ဘိုင်ယန်မြူးနစ်အသင်း၏နည်းပြရာထူးကို အာစင်ဝင်းဂါး အလိုရှိနေကြောင်း ဥရောပမီဒီယာများဖော်ပြ

ဘိုင်ယန်မြူးနစ်အသင်း၏နည်းပြရာထူးကို အာစင်ဝင်းဂါး အလိုရှိနေကြောင်း ဥရောပမီဒီယာများဖော်ပြ
Photo: Getty Images
Photo: Getty Images
Published 28 November 2018

 

အာဆင်နယ်အသင်းနည်းပြဟောင်း အာစင်ဝင်းဂါးသည် ဂျာမန်ထိပ်သီးဘိုင်ယန်မြူးနစ်အသင်းကို ကိုင်တွယ်ရန် အလိုရှိနေကြောင်း ဥရောပမီဒီယာအများအပြားက ဖော်ပြခဲ့ကြသည်။

အာဆင်နယ်အသင်းကို (၂၂) နှစ်ကြာ ကိုင်တွယ်ခဲ့သည့် အာစင်ဝင်းဂါးသည် လာမည့်ဇန်နဝါရီလတွင် ဘောလုံးလောကသို့ ပြန်လည်ဝင်ရောက်မည်ဟု ပြောဆိုထားသူလည်းဖြစ်သည်။

အသက် (၆၉) နှစ်အရွယ်ရှိ ပြင်သစ်လူမျိုးနည်းပြ အာစင်ဝင်းဂါးက ၄င်းအနေဖြင့် အာဆင်နယ်အသင်းကို ကိုင်တွယ်ခဲ့သည့်အတွက် အခြားအင်္ဂလန်ကလပ်တစ်ခုကို ကိုင်တွယ်မည်မဟုတ်ဟု ပြောကြားထားသူလည်းဖြစ်သည်။

ဗြိတိန် သတင်းစာ Telegraph ၏ ဖော်ပြချက်အရ အာစင်ဝင်းဂါးသည် ရလဒ်ဆိုးများကြောင့် အနာဂတ်လှုပ်ခတ်နေသည့် ဘိုင်ယန်မြူးနစ်နည်းပြ နီကိုကိုဗက်၏ နေရာကို အစားထိုးဝင်ရောက်ရန် စိတ်ဝင်စားနေကြောင်းသိရသည်။

ယခုရာသီအစကမှ ဘိုင်ယန်မြူးနစ်အသင်းကိုကိုင်တွယ်ခဲ့သည့် ခရိုအေးရှားလူမျိုးနည်းပြ နီကိုကိုဗက်သည် ကစားသမားများနှင့် အဆင်မပြေဖြစ်နေသလို အစပိုင်းကထောက်ခံမှုပေးခဲ့သည့် ဘိုင်ယန်မြူးနစ်အသင်းဘုတ်အဖွဲ့ကလည်း လက်ရှိအချိန်တွင် အသင်း၏အနာဂတ်နှင့်ပတ်သက်ပြီး စဉ်းစားနေပြီဟု ဂျာမန်မီဒီယာများကဖော်ပြခဲ့ကြသည်။

ထို့ကြောင့် ဘိုင်ယန်မြူးနစ်အသင်းအနေဖြင့် နည်းပြကိုဗက်ကို ရာထူးမှထုတ်ပယ်ခဲ့ပါက အာဆင်နယ်နည်းပြဟောင်း အာစင်ဝင်းဂါးကို ခန့်အပ်ဖွယ်ရှိနေကြောင်း သိရသည်။ အာစင်ဝင်းဂါးသည် ဘာသာစကားများစွာပြောနိုင်သူဖြစ်ပြီး ဂျာမန်စကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုနိုင်သူဖြစ်ကြောင်းသိရသည်။

Most Read

Most Recent