ခရီးသွား ဝင်ထွက်မှုများသည့် ပြည်တွင်းလေဆိပ်များဖြစ်သော ဟဲဟိုး၊ သံတွဲနှင့် ညောင်ဦးလေဆိပ်များ အပါအဝင် လေဆိပ် ၁၀ ခု၏ အဆောက်အအုံနှင့် ပြေးလမ်းတိုးချဲ့ခြင်းကို အစိုးရသစ်၏ တတိယ တစ်နှစ်တာအတွင်း ဆောင်ရွက်နိုင်ခဲ့

ခရီးသွား ဝင်ထွက်မှုများသည့် ပြည်တွင်းလေဆိပ်များဖြစ်သော ဟဲဟိုး၊ သံတွဲနှင့် ညောင်ဦးလေဆိပ်များ အပါအဝင် လေဆိပ် ၁၀ ခု၏ အဆောက်အအုံနှင့် ပြေးလမ်းတိုးချဲ့ခြင်းကို အစိုးရသစ်၏ တတိယ တစ်နှစ်တာအတွင်း ဆောင်ရွက်နိုင်ခဲ့
ပြည်တွင်းလေဆိပ် တစ်ခုဖြစ်သည့် ကော့သောင်းလေဆိပ်အား တွေ့ရစဉ်
ပြည်တွင်းလေဆိပ် တစ်ခုဖြစ်သည့် ကော့သောင်းလေဆိပ်အား တွေ့ရစဉ်
Published 17 April 2019

ခရီးသည် ဝင်ထွက်မှု များပြားသည့် ပြည်တွင်းလေဆိပ်များဖြစ်သည့် မြစ်ကြီးနား၊ ဟဲဟိုး၊ သံတွဲ၊ လွိုင်ကော်နှင့် ညောင်ဦး လေဆိပ်များ အပါအဝင် လေဆိပ် ၁၀ ခု၏ လေဆိပ်အဆောက်အအုံနှင့် ပြေးလမ်းတိုးချဲ့ခြင်းများအား အစိုးရသစ်၏ တတိယ တစ်နှစ်တာအတွင်း ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

ခရီးသည် ဝင်ထွက်မှု များပြားသည့် မြစ်ကြီးနား၊ ပူတာအို၊ လားရှိုး၊ ဟဲဟိုး၊ မိုင်းဆတ်၊ စစ်တွေ၊ သံတွဲ၊ လွိုင်ကော်၊ မာန်အောင်နှင့် ညောင်ဦးလေဆိပ်များ၏ လေဆိပ်အဆောက်အအုံနှင့် ပြေးလမ်းတိုးချဲ့ခြင်းများ အပြင် အခြားလိုအပ်သည့် ပြင်ဆင်မှုများကို အစိုးရသစ်၏ တတိယ တစ်နှစ်တာအတွင်း ဆောင်ရွက်ပေးနိုင် ခဲ့ခြင်းဖြစ်သည်။

ဟဲဟိုး၊ မော်လမြိုင်နှင့် ကော့သောင်းလေဆိပ်များကို PPP အစီအစဉ်ဖြင့် အကောင်အထည် ဖော်ရန်အတွက် ပွင့်လင်းမြင်သာစွာ တင်ဒါခေါ်ယူရွေးချယ်ပေးခဲ့ပြီး မူဆယ်လေဆိပ်သစ် တည်ဆောက်ရေး လုပ်ငန်းများအတွက် တင်ဒါခေါ်ယူထားပြီး ဖြစ်ကြောင်း သိရသည်။

ဝေးလံခေါင်ပါးပြီး တောင်တန်းထူထပ် ပေါများသည့် ချင်းပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများ၊ လမ်းပန်းဆက်သွယ်မှု အဆင်ပြေ ချောမွေ့စေရေးအတွက် ချင်းပြည်နယ် ဖလမ်းမြို့၌ ATR-72 လေယာဉ်များ ဆင်းတက် အသုံးပြုနိုင်သည့် လေဆိပ်ကို နိုင်ငံတော်ဘတ်ဂျက်ဖြင့် တည်ဆောက်ခဲ့ပြီး လက်ရှိတွင် ရာခိုင်နှုန်း ၅၀ အထိ ပြီးစီးသွားပြီဖြစ်သည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း လေယာဉ်ပျံသန်းဆင်းတက် အသုံးပြုနိုင်ရန် ဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီးက တတိယ တစ်နှစ်တာ ဆောင်ရွက်မှုများတွင် ထည့်သွင်း ပြောကြားခဲ့ကြောင်း သိရသည်။

လေကြောင်းခရီးသွားလာမှုကို နိုင်နင်းစွာ ကိုင်တွယ်နိုင်မည့် ကမ္ဘာ့အဆင့်မီ လေဆိပ်တစ်ခုအဖြစ် ရည်ရွယ်ပြီး ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကို ဂျပန်နိုင်ငံ၏ ချေးငွေအကူအညီဖြင့် တည်ဆောက်နိုင်ရန် ဆောင်ရွက်နေကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

အစိုးရသစ်၏ တတိယတစ်နှစ်တာအတွင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၏ ပြောကြားချက်များအား   နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားခြင်းဖြစ်သည်။

လေကြောင်းကဏ္ဍတွင် အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်း အဖွဲ့ချုပ်၏ စံချိန်စံညွှန်း သတ်မှတ်ချက်များ၊ မြန်မာနိုင်ငံ လေယာဉ်အက်ဥပဒေနှင့် နည်းဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ဘေးအန္တရာယ်ကင်းရှင်းစွာ၊ လုံခြုံစိတ်ချစွာနှင့် စွမ်းအားပြည့် ပျံသန်းနိုင်ရေး၊ စဉ်ဆက်မပြတ် တိုးတက်ရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ကို ဆောင်ရွက်လျက်ရှိကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာနမှ သိရသည်။

ယင်းပြင် နိုင်ငံပိုင်လေကြောင်းလိုင်း တစ်ခုဖြစ်သည့် မြန်မာအမျိုးသား လေကြောင်းလိုင်းမှ ၂၀၁၈ ခုနှစ်တွင် ခရီးသည် ၁ ဒသမ ၇ သန်းကျော် ဝန်ဆောင်မှုပေးနိုင်ခဲ့သည့် ယခုနှစ်တွင် ခရီးသည် ပို့ဆောင်မှုနှစ်ဆခန့် မြင့်တက်လာမည်ဟု မျှော်မှန်း ထားကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသန့် စင်မောင်က ပြောကြားသည်။

မြန်မာအမျိုးသား လေကြောင်းလိုင်းအနေဖြင့် ပြည်တွင်း၂၈ မြို့နှင့် ဘန်ကောက်၊ စင်ကာပူ၊ ချင်းမိုင်၊ ဟောင်ကောင်၊ ချန်ဒူးနှင့် ဂါယာမြို့များကို ပုံမှန်ခရီးစဉ်များ ပျံသန်းနေကြောင်း သိရသည်။ ယင်းပြင် ၂၀၁၈၊ ဒီဇင်ဘာ ၂၅ ရက်တွင် ရန်ကုန်-ပုသိမ် စင်းလုံးငှား ခရီးစဉ်အား စတင်ပျံသန်းခဲ့ကြောင်း သိရသည်။                     ရွှန်းလဲ့ဝင်း

Most Read

Most Recent