၁၉၉၀ ကမ္ဘာ့ဖလားပြိုင်ပွဲနောက်ပိုင်း ဆီမီးဖိုင်နယ် ပြန်တက်ခဲ့တဲ့ အင်္ဂလန်

၁၉၉၀ ကမ္ဘာ့ဖလားပြိုင်ပွဲနောက်ပိုင်း ဆီမီးဖိုင်နယ် ပြန်တက်ခဲ့တဲ့ အင်္ဂလန်
Published 8 July 2018

အင်္ဂလန်အသင်းအတွက် အဖွင့်ဂိုးကို နောက်ခံလူ မက်ဂွိုင်းရားက ခေါင်းတိုက်သွင်းယူနေစဉ် (Photo: Reuters)

ဆောက်ဂိတ်နဲ့ အင်္ဂလန်လက်ရွေးစင်အသင်းအတွက်တော့ ကျေနပ်စရာအခိုက်အတန့်ပါပဲ။ ရွှေရောင်မျိုးဆက်တွေ အဆက်ဆက်မစွမ်းဆောင်နိုင်ခဲ့တဲ့ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့တာဖြစ်ပြီး ၁၉၉၀ အီတလီကမ္ဘာ့ဖလားနောက်ပိုင်း ပထမဆုံးအကြိမ် ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

ဆွီဒင်အသင်းရော၊ အင်္ဂလန်အသင်းပါ အဓိက ကစားသမားအစုံအလင်နဲ့ ပွဲထွက်လာခဲ့ပြီး၊ ပွဲအစပိုင်းမိနစ်တွေမှာတော့ နှစ်သင်းစလုံးအမှားစောင့်ပြီး ထိန်းကစားခဲ့တာကြောင့် ပွဲကအနည်းငယ်အေးနေခဲ့ပါတယ်။ ဆွီဒင်အသင်းခံစစ်ပိုင်းရဲ့ကစားအားကြောင့် အင်္ဂလန်အသင်းထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေ မလုပ်နိုင်ခဲ့ပါဘူး။

ပွဲရဲ့အပြောင်းအလဲလို့ဆိုရမှာက ဂိုးရဖို့ခက်နေချိန်မှာ အင်္ဂလန်အသင်းမထင်မှတ်ဘဲ အဖွင့်ဂိုးရသွားတာဖြစ်ပြီး ပွဲချိန်မိနစ် (၃၀)မှာ အက်ရှ်လေးယန်းရဲ့ ပေးပို့မှုကနေ မက်ဂွိုင်းရားက ခေါင်းတိုက်သွင်းယူခဲ့ဖြစ်ပါတယ်။ ဒီဂိုးဟာ အင်္ဂလန်အသင်းအတွက် မက်ဂွိုင်းရားရဲ့ ပထမဆုံးသွင်းဂိုးလည်း ဖြစ်ပါတယ်။  ဂိုးပေးလိုက်ရပြီးနောက်ပိုင်း ဆွီဒင်တို့ချေပဂိုးအတွက် ကြိုးစားခဲ့ပေမယ့် အင်္ဂလန်နဲ့ နောက်တန်းနဲ့ ဂိုးသမား ပစ်ခ်ဖို့ဒ်တို့ အကောင်းဆုံးပုံစံမှာရှိနေတာကြောင့် မလွယ်ကူခဲ့ပါဘူး။

ဒုတိယပိုင်းအစမှာ ဆွီဒင်အသင်းတို့ ချေပဂိုးရနိုင်တဲ့ အခွင့်အရေးတွေရှိခဲ့ပေမယ့် ပစ်ခ်ဖို့ဒ် အကောင်းဆုံး ကာကွယ်နိုင်ခဲ့တာကြောင့် အင်္ဂလန်တို့ အသက်ရှူချောင်ခဲ့ပါတယ်။ ပွဲချိန် (၅၈)မိနစ်မှာတော့ အင်္ဂလန်တို့ ဒုတိယဂိုးရရှိသွားခဲ့ပြီး လင်ဂတ်ရဲ့ပေးပို့မှုကနေ အယ်လီက လွတ်လွတ်ကျွတ်ကျွတ်ခေါင်းတိုက်သွင်းယူခဲ့တာပါ။ အသက် (၂၂)နှစ်၊ (၈၇)ရက်ရှိပြီဖြစ်တဲ့ အယ်လီအနေနဲ့ ၁၉၉၈ ကမ္ဘာ့ဖလားမှာ အသက် (၁၈)နှစ်၊ (၁၉၀)ရက်နဲ့ ရိုမေးနီးယားအသင်းဘက်ကို ဂိုးသွင်းယူခဲ့တဲ့ မိုက်ကယ်အိုဝင်နောက်ပိုင်း အင်္ဂလန်အသင်းအတွက် ကမ္ဘာ့ဖလားသမိုင်းမှာ ဒုတိယအသက်အငယ်ဆုံးဂိုးသွင်းသူအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒါ့အပြင် အယ်လီဟာ ယခုနှစ်ပြိုင်ပွဲမှာ အင်္ဂလန်အသင်းအတွက် (၅)ဦးမြောက်ဂိုးသွင်းသူဖြစ်ပြီး ၁၉၅၄၊ ၁၉၉၈၊ ၂၀၀၂ ပြိုင်ပွဲတွေနောက်ပိုင်း အင်္ဂလန်အသင်းရဲ့ ပြိုင်ပွဲတစ်ခုအတွင်း ကစားသမားအများဆုံး ဂိုးသွင်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဆွီဒင်အသင်းရဲ့ ချေပဂိုးအတွက် ကြိုးစားမှုတွေဟာ အင်္ဂလန်ဂိုးသမား ပစ်ခ်ဖို့ဒ်ရဲ့ ကာကွယ်မှုတွေကြောင့် အရာမထင်ခဲ့ပါဘူး။ လက်ကျန်ပွဲချိန်တွေမှာတော့ အင်္ဂလန်အသင်းဟာ လူစားလဲမှုတွေပြုလုပ်ကာ အနိုင်ဂိုး (၂)ဂိုးကို ထိန်းကစားခဲ့ပြီး ဂိုးပြတ်နိုင်ပွဲ ရယူခဲ့တာ ဖြစ်ပါတယ်။

ဒီနိုင်ပွဲကြောင့် အင်္ဂလန်အသင်းဟာ ၁၉၉၀ ပြိုင်ပွဲနောက်ပိုင်း ဆီမီးဖိုင်နယ်ကို တစ်ကျော့ပြန်တက်ရောက်နိုင်ခဲ့သလို၊ ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ဆီမီးဖိုင်နယ်ကို (၃)ကြိမ်မြောက် တက်ရောက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။