သရုပ်ဆောင် နေခြည်ဦးနှင့် တွေ့ဆုံခြင်း

သရုပ်ဆောင် နေခြည်ဦးနှင့် တွေ့ဆုံခြင်း
Published 6 June 2018

Beauty Blogger တစ်ဦးအဖြစ် ပရိသတ်များ စတင်သတိထားမိစေခဲ့ပြီး ချစ်စဖွယ်ဟန်ပန်လေးများအား ပိုင်ဆိုင်ထားသူ နေခြည်ဦးမှာ ချစ်ခင်အားပေးသည့် ပရိသတ်များပြားလှသူတစ်ဦးဖြစ်သည်။ အောင်မြင်သည့် Beauty Blogger တစ်ဦးအဖြစ်မှသည် သရုပ်ဆောင်တစ်ဦးအဖြစ် ရုပ်ရှင်ဇာတ်ကားတစ်ကား ရိုက်ကူးပြီးဖြစ်ကာ ယခုအခါ “ဧည့်သည်” ဟု အမည်ပေးထားသည့် ဒုတိယမြောက်ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ရန် စီစဉ်ထားပါသည်။ အချစ်ကြီးသည့် မိန်းကလေးတစ်ဦးပုံစံဖြင့် သရုပ်ဆောင်သွားမည့် နေခြည်ဦးက လတ်တလောတွင် ချမ်းမြေ့ပျော်ရွှင်ဖွယ် အချစ်ရေးကို ပိုင်ဆိုင်ထားသူလည်းဖြစ်သည်။ လှုပ်ရှားမှုတိုင်းအား ပရိသတ်စိတ်ဝင်စားစေသူ သရုပ်ဆောင် Beauty Blogger နေခြည်ဦးနှင့်တွေ့ဆုံ၍ ဒုတိယမြောက်ဇာတ်ကားအတွက် ပြင်ဆင်ထားမှုများ၊ စိတ်ချမ်းမြေ့ပျော်ရွှင်ရသည့် အချစ်ရေး၊ ပရိသတ်စိတ်ဝင်စားလျက်ရှိသည့် ရက်စွဲွတစ်ခုအကြောင်းများကို မေးမြန်းဖြစ်ခဲ့ပါသည် ...

‘ကိုယ့်စိတ်ထဲမှာ ခံစားမှုအတိုင်း သရုပ်ဆောင်ရမှာဆိုတော့ လွတ်လပ်တယ်။ အချစ်ကိုတန်ဖိုးထားတဲ့ မိန်းကလေးတစ်ယောက် ပုံစံရအောင်တော့ လုပ်ဖြစ်မှာပါ’

■ မေး - ဧည့်သည်ဆိုတဲ့ဇာတ်ကားမှာ ဘယ်လိုဇာတ်ရုပ်မျိုးနဲ့ ပါဝင်သရုပ်ဆောင်ဖြစ်မလဲဆိုတာလေး အရင်ပြောပြပေးပါလား။

ဖြေ - နေခြည်က ဒီဇာတ်ကားထဲမှာတော့ အရမ်းချစ်တတ်တဲ့ ကောင်မလေးတစ်ယောက်။ ဘဝမှာအချစ်ကိုကိုးကွယ်တယ်။ အချစ်ကလွဲလို့ ဘာမှမသိဘူး။ ကိုယ်နိုင်ငံခြားထွက်သွားတဲ့အခါ ဘဝမှာမျှော်လင့်မထားတာတွေ ဖြစ်လာတဲ့အတွက် မိန်းကလေးတစ်ယောက်ရဲ့ အချစ်က ဘယ်လိုဖြစ်လာမလဲပေါ့။ အဲဒါလေးကို ပြထားတဲ့ ဇာတ်ကားလေးပါ။

■ မေး - ဒီဇာတ်ကားက သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းဆိုတော့ တခြားဇာတ်ကားတွေနဲ့ ဘယ်လိုကွဲပြားတဲ့ပုံစံမျိုး မြင်တွေ့ရမလဲ။

ဖြေ - ဒီကားမှာ နေခြည်ပါဝင်ရမှာက အချစ်အတွက် အရူးအမူးပေါ့။ ကိုယ့်ချစ်သူပျော်မယ်ဆိုရင် ဘာပဲလုပ်ပေးရလုပ်ပေးရဆိုတဲ့ ပုံစံမျိုးပေါ့။ ကိုယ့်ချစ်သူနားမှာပဲ နေချင်တယ်။ အဲဒီလိုပုံစံမျိုး။ ရွှေထူးရဲ့ ကာရိုက်တာကျတော့ ချစ်သူက သူ့ဘေးနားမှာ တစ်ချိန်လုံး ရှိနေတာကို စိတ်ကျဉ်းကျပ်တဲ့ပုံစံမျိုး။ ရွှေမှုန်ကျတော့လည်း ကိုယ့်စိတ်ထဲမှာ ဘာလိုချင်တယ်ဆိုတာကို မသိဘူး။ အချစ်သစ်တစ်ခုတွေ့တဲ့အခါ ဖြစ်ပေါ်လာတဲ့ ခံစားချက်မျိုး။ နေခြည့်ကာရိုက်တာဆိုရင် အရင်က နေခြည်မှာဖြစ်ခဲ့တဲ့ relationship တွေထဲက အကြောင်းအရာမျိုးတွေ အများကြီးပါတယ်။ ဇာတ်ညွှန်း ကိုမိုးနီ ပြောလိုက်တဲ့စကားလုံးတွေ၊ ဇာတ်ညွှန်းကို ဖတ်လိုက်တဲ့အခါ နေခြည်မျက်ရည်ကျရတယ်။ ဒါကြောင့် အပြင်က လူငယ်တွေနဲ့လည်း ခံစားချက်ချင်း တိုက်ဆိုင်မယ်လို့ထင်တယ်။ လူငယ်တွေကြားက အခြေအနေ စိတ်ခံစားမှုတွေကို ဖော်ညွှန်းမယ်လို့ ထင်ပါတယ်။

■ မေး - လက်ရှိအချစ်ရေးမှာ စိတ်ချမ်းသာမှု အပြည့်အဝရတယ်လို့ ပရိသတ်တွေက ထင်ကြတယ်နော်။

ဖြေ - အခုကတော့ သူချစ်ကပိုများတော့ သူကကိုယ့်ကို စိတ်ပူပေးတယ်။ အနွံတာခံတယ်ဆိုတော့ စိတ်ချမ်းသာရတာပေါ့နော်။ ကိုယ့်အချစ်ရေးက အရမ်းပျော်နေလို့တောင် ဒီဇာတ်ကားရိုက်တဲ့အခါ စိတ်ညစ်ရတဲ့ခံစားမှုမျိုး ထည့်နိုင်ပါ့မလားလို့ တွေးမိတယ်။ အဲဒါကြောင့် သူ့ကိုလည်းပြောထားတယ်။ ဒီကားရိုက်နေတုန်း ခဏတော့ ရန်ဖြစ်ရအောင်လို့။ ခဏလောက် အဆက်အသွယ် ဖြတ်ထားပါလားလို့ စနေမိပါတယ်။

■ မေး - ပထမတစ်ကားရိုက်ပြီးပြီဆိုတော့ အခုဇာတ်ကားက ဘယ်လိုကွာခြားတဲ့ခံစားမှုတွေ၊ အတွေ့အကြုံတွေ ရမယ်လို့ထင်လဲ။

ဖြေ - ပထမကားတုန်းက pressure အရမ်းများတယ်။ ရိုက်နေတုန်းလည်း သုံးရက်လောက် ဖျားခဲ့တယ်။ ကိုယ်မဟုတ်တဲ့ လူတစ်ယောက် ပုံစံလုပ်ရတာ တကယ်မလွယ်ပါဘူး။ ကိုယ်လုပ်လိုက်လို့မှားမှာကို၊ ဒါရိုက်တာက စိတ်တိုင်းမကျမှာ အရမ်းစိုးရိမ်ခဲ့တယ်။ အခုကတော့ ကိုယ့်စိတ်ထဲမှာ ခံစားမှုအတိုင်း သရုပ်ဆောင်ရမှာဆိုတော့ လွတ်လပ်တယ်။ အချစ်ကိုတန်ဖိုးထားတဲ့ မိန်းကလေးတစ်ယောက် ပုံစံရအောင်တော့ လုပ်ဖြစ်မှာပါ။

■ မေး - နောက်ပိုင်းမှာရော အနုပညာနဲ့ ကိုယ်ပိုင်စီးပွားရေး ဘာကိုဦးစားပေးဖြစ်မလဲ။

ဖြေ - နေခြည် အရင်ကတည်းက စီးပွားရေးပဲလုပ်မယ်လို့ အမြဲစဉ်းစားခဲ့တယ်။ ကျောင်းပြီးလို့ပြန်လာတော့လည်း မိသားစုစီးပွားရေးမှာ ဝင်လုပ်ပေးတယ်။ မထင်မှတ်တဲ့အချိန်မှာ အနုပညာအလုပ်တွေ လုပ်ခွင့်ရတယ်။ နေခြည်ခံစားချက်က ကိုယ်ဝါသနာပါတဲ့ အလုပ်ကို လုပ်ခွင့်ရတဲ့အချိန်မှာ ပျော်ရွှင်တယ်။ ကုသိုလ်တွေ မေတ္တာတွေ အများကြီးရတယ်လို့လည်း ခံစားရတယ်။ entertainer တစ်ယောက် ဖြစ်ရတာကိုကြိုက်တယ်။ ကိုယ်လုပ်တဲ့အလုပ်က ပိုက်ဆံတွေ အများကြီး ရခြင်းမရခြင်းထက် passionate ဖြစ်နေဖို့ လိုအပ်တယ်။ ဒါကြောင့် ဒီအလုပ်ကို တန်ဖိုးထားပါတယ်။

■ မေး - ညီမလေးနဲ့ နှစ်ယောက်တွဲ ဗီဒီယိုလေးတင်ဖြစ်တာကို ပရိသတ်တွေကလည်း သဘောကျတယ်နော်။

ဖြေ - ပီတိအရမ်းဖြစ်ရသလို အမှတ်တရလည်း ဖြစ်ရပါတယ်။ ညီမလေးက နေခြည်ထက်ပိုပြီး အနုပညာပိုး ပိုများတယ်။ အဆိုတော်လည်း ဖြစ်ချင်သလို သရုပ်ဆောင်လည်း ဖြစ်ချင်တယ်။ သိုင်းတို့မြန်မာအကတို့ဆိုလည်း တတ်တယ်။ နေခြည်တို့က ပညာအရည်အချင်းကို ထိခိုက်မှာစိုးလို့ ပညာရေးကို ဦးစားပေးခိုင်းတာပေါ့နော်။ အခုလိုရိုက်ဖြစ်တာကတော့ ညီမတစ်ယောက်အနေနဲ့ အစ်မဆီက ဘယ်လိုအချက်လေးတွေ လိုချင်လဲဆိုတာ သိချင်တယ်။ တစ်ယောက်နဲ့တစ်ယောက်က နီးကပ်နေပေမယ့် relation က မနီးဘူး။ ညီမလေးတွေ မောင်လေးတွေမှာ အဲဒီလို ပြောစရာစကားတွေ ရှိမှာပဲလေ။ အဲဒါကြောင့် ဒီဗီဒီယိုဖိုလ်လေးတင် ဖြစ်တဲ့အခါ ပရိသတ်တွေက နေခြည်တို့ ညီအစ်မနှစ်ယောက်လုံးကို ချစ်ပေးကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ တခြားသောညီအစ်မတွေ၊ မောင်နှမတွေမှာလည်း ဒီလိုအငယ်ရဲ့ ရင်ထဲကခံစားမှုလေးတွေ သိအောင်လုပ်ဖို့ လိုအပ်မယ်လို့ ထင်ပါတယ်။

■ မေး - မင်္ဂလာပွဲလုပ်မယ့်ရက်လို့ နေခြည်တို့တင်ထားတဲ့ နေ့စွဲလေးတစ်ခုကိုကြည့်ပြီး ပရိသတ်တွေက ပျော်နေကြပြီ။ အဲဒါလေးနဲ့ ပတ်သက်လို့ပြောပါဦး။

ဖြေ - အချစ်ရေးက ပျော်ရွှင်ပါတယ်။ ဒါပေမဲ့ မနက်ဖြန်မှာ ဘာဖြစ်မယ်ဆိုတာ ကြိုမသိရတဲ့အတွက် နေခြည်တင်လိုက်တာက ၂၀.၂.၂၀၂၀ ပေါင်းခြင်းက ရှစ်ပေါ့။ အဲဒီလိုထူးခြားတဲ့ရက်လေးမှာ အမှတ်တရ တစ်ခုခုတော့လုပ်မယ်။ သီးခြား စီစဉ်ထားတာမျိုးတော့ မရှိသေးပါဘူး။ ဖြစ်နေတဲ့ အချိန်လေးမှာ ပျော်တယ်။ ကျေနပ်တယ်။ အဲဒီလိုလေးပဲ စိတ်ထဲမှာထားပါတယ်။

Most Read

Most Recent