IS အဖွဲ့၏ နည်းဗျူဟာသည် သက်ဆိုင်ရာနိုင်ငံအတွင်းရှိ အစွန်းရောက်များနှင့် ချိတ်ဆက်လုပ်ဆောင် နေခြင်းကြောင့် ပြည်တွင်း၌ အစွန်းရောက် အကြမ်းဖက်လိုစိတ်များ နည်းပါးသွားစေရန် သတိထား လုပ်ဆောင်နေဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြောကြား

IS အဖွဲ့၏ နည်းဗျူဟာသည် သက်ဆိုင်ရာနိုင်ငံအတွင်းရှိ အစွန်းရောက်များနှင့် ချိတ်ဆက်လုပ်ဆောင် နေခြင်းကြောင့် ပြည်တွင်း၌ အစွန်းရောက် အကြမ်းဖက်လိုစိတ်များ နည်းပါးသွားစေရန် သတိထား လုပ်ဆောင်နေဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 27 April 2019
နေရိုင်း၊ ဇေယျာထွန်း၊ အောင်မင်းသိန်း

IS (အစ္စလာမ်မစ်အကြမ်းဖက်) အဖွဲ့၏ နည်းဗျူဟာသည် သက်ဆိုင်ရာ နိုင်ငံအတွင်းရှိ အစွန်းရောက်များနှင့် ချိတ်ဆက်၍ လုပ်ဆောင်ခြင်း ဖြစ်ခြင်းကြောင့် ပြည်တွင်း၌ အစွန်းရောက် အကြမ်းဖက်လိုစိတ်များ နည်းပါးသွားစေရန် လုပ်ဆောင်နေကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

နေပြည်တော်ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန၌ ဧပြီ ၂၆ ရက်က ပြုလုပ်သည့် NRPC-KHCC တွေ့ဆုံဆွေးနွေးပွဲ အပြီးတွင် မြန်မာနိုင်ငံအား IS အဖွဲ့က တိုက်ခိုက်ရန် ပစ်မှတ်ထားနေသည် ဆိုသည့် သတင်းများ ထွက်ပေါ်နေပြီး ယင်းကိစ္စနှင့် စပ်လျဉ်း၍ မည်သို့ဆောင်ရွက်နေသလဲဆိုသည့် မီဒီယာများ၏ မေးမြန်းမှုကို နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အထက်ပါကဲ့သို့ ပြန်လည်ဖြေကြား ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ ပြောချင်တာကတော့ အစိုးရပိုင်းအနေနဲ့ နောက် တပ်မတော်လည်း ပါပါတယ်။ နောက် လုံခြုံရေး အဖွဲ့အစည်းတွေကတော့ ဒီအကြမ်းဖက်အန္တရာယ် ကြိုတင်ကာကွယ်ရေးပေါ့နော်။ ဒါကိုတော့ ကျွန်တော်တို့ အထူးဦးစားပေးပြီး လုပ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ ပြည်တွင်းမှာရှိတဲ့ အစွန်းရောက် အကြမ်းဖက်လိုစိတ် အဲဒါတွေ နည်းပါးသွားအောင်လည်း လုပ်နေပါတယ်။ အဓိကကတော့ IS ရဲ့ နည်းဗျူဟာကို ပြန်ကြည့်လိုက်ရင် သက်ဆိုင်ရာ နိုင်ငံထဲမှာရှိတဲ့ Cell ကို မွေးပြီးတော့ ခြေကုပ်ယူပြီး လုပ်တဲ့အတွက် ကျွန်တော်တို့ ပြည်တွင်းမှာ တော်တော်လေး သတိထားပြီး လုပ်နေပါတယ်လို့ ပြောချင်ပါတယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။

အစိုးရအနေဖြင့် အကြမ်းဖက် တိုက်ခိုက်မှုများအား ကာကွယ်တားဆီး နိုင်ရန်အတွက် အစွမ်းကုန် ဆောင်ရွက်နေကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

ဦးဇော်ဌေးက “အမေရိကန်ပြည်ထောင်စုပင်လျှင် တကယ့်အကြမ်းဖက် အန္တရာယ်တွေ ကြုံတွေ့ခဲ့ရတယ်။ တကယ့် ကမ္ဘာမှာ လုံခြုံရေးအရ ခိုင်ခိုင်မာမာ လုပ်နိုင်တဲ့ နိုင်ငံတွေမှာလည်း တော်တော်များများ တွေ့တယ်ပေါ့။ တွေ့ပေမဲ့ ကျွန်တော်တို့က အထူးသဖြင့် အကြမ်းဖက်ရဲ့ အဓိကပြဿနာက IS ကိုပြန်ကြည့်လိုက်ပေါ့။ IS ရဲ့လှုပ်ရှားမှုက ဘာလဲဆိုတော့ ကျွန်တော်တို့ Home Drone Cell တွေ မွေးတာဖြစ်ပါတယ်။ အဲဒီအပေါ်မှာတော့ ကျွန်တော်တို့ပြည်တွင်းက အဓိကကျတယ်။ အပြင်က ဝင်လာတဲ့ အကြမ်းဖက်သမားတွေက ဒီပြည်တွင်းမှာရှိတဲ့ အစွန်းရောက်တွေနဲ့ ချိတ်ဆက်ပြီး လှုပ်ရှားတဲ့သဘောပေါ့။ သီရိလင်္ကာ ဖြစ်စဉ်ကို ကြည့်လိုက်ရင်လည်း အလားတူပဲ ဖြစ်ပါတယ်။ အဲဒီတော့ ဒီအကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားသွားတဲ့ နိုင်ငံတွေကို ကြည့်လိုက်ရင် Home Drone Terrorism ဆိုတဲ့သဘောတွေ ပါလိမ့်မယ်။ သူတို့ကို အစွန်းရောက်စိတ်ပေါ့နော်။ ဒီလိုမျိုး အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်လာအောင် တွန်းအားပေးတဲ့ဟာတွေ၊ နောက်လိုအပ်တဲ့ နည်းပညာပိုင်းဆိုင်ရာတွေ စသည်ဖြင့် အထောက်အကူတွေ ပေးတဲ့အခါမှာ ပြည်တွင်းက လူတွေနဲ့ ချိတ်ဆက်ပြီး အဓိက လုပ်သွားတာ ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့က ပြည်တွင်းကို အထူးဦးစားပေး ရပါတယ်” ဟု ပြောကြားသည်။

ဆက်လက်၍ “တစ်ချိန်တည်းမှာပဲ ပြင်ပကနေ ချိတ်ဆက်ပြီးတော့ ပြောဆိုဆက်သွယ်နေတာနဲ့ ပတ်သက်လို့လည်း ကျွန်တော်တို့ မပြတ်စောင့်ကြည့်ပါတယ်။ ဒီစောင့်ကြည့်မှုတွေ လုပ်သလို ကျွန်တော်တို့ တခြားမိတ်ဆွေ နိုင်ငံတွေကနေပြီးတော့ သူ့နိုင်ငံမှာ အကြမ်းဖက်သမားပေါ့။ ဒီလိုလုပ်ဆောင်ဖို့ ကြိုးပမ်းတဲ့သူတွေ ဖမ်းမိတဲ့အခါမှာ စစ်ကြောချက်တွေအရ ထွက်လာတဲ့ သတင်းအချက်အလက်တွေလည်း ရပါတယ်” ဟု ဆိုသည်။

IS အဖွဲ့သည် အရှေ့အလယ်ပိုင်းတွင် အခြေအနေ မကောင်းတော့ခြင်းကြောင့် အာရှဘက်ကို လှည့်လာပြီး အရှေ့တောင်အာရှ နိုင်ငံဖြစ်သည့် သီရိလင်္ကာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အသေခံဗုံးခွဲ တိုက်ခိုက်မှုသည် ၎င်းတို့အဖွဲ့၏ လက်ချက်ဖြစ်သည်ဟု ကြေညာထားကြောင်း၊ ၂၀၁၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်မြောက်ပိုင်း ပြဿနာကြောင့် မြန်မာနိုင်ငံသည် IS အဖွဲ့၏ ပစ်မှတ်တစ်ခု ဖြစ်လာကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

ဦးဇော်ဌေးက “ဒီအပေါ်မှာလည်း ကျွန်တော်တို့ အကြမ်းဖက်နှိမ်နင်းရေးနဲ့ ပတ်သက်တဲ့ အာဆီယံနိုင်ငံတွင်းမှာ ရှိတဲ့ မိတ်ဆွေနိုင်ငံတွေ ရှိပါတယ်။ သူတို့က ကျွန်တော်တို့ကိုလည်း အမြဲတမ်း သတင်းအချက်အလက်တွေ ပေးပါတယ်။ နောက် ပြည်ထဲရေး၊ နောက် ရဲတပ်ဖွဲ့ပေါ့။ အထူးသဖြင့် အဲဒီအပေါ်မှာလည်း Information တွေပေးတယ်။ မြန်မာနိုင်ငံကို ဘယ်လိုပစ်မှတ်ထားလာတယ်။ ဘယ်လောက်အထိ။ ဥပမာ သူတို့ထောက်လှမ်းရေးတွေက ပြောတာက အိုင်အက်စ်နက်ခ်ဝက်တွေမှာ အကြမ်းဖက် Network တွေမှာ အစွန်းရောက်တွေပြောတဲ့ စကားတွေပေါ့နော်။ ဒီအပေါ်မှာလည်း သူတို့က သတင်းအချက်အလက်တွေ ယူပါတယ်။ နောက်ပြီး သူတို့ဖမ်းဆီးရမိတဲ့ အကြမ်းဖက် Cell တွေရှိတယ်။ ဒီ Cell တွေကနေ ဖော်ထုတ်တာတွေ ယူပါတယ်။ အင်ဒိုနီးရှားဆိုရင် ကျွန်တာ်တို့ မြန်မာနိုင်ငံကို ကြိမ်ဖန်များစွာ သတိပေးထားတာ ရှိပါတယ်။ သူတို့ဘက်မှာလည်း အင်ဒိုနီးရှားမှာလည်း အကြမ်းဖက် တိုက်ဖျက်ရေးကို ဦးစားပေးပြီး ဆောင်ရွက်နေတာဖြစ်တယ်။ သူတို့မှာလည်း လက်ရှိအကြမ်းဖက် တိုက်ခိုက်မှု အန္တရာယ်ပေါ့။ သူတို့လုပ်တာကတော့ အစွန်းရောက်မှု လျှော့ချရေးပေါ့နော်။ ဒါမျိုးတွေနဲ့ ပတ်သက်လို့လုပ်တဲ့အခါမှာ ကြုံတွေ့ရတဲ့ ဟာတွေကို မြန်မာနိုင်ငံကို အမြဲတမ်း Information ပေးပါတယ်။ အခု မလေးရှားက ထုတ်ဖော်ပြောကြား လာတာလည်း ဒီသီရိလင်္ကာ IS နဲ့ဆက်စပ်ပတ်သက်ပြီး ပြောလာတာတွေ ရှိလာတယ်။ အဲဒီတော့ မြန်မာနိုင်ငံကတော့ ဒီ ၂၀၁၂ နောက်ပိုင်းမှာ အကြမ်းဖက်တွေရဲ့ ပစ်မှတ်ကတော့ ဖြစ်နေတာ ကြာပြီပေါ့။ ကြာပေမဲ့လို့ ကျွန်တော်တို့ကတော့ အမျိုးသား လုံခြုံရေးအရ အကြမ်းဖက် တိုက်ဖျက်ရေးကတော့ ဥပဒေလည်း ပြဋ္ဌာန်းထားတယ်။ လုပ်သင့်လုပ်ထိုက်တဲ့ အပိုင်းတွေလည်း လုပ်နေတယ်” ဟု ပြောကြားသည်။

IS အဖွဲ့သည် ပဋိပက္ခပြဿနာများ ဖြစ်ပွားခဲ့ပြီး ရန်လိုမုန်းတီးနေသည့် လူ့အဖွဲ့အစည်းများ အကြားတွင် အခွင့်ကောင်းယူ၍ လှုပ်ရှားခြင်းများ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ လူ့အဖွဲ့အစည်းသည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းက ဘာသာရေး မခွဲခြားဘဲ ဆောင်ရွက်ခဲ့ခြင်းကြောင့် လူငယ်များကို အစွန်းရောက် မဖြစ်စေရန် ကြိုးပမ်းဆောင်ရွက်မှုများ ရှိကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့်လည်း ဘာသာပေါင်းစုံ လှုပ်ရှားမှုများ ပြုလုပ်နေကြောင်း၊ အစွန်းရောက်လိုစိတ်သည် လူငယ်များတွင် ဖြစ်လေ့ဖြစ်ထရှိခြင်းကြောင့် စာသင်ကျောင်းများတွင် ညီညွတ်ရေးနှင့် တစ်ဦးနှင့်တစ်ဦး ပူးပေါင်းဆောင်ရွက်ရေးတို့ကို တိုးမြှင့်လုပ်ဆောင် နေကြောင်း၊ CSO များ၊ လူမှုရေး အသင်းအဖွဲ့များနှင့် လူငယ်အကြမ်းဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပဋိပက္ခများ အကြောင်းပြု၍ သွေးထိုးလာပြီး အစွန်းရောက်များ တိုးပွားလာမည့် အရေးကို ဖြည်းဖြည်းချင်း တားဆီးသွားမည် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်း ပြဿနာကို အခြေခံ၍ စွဲဆောင်စည်းရုံးမှုများ ရှိနေကြောင်း ဦးဇော်ဌေးက ဆိုသည်။

 

Most Read

Most Recent