ဒတ်ချ်ဝါရင့်တောင်ပံတိုက်စစ်ကစားသမား အာယန်ရော်ဘင်က ယခုရာသီကုန် တွင် ဘိုင်ယန်မြူးနစ်အသင်းမှ ထွက်ခွာတော့မည်ဟု ဒီဇင်ဘာ ၂ ရက်က အံ့အားသင့်ဖွယ် ကြေညာခဲ့သည်။
၎င်းက ဘွန်ဒစ်လီဂါချန်ပီယံအသင်းနှင့်အတူ ဆယ်စုနှစ်တစ်ခုကြာ ဖြတ်သန်းပြီးနောက် ထွက်ခွာရန် ဆုံးဖြတ်ခဲ့ ခြင်းဖြစ်သည်။
၃၄ နှစ်အရွယ်ရှိ ရော်ဘင်မှာ ရီးယဲလ်မက်ဒရစ်အသင်းတွင် စီရော်နယ်လ်ဒို၊ ကာကာတို့ ရောက်ရှိလာမှုကြောင့် ၂၀၀၉ သြဂုတ်လတွင် ဘိုင်ယန်မြူးနစ်သို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရော်ဘင်သည် (၁၀)နှစ်တာကာလအတွင်း ချန်ပီယံလိဂ်ဖလား (၁)ကြိမ်၊ ဥရောပစူပါဖလား(၁)ကြိမ်၊ ဘွန်ဒစ်လီဂါချန်ပီယံ (၇)ကြိမ်၊ ဂျာမန်ဖလား(၄)ကြိမ်နှင့် ဂျာမန်စူပါဖလား(၅)ကြိမ် ဆွတ်ခူးနိုင်ခဲ့သည်။
၎င်းအနေဖြင့် အနားယူမည့်ဆုံးဖြတ်ချက်ကို အသင်း၏တရားဝင် Fan Club တစ်ခုသို့ ရောက်ရှိလာစဉ် ''ဘိုင်ယန်အသင်းမှာရှိတာ နောက်ဆုံးနှစ်ပါ။ အသင်းနဲ့အတူ လှပကြည်နူးဖို့ကောင်းတဲ့ ဆယ်စုနှစ်တစ်ခုရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုချိန် ဟာ အသင်းက ထွက်ခွာရတော့မယ့်အချိန်ပါပဲ''ဟု ရော်ဘင်က Omnisport ရုပ်သံသို့ ပြောကြားခဲ့သည်။
ရော်ဘင်သည် ယခုရာသီ အတွင်း ဒူးဒဏ်ရာကြောင့် ဘိုင်ယန်မြူးနစ်၏ ဘွန်ဒစ်လီဂါ ၁၃ ပွဲတွင် ခြောက်ပွဲသာ ပွဲထွက်ကစားခဲ့ရသည်။
၎င်းမှာ ဘိုင်ယန်အသင်းအတွက် ဘွန်ဒစ်လီဂါ ၁၉၈ ပွဲကစားခဲ့ရာတွင် ၉၈ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့သည်။
ဘိုင်ယန်မြူးနစ်အသင်းဥက္ကဋ္ဌ အူလီဟိုးနက်စ်ကိုယ်တိုင်ကလည်း အစောပိုင်းကတည်းက ရာသီကုန်တွင်စာချုပ်သက်တမ်းကုန်ဆုံးတော့မည့် ရော်ဘင်နှင့် ရီဘာရီတို့အတွက် အသင်းတွင်ကစားသည့် နောက်ဆုံးနှစ်ဖြစ်မည်ဟု ပြောကြားထားခဲ့သည်။