ဆူဇူကီးဖလားပြိုင်ပွဲမှ မြန်မာနှင့် ကမ္ဘောဒီးယားပွဲကို မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ကျင်းပခွင့်ရ

ဆူဇူကီးဖလားပြိုင်ပွဲမှ မြန်မာနှင့် ကမ္ဘောဒီးယားပွဲကို မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ကျင်းပခွင့်ရ
Published 22 September 2018

၂၀၁၆ ဆူဇူကီးဖလားပြိုင်ပွဲတွင် မြန်မာနှင့် ကမ္ဘောဒီးယားအသင်း ယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ - ညီညီစိုးညွန့်)

အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) သည် ၂၀၁၈ အာဆီယံဆူဇူကီး ဖလားပြိုင်ပွဲ အုပ်စု (က) ပွဲစဉ်ဖြစ်သည့် မြန်မာအသင်းနှင့် ကမ္ဘောဒီးယား ပွဲကို မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ကျင်းပခွင့်ပြုခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် ဆူဇူကီးပြိုင်ပွဲတွင် အိမ်ကွင်းလက်ခံကျင်းပခွင့်ရသည့် အုပ်စုနှစ်ပွဲအနက် ကမ္ဘောဒီးယားနှင့် ပွဲအား မန္တလာသီရိကွင်း၌ ကျင်းပရန် AFF ထံ တင်ပြတောင်းဆိုထားရာ စက်တင်ဘာ ၂၁ ရက်တွင် တရားဝင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

MFF သည် မန္တလေးမြို့၌ ကျင်းပခွင့်ရရန် တောင်းဆိုခဲ့သောကြောင့် ယင်းပွဲအတွက် ကုန်ကျစရိတ်များကို အကုန်အကျခံရမည်ဖြစ်ကြောင်း AFF ၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

MFF သည် အိမ်ကွင်းအဖြစ် လက်ခံကျင်းပ ခွင့်ရသည့် အုပ်စုပွဲများအနက် နိုဝင်ဘာ ၁၂ ရက်တွင်ကစားမည့် ကမ္ဘော ဒီးယားနှင့်ပွဲကို မန္တလာသီရိကွင်း၊ နိုဝင်ဘာ ၂၀ ရက်တွင်ကစားမည့် ဗီယက် နမ်နှင့်ပွဲကို ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်သည်။

MFF သည် အိမ်ကွင်းလက်ခံကျင်းပမည့် အုပ်စုနှစ်ပွဲစလုံးကို ညနေ ၆ နာရီတွင် ကျင်းပမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အမျိုးသားဘောလုံးအသင်း သည် မန္တလာသီရိကွင်း၌ နိုင်ငံတကာပြိုင်ပွဲ လက်ခံကစားဖူးခြင်းမရှိသေးဘဲ ကမ္ဘောဒီးယားနှင့်ပွဲမှာ ပထမဆုံးပွဲအဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။

သို့သော် မန္တလာသီရိကွင်း၌ ခြေစမ်းပွဲများစွာ ယှဉ်ပြိုင်ကစားဖူးပြီး ၂၀၁၇ ခုနှစ်တွင် ထိုင်းလက်ရွေးစင်အသင်း၊ ယခုနှစ် မေလတွင် အင်္ဂလန်လိဂ်ချန် ပီယံရှစ်ကလပ် လိဒ်စ်ယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ဆူဇူကီးဖလားပြိုင်ပွဲယှဉ်ပြိုင်ရန် စက်တင်ဘာ ၂၈ ရက်တွင် လေ့ကျင့်မှုစတင်ပြုလုပ်မည်ဖြစ်သည်။

မြန်မာ အသင်းသည် ဆူဇူကီးဖလားပြိုင်ပွဲ အုပ်စု (က) တွင် ဗီယက်နမ်၊ မလေးရှား၊ ကမ္ဘောဒီးယား၊ လာအိုတို့နှင့်အတူ ကျရောက်နေသည်။

■ ၂၀၁၈ ဆူဇူကီးဖလားပြိုင်ပွဲမှ မြန်မာအသင်းပွဲစဉ်များ

၁၂-၁၁-၁၈ မြန်မာ - ကမ္ဘောဒီးယား ညနေ ၆ နာရီ မန္တလာသီရိကွင်း မန္တလေး

၁၆-၁၁-၁၈ လာအို - မြန်မာ မသတ်မှတ်ရသေး အမျိုးသားကွင်း ဗီယန်ကျင်း

၂၀-၁၁-၁၈ မြန်မာ - ဗီယက်နမ် ညနေ ၆ နာရီ သုဝဏ္ဏကွင်း ရန်ကုန်

၂၄-၁၁-၁၈ မလေးရှား - မြန်မာ မသတ်မှတ်ရသေး ဘူကစ်ဂျာလီကွင်း ကွာလာလမ်ပူ