းအတွက် အဖွင့်ဂိုး ဖြစ်စေခဲ့ပါတယ်။

မထင်မှတ်ဘဲဂိုးပေးလိုက်ရလို့ မြန်မာအသင်းကစားအားတင်ခဲ့ပေမယ့် တစ်ယောက်လျော့အနေအထားက ပြိုင်ဘက်ကို ကစားကွက်စီးဖို့ခက်ခဲ့တာအမှန်ပါ။

ပထမပိုင်းမှာတော့ (၁-၀)ဂိုးနဲ့ပဲပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းမှာ မြန်မာအသင်းချေပဂိုးအတွက် ကစားအားပိုတင်လာခဲ့သလို၊ နီပေါအသင်းကလည်း အနိုင်ဂိုးကိုထိန်းဖို့အကောင်းဆုံးကြိုးစားခဲ့လို့ ပွဲကအကြိတ်အနယ်ရှိခဲ့ပါတယ်။

မြန်မာအသင်းအတွက်ချေပဂိုးကို ဒုတိယပိုင်းပွဲအစ ပွဲချိန် (၄၇)မိနစ်မှာ တိုက်စစ်မှူး စန်းသော်သော်က သွင်းယူပေးခဲ့ပါတယ်။ 

ဒီဂိုးဟာ စန်းသော်သော်အတွက် ယခုခြေစစ်ပွဲတစ်လျှောက် (၅)ဂိုးမြောက်သွင်းဂိုးဖြစ်ခဲ့ပြီး၊ ဥဇဘတ်ကစ္စတန်နဲ့ပွဲမှာလည်း အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးခဲ့သူပါ။

ချေပဂိုးရပြီးနောက်မှာတော့ တစ်ယောက်လျော့မြန်မာအသင်းဟာ နီပေါအသင်းဘက်ကို တောက်လျှောက်ဖိအားပေးကာ အနိုင်ဂိုးရဖို့ကြိုးစားခဲ့ပါတယ်။

မြန်မာအသင်းပယ်နယ်တီအခွင့်အရေးရခဲ့ပေမယ့်လည်း ပုံ့ပုံ့ပြည့်စုံအသုံးမချနိုင်ခဲ့တာကြောင့် ဦးဆောင်ဂိုးနဲ့လွဲခဲ့ပေမယ့် ပွဲချိန် (၆၄)မိနစ်မှာ မေဖူးကိုက မြန်မာအသင်းအတွက် အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

လက်ကျန်မိနစ်မှာတော့ မြန်မာအသင်းက ပွဲကိုထိန်းကစားသွားခဲ့ပြီး လိုအပ်တဲ့အနိုင်ရလဒ်ကိုယူကာ ပွဲအပြီးမှာတော့ နီပေါအသင်းကို (၂-၁)ဂိုးနဲ့အနိုင်ယူခဲ့ပါတယ်။

ဒါကြောင့် မြန်မာအသင်းဟာ အုပ်စု (၃)ပွဲကစားပြီးချိန်မှာ (၂)ပွဲနိုင်၊ (၁)ပွဲရှုံး၊ ရဂိုး (၄)ဂိုး၊ ပေးဂိုး (၄)ဂိုး၊ ရမှတ် (၆)မှတ်နဲ့အတူ ၂၀၁၉ အာရှယူ-၁၉ ခြေစစ်ပွဲကိုအောင်မြင်ခဲ့ပါတယ်။

အာရှယူ-၁၉ နောက်ဆုံးအဆင့်မှာတော့ အိမ်ရှင် ထိုင်းနဲ့အတူ ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊ မြောက်ကိုရီးယား၊ အီရန်၊ သြစတြေးလျနဲ့ မြန်မာအသင်းတို့ယှဉ်ပြိုင်မှာဖြစ်ပြီး လာမယ့်အောက်တိုဘာလ (၂၇)ရက်နေ့ကနေ နိုဝင်ဘာလ (၉)ရက်နေ့အထိကျင်းပသွားမှာဖြစ်ပါတယ်။