<

သူတို့ ဘာလုပ်နေလဲ၊ ဘာလုပ်ဖို့ ရှိလဲ

■ မျိုးကျော့မြိုင်

လတ်တလောတော့ ထူးထူးခြားခြားအနေနဲ့ Myanmar Idol Season 3 မှာ အကဲဖြတ်ဒိုင်အနေနဲ့ပါဝင်ရပါမယ်။ ကျွန်တော် အခုလိုသီချင်းဆိုပြိုင်ပွဲမှာ အရင်ကတည်းကလည်း ဒိုင်အနေနဲ့ ပါဝင်ချင်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်သာ နည်းပညာပိုင်းအရ၊ အဆိုပညာပိုင်းအရ မှားယွင်းခဲ့တာတချို့ရှိနိုင်ပေမယ့် ၀ါသနာရှင် မျိုးဆက်သစ်တွေအတွက်တော့ လမ်းမှန်တစ်ခုဖြစ်လာအောင် လမ်းညွှန်ပေးချင်တာကြောင့်ပါ။ အဆိုတော်တစ်ယောက်ဖြစ်လာဖို့ဆိုတာ တကယ်ကိုမလွယ်ပါဘူး။ ဒါကြောင့် ဘယ်လိုနည်းစနစ်မှန်မှန်နဲ့ ဖျော်ဖြေတင်ဆက်ရမယ်ဆိုတာ လမ်းညွှန်ပေးချင်ပါတယ်။ အဲဒီအတွက် အခုလိုပါဝင်ခွင့်ရတာ တကယ်ဝမ်းသာပါတယ်။

■ ရန်အောင်

လတ်တလောတော့ Myanmar Idol Season 3 မှာ အကဲဖြတ်ဒိုင်အဖြစ် ပါဝင်ပါမယ်။ ကျွန်တော်ဒီပြိုင်ပွဲကို အရင်ကတည်းကလည်း စောင့်ကြည့်အားပေးခဲ့ပါတယ်။ ကျွန်တော်သာ အကဲဖြတ်ဒိုင်တစ်ယောက်ဖြစ်မယ်ဆိုရင် ပြိုင်ပွဲဝင်တွေအတွက် အကြံပေးစကားတွေကို ဘယ်လိုနားဝင်ချိုအောင် ပြောမယ်ဆိုတာလေးတွေလည်း စဉ်းစားခဲ့ဖူးပါတယ်။ အခုတကယ်တမ်း ပါဝင်ခွင့်ရတယ်ဆိုတော့ ၀မ်းသာပါတယ်။ ဒီတစ်ခေါက်ပြိုင်ပွဲမှာ ဂီတပညာရှင်တွေနဲ့အတူ ကျွန်တော့်လိုရုပ်ရှင်သမားတစ်ယောက်လည်း ပါဝင်လာတဲ့အတွက် ဘက်စုံအရည်အသွေးတွေနဲ့ပြည့်ဝတဲ့ မျိုးဆက်သစ်အနုပညာရှင်တစ်ယောက် ထွက်ပေါ်လာမယ်လို့ ယုံကြည်ပါတယ်။

■ ရဲတိုက်

လတ်တလောကတော့ ဖွေးဖွေးနဲ့ ကြော်ငြာတစ်ခုရိုက်ထားတယ်။ ဘိုဘိုထုတ်လုပ်ရေးကရိုက်ကူးမယ့် ဗီဒီယိုဇာတ်ကားမှာ သရုပ်ဆောင်ဖို့ရှိတယ်။ ဇာတ်လမ်းပုံစံကလည်း ကျွန်တော်သဘောကျပါတယ်။ အဲဒါကြောင့် လက်ခံဖြစ်တာပါ။ ဒီဇာတ်ကားပြီးရင် 7 Sense Production နဲ့လည်း ရုပ်ရှင်ကားကြီးရိုက်ကူးဖို့ရှိတယ်။ ဆာတိုရီနဲ့လည်းရိုက်ဖို့ စီစဉ်ထားပါတယ်။ ကျွန်တော့်အနေနဲ့ အခုချိန်မှာ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ဖို့ စိတ်အားထက်သန်ပါတယ်။ ပရိသတ်တွေက အချိန်တွေအကြာကြီးစောင့်ခဲ့ရတာဆိုတော့ ထပ်ပြီးမစောင့်စေချင်တော့ဘူး။ ဒါကြောင့် ဇာတ်ကားတွေ ဆက်တိုက်ရိုက်ချင်ပါတယ်။

■ အိချောပို

လတ်တလောတော့ ကိုရဲတိုက်နဲ့ ‘မှန်’ ဆိုတဲ့ ဗီဒီယိုဇာတ်ကားရိုက်ဖို့ရှိပါတယ်။ ဒီဇာတ်ကားက ထူးခြားတဲ့ဇာတ်လမ်းပုံစံလေးပါ။ ကိုရဲတိုက်နဲ့ကတော့ ထူးထူးခြားခြားလေး တွဲဖက်သရုပ်ဆောင်ရမှာပေါ့နော်။ သူက သရုပ်ဆောင်တာလည်း တကယ်ကောင်းတဲ့သူဆိုတော့ ဒီဇာတ်ကားကပရိသတ်တွေအတွက် ထူးခြားမှာပါ။ ဒီဇာတ်ကားပြီးရင် ရုပ်ရှင်ကားကြီးရိုက်ဖို့ ပြောထားတာတွေရှိတယ်။ ညီမပါဝင်ထားတဲ့ ရုပ်ရှင်ကားကြီးတွေလည်း ရုံတင်ပြသဖို့တွေရှိပါတယ်။ ရိုက်ထားတဲ့ဇာတ်ကားတွေထဲမှာ ဇာတ်ရုပ်ပိုင်းအရ ထူးခြားတာတွေရော၊ ဇာတ်လမ်းပုံစံ ထူးခြားတာလေးတွေရောပါပါတယ်။ အခုနှစ်ထဲမှာလည်း ညီမကိုကမ်းလှမ်းလာမယ့်ထဲက ကိုယ်နဲ့အလိုက်ဖက်ဆုံးဖြစ်ပြီး ပရိသတ်တွေအတွက်လည်း ထူးခြားစေမယ့်ဇာတ်ကားမျိုးတွေ လက်ခံဖြစ်ပါမယ်။

■ တင်ဇာမော်

လတ်တလောတော့ Myanmar Idol Season 3 မှာ အကဲဖြတ်ဒိုင်အနေနဲ့ ဒုတိယအကြိမ်ပါဝင်ခွင့်ရတဲ့အတွက် ၀မ်းသာပါတယ်။ ပိုပြီးတော့လည်း တာဝန်ကြီးလာတယ်လို့ ခံစားရတယ်။ အခုတစ်ခေါက်မှာ ပြိုင်ပွဲဝင်တွေအတွက် တန်ဖိုးရှိတဲ့အကြံဥာဏ်တွေ၊ ထိရောက်မယ့်လမ်းညွှန်မှုတွေ၊ အားနည်းချက်တွေအပေါ် သုံးသပ်ပေးနိုင်မှာတွေကို ဘယ်လိုစကားလုံးသုံးစွဲမှုမျိုးနဲ့ အကောင်းဆုံးပြောပေးမလဲဆိုတာလည်း သေချာလေးစဉ်းစားပြင်ဆင်တယ်။ ကိုယ်တိုင်ကလည်း စိတ်ခံစားမှုလွယ်တော့ Emotion ကို ဘေးဖယ်ထားပြီး ရင့်ကျက်တဲ့စိတ်နဲ့ အကောင်းဆုံးစိတ်နှစ်ပြီး ပါဝင်ပေးဖို့ ရည်မှန်းထားပါတယ်။ မြို့ကြီးတွေမှာ လှည့်လည်ရွေးချယ်တာတွေ စလုပ်တော့မှာပါ။

■ မေဂရေ့စ်ပယ်ရီ

လတ်တလောကတော့ မဂ္ဂဇင်းကာဗာတွေ၊ ဖက်ရှင်ကဏ္ဍတွေမှာ ပါဝင်ထားဖြစ်တယ်။ ကြော်ငြာတချို့ ရိုက်ကူးထားတာတွေလည်းရှိပါတယ်။ MTV တချို့လည်း ရိုက်ထားတယ်။ ညီမနောက်ပိုင်းကတော့ မော်ဒယ်လ်တစ်ယောက်အနေနဲ့လည်း လှုပ်ရှားဖြစ်မယ်။ သရုပ်ဆောင်ပိုင်းကတော့ ကိုယ်လည်း အရမ်းပိုင်နိုင်တဲ့အလုပ်မဟုတ်တော့ နည်းနည်းတော့ စဉ်းစားပါဦးမယ်။ မေ သင်ထားတဲ့ပညာတွေအပေါ်အခြေခံတဲ့ စီးပွားရေးလုပ်ငန်းမျိုးလည်း နောက်ပိုင်းမှာလုပ်ချင်တယ်။ ညီမလေးကလည်း အခု သူဝါသနာပါတဲ့ ဂီတအလုပ်တွေ လုပ်နေတယ်ဆိုတော့ သူ့ကိုလည်း တတ်နိုင်တဲ့အပိုင်းရှိရင် ကူညီပေးချင်တယ်။ မေတို့ညီအစ်မနှစ်ယောက်လုံးကို အားပေးကြတဲ့ပရိသတ်တွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ ညီမပါဝင်ထားတဲ့ ကြော်ငြာတွေ၊ MTV လေးတွေကိုလည်း အားပေးကြပါဦးလို့။ ရှေ့ဆက်ပြီးတော့လည်း ကြိုးစားသွားပါဦးမယ်လို့ ပြောချင်ပါတယ်။

■ ချောစုခင်

လတ်တလောတော့ မချောစုရဲ့တစ်ကိုယ်တော်ပွဲအတွက် အပြည့်အ၀အာရုံစိုက်ပြီး ပြင်ဆင်နေပါတယ်။ ပထမဆုံးတစ်ကိုယ်တော်ပွဲဖြစ်တာကြောင့် စိတ်လည်းလှုပ်ရှားတယ်။ ပရိသတ်တွေအတွက်လည်း အပြည့်အ၀ တင်ဆက်ပေးချင်တယ်။ ဒါကြောင့် အချိန်ယူပြင်ဆင်နေတာပါ။ ဒီပွဲမှာ မချောစုရဲ့ထွက်ခဲ့ပြီးတဲ့သီချင်းတွေထဲက ပရိသတ်နဲ့အမှတ်တရရှိမယ့် သီချင်းလေးတွေ ရွေးချယ်ပြီးဆိုဖြစ်မယ်။ သီချင်းအပုဒ် ၃၀ ကျော်လောက် ဆိုဖို့ရည်မှန်းထားပါတယ်။ မချောစုတို့ အတူဖြတ်သန်းခဲ့ကြတဲ့ အနုပညာမောင်နှမတွေလည်း လာရောက်အားပေးကူညီကြဖို့တွေလည်း ရှိပါတယ်။ မချောစုရဲ့ပွဲလေးကို စောင့်မျှော်နေတဲ့ပရိသတ်တွေ ကျေနပ်ရမယ့်ပွဲတစ်ပွဲဖြစ်အောင် တက်ဆက်သွားမှာပါ။

January 13, 2018














Copy Protected by Chetan's WP-Copyprotect.