မန်စီးတီးနှင့် လီဗာပူးလ်အသင်းတို့ကို တစ်နှစ်၊နှစ်နှစ်အတွင်း အမီလိုက်နိုင်ဖွယ်ရှိပြီးချန်ပီယံလိဂ်ဝင်ခွင့်လွဲချော်လည်း ကျရှုံးသည်ဟုမဆိုနိုင်ကြောင်း ဆာရီ ပြောကြား

မန်စီးတီးနှင့် လီဗာပူးလ်အသင်းတို့ကို တစ်နှစ်၊နှစ်နှစ်အတွင်း အမီလိုက်နိုင်ဖွယ်ရှိပြီးချန်ပီယံလိဂ်ဝင်ခွင့်လွဲချော်လည်း ကျရှုံးသည်ဟုမဆိုနိုင်ကြောင်း ဆာရီ ပြောကြား
Photos: Chelsea Facebook
Photos: Chelsea Facebook
Published 28 April 2019

 

ချယ်လ်ဆီးအသင်းနည်းပြ ဆာရီက ဇယားထိပ်ဆုံးနေရာတွင် အပြန်အလှန်ဦးဆောင်နေသည့် မန်စီးတီး နှင့် လီဗာပူးလ်အသင်းတို့ကို တစ်နှစ်၊ နှစ်နှစ်အတွင်း အမီလိုက်နိုင် ဖွယ်ရှိကြောင်းနှင့် ယခုရာသီကုန် တွင် ချန်ပီယံလိဂ်ဝင်ခွင့်လွဲချော်လည်း ကျရှုံးသည့်ရာသီအဖြစ် သတ်မှတ်၍မရကြောင်း သုံးသပ်ပြောကြားခဲ့သည်။

ဧပြီ ၂၆ ရက်ကပြုလုပ်သည့် ပွဲကြို သတင်းစာရှင်းလင်းပွဲတွင် ဆာရီက ယင်းကဲ့သို့ပြောကြားခြင်းဖြစ်ပြီး မန်စီးတီးနှင့် လီဗာပူးလ်အသင်းတို့ ယခုလိုအောင်မြင်ခြင်းမှာ နည်းပြတစ်ဦးကို အချိန်ပေး၍ ကိုင်တွယ်ခွင့်ပြုခြင်း ကြောင့်ဖြစ်သည်ဟုလည်း ဆိုသည်။ "လီဗာပူးလ်နဲ့ မန်ချက်စတာစီးတီးတို့ရဲ့ရမှတ်တွေက မယုံနိုင်လောက် အောင်ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ မန်ချက်စတာစီးတီးက ပြီးခဲ့တဲ့ရာသီ မှာ ရမှတ် ၁၀၀ ရခဲ့တယ်။ ပရီးမီး ယားလိဂ်မှာ ရမှတ် ၁၀၀ ကို နောက် တစ်ကြိမ်ထပ်ရဖို့ဆိုတာ မယုံနိုင်လောက်အောင် အရမ်းခက်ခဲပါတယ်။ ဒီရာသီမှာ သူတို့နှစ်သင်းက ၉၅၊ ၉၆၊ ၉၇ မှတ်လောက်အထိရလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ ဒီလို ရမှတ်မျိုးက မယုံနိုင်လောက်အောင်များသလို အဲဒီခြားနားချက်ကိုအမီလိုက်နိုင်ဖို့ဆိုတာလည်း တကယ်ခက်ခဲပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီထက်ပိုပြီး အလုပ်တွေလုပ်ဖို့လိုသလို ဒီထက်ပိုပြီး တိုးတက်လာဖို့လည်း လိုပါတယ်။ တကယ်တော့ ဒါက ဂွါဒီယိုလာ စီးတီးမှာရှိနေတာ သုံးရာသီမြောက်ဖြစ်ပြီး ကလော့ပ်ကလည်း လီဗာပူးလ်ရှိနေတာ ငါးရာသီမြောက်လို့ ကျွန်တော်ထင်တယ်။ (အမှန်တကယ်မှာ လေးရာသီသာဖြစ်) ဆိုတော့ အချိန်တွေအကြာကြီးရှိနေပြီပေါ့။ ဒါပေမဲ့ လာမယ့် တစ်ရာသီ ဒါမှမဟုတ် နှစ်ရာသီလောက်ဆိုရင်တော့ ကျွန်တော်တို့ အနေနဲ့ အဲဒီခြားနားချက်ကိုအမီ လိုက်နိုင်ပါလိမ့်မယ်" ဟု ဆာရီက ပြောကြားခဲ့သည်။

ထို့ပြင် ရာသီကုန်တွင် ချန်ပီယံလိဂ်ဝင်ခွင့်လွဲချော်ပါက ကျရှုံးသည့် ရာသီအဖြစ် သတ်မှတ်နိုင်မလားဟု မေးမြန်းမှုကို ဆာရီက " မဖြစ်ပါဘူး။ မဖြစ်ပါဘူး။ ကျွန်တော်တို့က ဗိုလ်လုပွဲ (လိဂ်ဖလား) ကစားခဲ့ရပြီး ပယ် နယ်တီနဲ့ ရှုံးနိမ့်ခဲ့တာပါ။ ပြီးတော့ ယူရိုပါလိဂ်မှာ ဆီမီးဖိုင်နယ်ရောက်နေပြီး ထိပ်ဆုံးလေးနေရာအတွက်လည်း တိုက်ပွဲဝင်နေတုန်းပါပဲ။ အခု လောလောဆယ်မှာတော့ ဒီရာသီက အဆင်ပြေတယ်လို့ ပြောရမှာပါ။ အခု ကျွန်တော်တို့အသင်းမှာ အဓိက ပစ်မှတ်နှစ်ခုရှိပါတယ်။ ကျွန်တော်တို့ ပရီးမီးယားလိဂ်မှာ ထိပ်ဆုံးလေးနေရာ ရပ်တည်ခွင့်ရချင်သလို ယူရိုပါလိဂ်မှာလည်း ဗိုလ်လုပွဲရောက်ချင်ပါတယ်။ ဗိုလ်လုပွဲတက်ခွင့်ရပြီဆိုရင်တော့ အနိုင်ရဗိုလ်စွဲခွင့်ရချင်ပါတယ်။ ဒါကြောင့် ဒီရာသီက အခု အချိန်အထိ ကောင်းသေးတယ်လို့ ပြောတာပါ" ဟု ဖြေကြားခဲ့သည်။