ဧပြီလ(၁၆)ရက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်(ဒုတိယအကျော့)ပွဲစဉ်တွေမှာ ဘာစီလိုနာအသင်းက မန်ယူကို အိမ်ကွင်းမှာ ထပ်မံအနိုင်ယူပြီး စီးရီးအေထိပ်သီး ဂျူဗင်တပ်စ်အသင်းကတော့ မမျှော်လင့်ဘဲ ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။
ဘာစီလိုနာ-မန်ယူပွဲမှာ မန်ယူအသင်း ပွဲစစချင်း ဖိအားပေးနိုင်ခဲ့ပြီး ရပ်ရှ်ဖို့ဒ် အပိုင်အခွင့်အရေးတစ်ကြိမ် ရပေမယ့် ဂိုးဘားတန်းထိထွက်ခဲ့လို့ နစ်နာခဲ့ရပါတယ်။
ဒါပေမဲ့ မန်ယူအသင်း မမျှော်လင့်ဘဲ အိမ်ရှင်အသင်းကို ဂိုးတွေ အလွယ်တကူခွင့်ပြုလိုက်ရတယ်။
(၁၆)မိနစ်မှာ အက်ရှ်လေယန်းထံက ပျက်သွားတဲ့ဘောလုံးကို မက်ဆီ ဆွဲပြေးကာ ကန်သွင်းယူခဲ့ပြီး (၄)မိနစ်အကြာမှာ မက်ဆီရဲ့ကန်ချက်က မပြင်းပေမယ့် ဂိုးသမား ဒီဟေးယား ကာကွယ်ရာမှာ ဂျိုင်းအောက်ကနေဂိုးဝင်ကနေ ဂိုးဝင်သွားလို့ ဒုတိယဂိုး ထပ်ပေးလိုက်ရပါတယ်။
ဒီဟေးယားဟာ ယခုရာသီမှာ ဂိုးပေးလိုက်ရတဲ့ ပြိုင်ပွဲစုံ အမှား(၃)ကြိမ်ရှိခဲ့ကာ ပရီးမီးယားလိဂ်ဂိုးသမားတွေထဲမှာ ဘီဂိုဗစ်(၅ ကြိမ်)၊ ပစ်ဖို့ဒ်(၄ ကြိမ်)တို့ပြီးရင် တတိယအများဆုံးဖြစ်နေပြီး မန်ယူကစားသမားအဖြစ် ပထမဆုံးအကြိမ် ဂိုးဧရိယာအပြင်ကန်ချက်တွေကနေ (၃)ဂိုးအထိ ပေးလိုက်ရတာပါ။
မက်ဆီကတော့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲတွေမှာ (၁၂)ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့တာလည်းဖြစ်တယ်။
(၆၁)မိနစ်မှာတော့ ကော်တင်ဟိုက တတိယဂိုးထပ်သွင်းပြီး ဘာစီလိုနာအသင်းကို ၂၀၁၅ နောက်ပိုင်း ဆီမီးဖိုင်နယ် ပြန်လည်တက်ရောက်စေခဲ့ပါတယ်။
မန်ယူအနေနဲ့ ပြိုင်ပွဲစုံအဝေးကွင်း(၄)ပွဲဆက်တိုက် ရှုံးနိမ့်မှုဟာ ၁၉၉၉ အောက်တိုဘာလနောက်ပိုင်း ပထမဆုံးဖြစ်ပြီး လက်ရှိနည်းပြ ဆိုးလ်ရှားဟာ ၁၉၉၉ ခုနှစ်က အဲဒီရှုံးပွဲတွေအားလုံးမှာ ကစားသမားအဖြစ် ပါဝင်ခဲ့ပါတယ်။
လက်ရှိချန်ပီယံ ရီးယဲလ်အသင်းကို ဖြုတ်ချထားခဲ့တဲ့ အေဂျက်စ်အသင်းဟာ အခုတစ်ကြိမ်မှာလည်း ဂျူုဗင်တပ်စ်အသင်းကို အဝေးကွင်းမှာ အနိုင်ယူပြီး အားလုံးကို အံ့အားသင့်စေခဲ့ပါတယ်။
စီရော်နယ်လ်ဒိုက (၂၈)မိနစ်မှာ ဦးဆောင်ဂိုးကို ခေါင်းတိုက်သွင်းခဲ့ပေမယ့် အေဂျက်စ်ကွင်းလယ်လူ ဗန်ဒယ်ဘိခ်က (၆)မိနစ်အကြာမှာ ချေပဂိုး ပြန်သွင်းခဲ့ပြီး (၆၇)မိနစ်မှာ အသင်းခေါင်းဆောင် ဒယ်လစ်က အနိုင်ဂိုးသွင်းယူခဲ့ပါတယ်။
အေဂျက်စ်အသင်းအနေနဲ့ ၁၉၉၇ ကတည်းက ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို တစ်ကျော့ပြန်တက်ရောက်နိုင်တာဖြစ်ပြီး ခြေစစ်ပွဲ အဆင့်(၃)ဆင့်ကို ဖြတ်သန်းကာ ဆီမီးတက်နိုင်တဲ့ ပထမဆုံးအသင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
ဆီမီးဖိုင်နယ်ပွဲတွေမှာ ဘာစီလိုနာက လီဗာပူးလ်-ပေါ်တိုပွဲ အနိုင်ရတဲ့အသင်း၊ အေဂျက်စ်က စပါး-မန်စီးတီးပွဲ အနိုင်ရတဲ့အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။
■ ချန်ပီယံလိဂ်ရလဒ်များ
ဘာစီလိုနာ ၃-၀ မန်ယူ
(နှစ်ကျော့ပေါင်း ၄-၀ ဖြင့် ဘာစီလိုနာ နိုင်)
ဂျူဗင်တပ်စ် ၁-၂ အေဂျက်စ်
(နှစ်ကျော့ပေါင်း ၃-၂ ဖြင့် အေဂျက်စ် နိုင်)
■ ပရီးမီးယားလိဂ်ပွဲကျန်ရလဒ်
ဘရိုက်တန် ၀-၂ ကာဒစ်ဖ်