တောင်အမေရိကအသင်းများနှင့် ဂျာမနီအသင်းတို့ ဆီမီးဖိုင်နယ် မတက်ရောက်နိုင်သည့် ပထမဆုံးကမ္ဘာ့ဖလားအဖြစ် မှတ်တမ်းဝင်

တောင်အမေရိကအသင်းများနှင့် ဂျာမနီအသင်းတို့ ဆီမီးဖိုင်နယ် မတက်ရောက်နိုင်သည့် ပထမဆုံးကမ္ဘာ့ဖလားအဖြစ် မှတ်တမ်းဝင်
Published 9 July 2018

 

Photos: AFP

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲသည် တောင်အမေရိကအသင်းများနှင့် ဂျာမနီအသင်းတို့ ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခြင်း မရှိသည့် ပထမဆုံးကမ္ဘာ့ဖလားပြိုင်ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရှိရသည်။ ပြီးခဲ့သည့် စနေ ညက ယှဉ်ပြိုင်ခဲ့သော ကမ္ဘာ့ဖလားကွာတား ဖိုင်နယ်ပွဲစဉ်များအပြီးတွင် ဘရာဇီးလ်နှင့် ဥရုဂွေးအသင်းတို့ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီးနောက် ဆီမီးဖိုင်နယ်သို့ ဥရောပအသင်းများ ဖြစ်သည့် ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ အင်္ဂလန် နှင့် ခရိုအေးရှားအသင်းတို့ တက်ရောက်ခဲ့ကြသည်။

ကျင်းပပြီးစီးသည့် ကမ္ဘာ့ဖလားပြိုင်ပွဲ အကြိမ် (၂၀)တွင် ဂျာမနီနှင့် တောင်အမေရိကအသင်းများတွင် အနည်းဆုံး တစ်သင်းသင်းက ဆီးမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ကြောင်း သိရှိရသည်။ သို့သော် ရုရှားနိုင်ငံ၌ ကျင်းပလျက်ရှိသည့် ၂၀၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် လက်ရှိကမ္ဘာ့ဖလားချန်ပီယံ ဂျာမနီအသင်းမှ အုပ်စုအဆင့်မှ ထွက်ခွာရခဲ့သလို တောင်အမေရိကအသင်းဖြစ်သည့် ပီရူးအသင်းမှာလည်း အုပ်စုအဆင့်မှ ထွက်ခွာ ခဲ့ရသည်။

ထို့အပြင် ရှုံးထွက် (၁၆)သင်းအဆင့်တွင် တောင်အမေရိကအသင်းများဖြစ်သည့် အာဂျင်တီးနားနှင့် ကိုလံဘီယာအသင်းတို့မှာ ဥရောပအသင်းများဖြစ်သည့် ပြင်သစ်နှင့် အင်္ဂလန်အသင်းတို့ကို အသီးသီး ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။ ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ကြသည့် တောင်အမေရိကအသင်းများဖြစ်သော က မ္ဘာ့ဖလား(၅)ကြိမ်ရ နာမည်ကျော် ဘရာဇီးလ် အသင်းနှင့် ဥရုဂွေးတို့မှာလည်း ဘယ်လ်ဂျီယံ နှင့် ပြင်သစ်အသင်းတို့ကို အသီးသီးရှုံးနိမ့်ခဲ့သည်။

ထို့ကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲ(၈၈) နှစ်တာကာလအတွင်း ကမ္ဘာ့ဖလားပြိုင်ပွဲတစ်ခုတွင် တောင်အမေရိကတိုက်မှ အသင်းများနှင့် ဂျာမနီအသင်းတို့ ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခြင်းမရှိသည့် ပထမဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်း ဖြစ်သည်။

တောင်အမေရိတိုက်မှ အသင်းများအနေဖြင့် ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခြင်း မရှိသည့် (၅)ကြိမ်မြောက် ကမ္ဘာ့ဖလားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရှိရသည်။ တောင်အမေရိကတိုက်မှ အသင်းများသည် ၁၉၃၄၊ ၁၉၆၆၊ ၁၉၈၂၊ ၂၀၀၆နှင့် ၂၀၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲများတွင် ဆီမီးဖိုင်နယ်နှင့် လွဲချော်ခဲ့ခြင်းဖြစ်သည်။ ယင်းပြိုင်ပွဲများအားလုံးသည် ဥရောပမြေတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent