စပါးအသင်း၏ အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းက ယခုရာသီ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို ရယူနိုင်ရန် ပစ်မှတ်ထားနေကြောင်း ပြောကြားခဲ့သည်။
ပရီးမီးယားလိဂ်ပွဲစဉ် (၁၅)အပြီး ဂိုးသွင်းအများဆုံးစာရင်းတွင် အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းက သွင်းဂိုး (၁၀)ဂိုးဖြင့် ဦးဆောင်နေပြီး ဟာရီကိန်းက သွင်းဂိုး (၉)ဂိုးဖြင့် ဒုတိယနေရာ၌ ရပ်တည်နေသည်။
အသက် (၂၅) နှစ်အရွယ်ရှိ ဟာရီကိန်းသည် ၂၀၁၅-၁၆ နှင့် ၂၀၁၆-၁၇ ရာသီများတွင် ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို ရယူနိုင်ခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၇-၁၈ ရာသီတွင်မူ လီဗာပူးလ်တိုက်စစ်ကစားသမား ဆာလာက ရရှိခဲ့ခြင်းဖြစ်သည်။
ယခုရာသီတွင် အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းအနေဖြင့် ခြေစွမ်းပြပြီး ဂိုးများသွင်းနေခြင်းမှာ ၎င်းအား ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို အရယူသွားရန် တွန်းအားပေးသလိုဖြစ်နေသည်ဟု ဟာရီကိန်းက ပြောကြားခဲ့ပြီး ယခုကဲ့သို့ အပြိုင်အဆိုင်ဖြစ်နေခြင်းကို ကြိုဆိုကြောင်းလည်း ဆိုခဲ့သည်။
ဟာရီကိန်းက "ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကျွန်တော် စကစားကတည်းက ကမ္ဘာ့အဆင့်တိုက်စစ်မှူးတွေ ရှိခဲ့ပါတယ်။ အခုအချိန်မှာတော့ဂိုးသွင်းအများဆုံးစာရင်းမှာ အူဘာမီယန်းက ဦးဆောင်နေပါတယ်။ ဒီရာသီမှာ လက်ရှိအချိန်ထိ (၉)ဂိုးပဲ ကျွန်တော် သွင်းနိုင်ခဲ့တာဆိုတော့ နည်းတယ်လို့တော့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ ပရီးမီးယားလိဂ်ဂိုးသွင်းအများဆုံးဆုအတွက် အစွမ်းကုန်ကြိုးစားသွားမှာပါ။ ဘောလုံးရာသီကုန်ဆုံးဖို့ကလည်း အများကြီး လိုပါသေးတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာ ကျွန်တော်ရဲ့ ခြေစွမ်းကို အားရကျေနပ်မှုရှိပါတယ်"ဟု ပြောကြားခဲ့သည်။