ရိုးမားအသင်း ယာယီနည်းပြ ရာနီရေးရီက ဂျူဗင်တပ်စ်၊ ချယ်လ်ဆီးနှင့် အီတလီလက်ရွေးစင်အသင်း နည်းပြဟောင်း အန်တိုနီယိုကွန်တီကို ရိုးမားနည်းပြသစ်အဖြစ် ခန့်အပ်စေလိုကြောင်း ထောက်ခံပြောကြားခဲ့သည်။ ရာနီရေးရီ (၆၇ နှစ်) သည် ပြီးခဲ့သည့်မတ်လတွင် ရိုးမားအသင်းနည်းပြအဖြစ် တစ်ကျော့ပြန်ခန့်အပ်ခံရသော်လည်း ရာသီကုန်အထိသာ ကာလတိုစာချုပ်ချုပ်ဆိုထားသည်။
ရိုးမားအသင်းသည် နွေရာသီတွင် အမြဲတမ်းနည်းပြတစ်ဦး အစားထိုးခန့်အပ်ရန် ကြိုးပမ်းနေပြီး ကွန်တီကို တစ်နှစ်လစာ ယူရို ၉.၅ သန်း ဖြင့် သုံးနှစ်စာချုပ် ချုပ်ဆိုရန် ကမ်းလှမ်းထားကြောင်း အီတလီမီဒီယာများက ဖော်ပြလျက်ရှိသည်။ ကာဂလီယာရီအသင်း အား အိမ်ကွင်း၌ သုံးဂိုးပြတ်အနိုင်ရခဲ့သည့် စီးရီးအေပွဲစဉ်အပြီးတွင် ကွန်တီနှင့်ပတ်သက်၍ သတင်းထောက်များက မေးမြန်းရာ ၎င်းက ဝမ်းမြောက် ဝမ်းသာကြိုဆိုမည်ဟု တုံ့ပြန် ပြောကြားခြင်းဖြစ်သည်။ " ဟုတ်ပါတယ်။ ကျွန်တော်လည်း သူ့ကိုခန့် စေချင်ပါတယ်။ ဒီလိုကိစ္စမျိုးဆိုတာ ကျွန်တော်က နောက်ဆုံးမှသိရတဲ့သူပါ။ တကယ်လို့ အန်တိုနီယိုသာ ရောက်လာမယ်ဆိုရင် ကျွန်တော် အရမ်းဝမ်းသာမှာပါ" ဟု ၎င်းက ဖြေကြားခဲ့သည်။
ထို့ပြင် ရိုးမားအသင်းဒါရိုက်တာဖြစ်သူ တော့တီကလည်း ကွန်တီ သည် ဥရောပအကောင်းဆုံးနည်းပြတစ်ဦးဖြစ်ကြောင်း ချီးကျူးပြောကြားခဲ့သည်။ " ကွန်တီလိုလူမျိုးကို အသင်းတိုင်းက လိုချင်နေကြမှာပါ။ ကွန်တီက ဥရောပရဲ့ အကောင်းဆုံး နည်းပြတွေထဲမှာ တစ်ဦးအပါအဝင်ပါ။ သူ့လိုနည်းပြမျိုးပိုင်ဆိုင်ထားပြီး စီမံကိန်းတစ်ခုလည်းရှိမယ်ဆိုရင် ဆုဖလားတစ်ခုခုရယူဖို့ အခွင့်အရေး ပိုကောင်းလာမှာပါ။ ဒါပေမဲ့ ရာနီရေးရီက နည်းပြနေရာမှာ ရှိနေဆဲပါပဲ။ ကျွန်တော်တို့အနေနဲ့ သူ့ရဲ့စာချုပ်ကုန်ဆုံးချိန်အထိ သူ့အပေါ် လေးစားမှုရှိဖို့လိုပါတယ်။ အခုလောလောဆယ်မှာ တခြားနည်းပြတွေ အကြောင်းပြောရတာ မကောင်းပါဘူး" ဟု တော့တီက ပြောကြားခဲ့သည်။
ကွန်တီကလည်း ရိုးမားအသင်း နည်းပြရာထူးနှင့်ပတ်သက်၍ ငြင်းဆန်ခြင်းမရှိကြောင်း သိရသည်။ Laroma 24 သတင်းဌာနနှင့်တွေ့ဆုံစဉ် ၎င်းက " ကျွန်တော်တို့ စောင့်ကြည့်ကြတာပေါ့။ စောင့်ကြည့်တာပေါ့" ဟု ပြောကြားခဲ့သည်။ ကွန်တီ (၄၉ နှစ်) သည် ဘာရီ၊ ဂျူဗင်တပ်စ်၊ ချယ်လ်ဆီးအသင်းများနှင့် အောင်မြင်မှုရရှိထားသူဖြစ်ပြီး ၂၀၁၈ ခုနှစ် ဇူလိုင်တွင် ချယ်လ်ဆီးအသင်းနှင့် လမ်းခွဲပြီးကတည်းက အခြားအသင်းများကို ကိုင်တွယ်ခြင်းမရှိဘဲ အသင်းလက်မဲ့နေသူဖြစ်သည်။