(၂၉) ကြိမ်မြောက် မလေးရှားဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲ ယနေ့ စတင်ကျင်းပမည် အဖွင့်ပွဲအဖြစ် မြန်မာနှင့် စင်ကာပူ၊ အိမ်ရှင် မလေးရှားနှင့် ဘရူနိုင်းအသင်း ယှဉ်ပြိုင်ကစားမည်

(၂၉) ကြိမ်မြောက် မလေးရှားဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲ ယနေ့ စတင်ကျင်းပမည် အဖွင့်ပွဲအဖြစ် မြန်မာနှင့် စင်ကာပူ၊ အိမ်ရှင် မလေးရှားနှင့် ဘရူနိုင်းအသင်း ယှဉ်ပြိုင်ကစားမည်
Published 14 August 2017

 

ဆီးဂိမ်းစ်ပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၂ အသင်း (ဓာတ်ပုံ - ညီညီစိုးညွန့်)

မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၉) ကြိမ်မြောက် ဆီးဂိမ်းစ်အမျိုးသား ဘောလုံးပြိုင်ပွဲကို သြဂုတ် ၁၄ ရက် (ယနေ့)တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အဖွင့်ပွဲအဖြစ် ယနေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲတွင် မြန်မာအသင်းနှင့် စင် ကာပူအသင်း၊ ည ၇ နာရီ ၁၅ မိနစ် တွင် အိမ်ရှင် မလေးရှားအသင်းနှင့် ဘရူနိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ဆီးဂိမ်းစ်အမျိုးသားဘောလုံးပြိုင်ပွဲကို အုပ်စုနှစ်ခုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အုပ်စု (က) တွင် မလေးရှား၊ မြန်မာ၊ စင်ကာပူ၊ လာအို၊ ဘရူနိုင်း၊ အုပ်စု (ခ) တွင် လက်ရှိချန်ပီယံ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ တီမော၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်တို့ ပါဝင်နေသည်။ အုပ်စုပွဲစဉ်များကို သြဂုတ် ၁၄ ရက်မှ ၂၄ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အိမ်ရှင်မလေးရှားအသင်းသည် ရှာအလမ်ကွင်း၌ ကစားမည်ဖြစ်ကာ ကျန်ပွဲများကို ဆီလာရန်ကွင်း၊ UITM ကွင်းနှင့် UM ကွင်းတို့၌ ကျင်းပမည်ဖြစ်သည်။ မြန်မာအသင်းသည် ဆီမီး ဖိုင်နယ်တက်ရောက်ရန် အိမ်ရှင် မလေးရှား၊ စင်ကာပူတို့နှင့် အဓိက ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အုပ်စု (ခ) တွင်မူ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှားတို့ အပြိုင်လုရဖွယ်ရှိနေသည်။  မြန်မာအသင်းသည် အုပ်စုအဖွင့်ပွဲ ကစားရမည့် စင်ကာပူအသင်းကို ပြီးခဲ့သည့် ဇူလိုင် ၁၉ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် အာရှ ယူ-၁၉ ခြေစစ်ပွဲတွင် တွေ့ဆုံစဉ်က (၂-ဝ) ဂိုးဖြင့် အနိုင်ရခဲ့သည်။ မြန်မာအသင်းသည် ဆီမီးဖိုင်နယ် တက်ရောက်နိုင်ရန် စင်ကာပူနှင့် အဖွင့်ပွဲတွင် ရလဒ်ကောင်းရယူနိုင်ရန် လိုအပ်နေသည်။

မြန်မာနှင့် စင်ကာပူအသင်း အာရှ ယူ-၂၃ ခြေစစ်ပွဲတွင် တွေ့ဆုံခဲ့စဉ် (ဓာတ်ပုံ - ညီညီစိုးညွန့်)

ဆီးဂိမ်းစ်ပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၂ အသင်း၏ အုပ်စုပွဲများကို အခမဲ့ရုပ်သံလိုင်းဖြစ်သည့် MRTV မှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် မလေးရှား ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ဘောလုံးနှင့် ဖူဆယ်ပြိုင်ပွဲနှစ်ခုစလုံး၌ အမျိုးသား၊ အမျိုးသမီးအသင်းများဖြင့် ယှဉ်ပြိုင်မည်ဖြစ်သည်။ မြန်မာအသင်းသည် ယခုဆီးဂိမ်းစ်ပြိုင်ပွဲတွင် အောင်မြင်မှုရရန် မျှော်မှန်းထားကြောင်း သိရသည်။

Most Read

Most Recent