ချန်ပီယံလိဂ်လိဂ် အုပ်စုပွဲစဉ်(၅) (ပထမနေ့) ပွဲကြိုသုံးသပ်ချက်

ချန်ပီယံလိဂ်လိဂ် အုပ်စုပွဲစဉ်(၅) (ပထမနေ့) ပွဲကြိုသုံးသပ်ချက်
Photo : Wikipedia
Photo : Wikipedia
Published 27 November 2018

AEK အေသင် နှင့် အေဂျက်စ် (ဗုဒ္ဓဟူးနံနက် ဝဝး၂၅ နာရီ)

ဘင်ဖီကာအသင်းရဲ့ကွင်းမှာ သရေခံကစားခဲ့ပြီးနောက် အေဂျက်စ်က ဒီပွဲမှာ နိုင်ပွဲပြန်ရှာဖို့ မျှော်လင့်နေပါလိမ့်မယ်။ နိုင်ပွဲရရင် ရှုံးထွက်အဆင့်ကိုရောက်ဖို့ သေချာပြီဖြစ်သလို၊ သရေဆိုရင်လည်း ဘင်ဖီကာ မနိုင်ဘူးဆိုရင် အေဂျက်စ်ရဲ့ ရည်မှန်းချက်ပြည့်ပါပြီ။ ဒါပေမဲ့ လက်ရှိခြေစွမ်းအရဆိုရင် ဘင်ဖီကာရဲ့ ရလဒ်ကို စောင့်နေစရာတောင် လိုမယ်မထင်ဘူး။ အေဂျက်စ် (၁-၂)လောက်နဲ့ နိုင်လိမ့်မယ်။

CSKA မော်စကို နှင့် ဗစ်တိုးရီးယားပါလ်ဇန် (ဗုဒ္ဓဟူးနံနက် ဝဝး၂၅ နာရီ)

ပါလ်ဇန်က ဒီအုပ်စုမှာ ပထအကျော့အိမ်ကွင်းပွဲမှာတုန်းက CSKA မော်စကိုဆီကရခဲ့တဲ့ သရေတစ်မှတ်ကိုပဲ စုထားနိုင် တဲ့အသင်းပါ။ ဒီနှစ်သင်းက အုပ်စုတတိယနေရာလုရမှာဖြစ်ပြီး ဒီပွဲက နှစ်သင်းစလုံးအတွက် အရေးပါနေပါတယ်။ ပါလ်ဇန်သာ ပထမအကျော့တုန်းက သရေကျခဲ့တဲ့ရလဒ်ထက် ပိုကောင်း အောင် ကစားနိုင်ရင် အုပ်စုတတိယလည်း ရသွားနိုင်တယ်။ ဒါပေမဲ့ လက်ရှိခြေစွမ်းအရ CSKA မော်စကိုက ပါလ်ဇန်ထက် နည်းနည်းသာပါတယ်။ အိမ်ကွင်းလည်းဖြစ်နေလို့ CSKA (၂-၁)ဂိုးလောက်နဲ့ ကပ်နိုင်လိမ့်မယ်။

ဘိုင်ယန်မြူးနစ် နှင့် ဘင်ဖီကာ (ဗုဒ္ဓဟူးနံနက် ၂း၃၀ နာရီ)

ဘိုင်ယန်မြူးနစ်က ပြိုင်ပွဲစုံ နောက်ဆုံး(၅)ပွဲမှာ (၂)ပွဲပဲ နိုင်တဲ့အထိ အခြေအနေဆိုးနေတာတွေ့ရတယ်။ ဒေါ့မွန်ကို (၃) ဂိုးပေးခဲ့ရသလို၊ နောက်ဆုံးပွဲမှာလည်း ဒစ်ဆယ်ဒေါ့ဖ်ကို (၃)ဂိုး ပေးခဲ့ရတယ်။ ခံစစ်မှာ ဇူလာ၊ ဟမ်းမဲလ်နဲ့ ဘိုတန်တို့ ဘယ်လို အတွဲအဖက်ကိုပဲသုံးသုံး ဂိုးတွေပေးနေရပေမယ့် ချန်ပီယံလိဂ်မှာတော့ ခံစစ်ပုံစံကောင်းကို ရနေပြန်တယ်။ ဘိုင်ယန် (၂-၀)ဂိုး လောက်နဲ့ အနိုင်ရလိမ့်မယ်။

ဟော်ဖန်ဟင်မ် နှင့် ရှက်တာဒိုးနက် (ဗုဒ္ဓဟူးနံနက် ၂း၃၀ နာရီ)

ဟော်ဖန်ဟင်မ်က ရှုံးထွက်အဆင့်ကိုတက်ဖို့ မျှော်လင့်ချက်အရမ်းနည်းသွားပါပြီ။ ဒါပေမဲ့ လက်ကျန်မျှော်လင့်ချက် နည်းနည်းအတွက် ဒီပွဲကိုတော့ အနိုင်ကစားထားဖို့လိုပြီး၊ ဒီပွဲ အနိုင်ရလဒ်က ရှုံးထွက်မတက်နိုင်ရင်တောင် အုပ်စုတတိယအဖြစ် ယူရိုပါလိဂ်ကို သွားရဖို့အတွက် အရေးပါလိမ့်မယ်။ ရှက် တာဒိုးနက်က မနှစ်ကလိုအနေအထားမရှိတော့ဘဲ ရလဒ်ပိုင်းက စိတ်ပျက်စရာပါ။ ဒါပေမဲ့ ခြေမကွာတဲ့အသင်းဖြစ်သလို၊ ပထမအကျော့တုန်းက သရေခံကစားထားတဲ့ ဟော်ဖန်ဟင်မ် ကို ဒီပွဲလည်း သရေရအောင် ယူလိမ့်မယ်ထင်တယ်။

လိုင်ယွန် နှင့် မန်စီးတီး (ဗုဒ္ဓဟူးနံနက် ၂း၃၀ နာရီ)

လိုင်ယွန်က အုပ်စုအဖွင့်ပွဲတုန်းက မန်စီးတီးကွင်းမှာ အနိုင်ကစားခဲ့တဲ့အသင်းဖြစ်ပြီး နောက်ပိုင်းပွဲတွေမှာလည်း ရှုံးပွဲမရှိအောင် ကစားနိုင်ခဲ့တယ်။ ရမှတ်(၆)မှတ်နဲ့ ဒုတိယနေရာမှာ ရှိနေတဲ့အသင်းက မန်စီးတီးဆီက အမှတ်(၁)မှတ်ယူနိုင်ရင် အုပ်စုကတက်ဖို့များသွားပါပြီ။ ဒါပေမဲ့ မန်စီးတီးက လက်ရှိ ဥရောပမှာ အကောင်းဆုံးပုံစံပြနေတဲ့အသင်းဖြစ်ပြီး ရှက်တာဒိုးနက်လိုအသင်းကို အိမ်ကွင်းမှာ ဂိုးဒါဇင်ဝက်သွင်းခဲ့တဲ့ အနေအထားက လိုင်ယွန်အတွက် စိုးရိမ်စရာပါ။ ပထမအကျော့ ရှုံးကြွေးကို မန်စီးတီး ပြန်ဆပ်လိမ့်မယ်။

ရိုးမား နှင့် ရီးယဲလ်မက်ဒရစ် (ဗုဒ္ဓဟူးနံနက် ၂း၃၀ နာရီ)

အိုလံပီကိုမှာကစားမယ့် ဒီပွဲက နှစ်သင်းစလုံးအတွက်အရေးပါတဲ့ ပွဲတစ်ပွဲဖြစ်တယ်။ ရိုးမားက ဒီပွဲမှာ သရေတစ်မှတ်ရတာနဲ့ ရှုံးထွက်အဆင့်ကို တက်ဖို့သေချာသွားပြီဖြစ်ပြီး၊ ရီးယဲလ်ကတော့ ဒီပွဲမှာ သရေကျခဲ့ရင် ရိုးမားအထက်မှာ ဆက်လက် ရပ်တည်နေသည့်တိုင် နောက်ဆုံးပွဲမှာ CSKA မော်စကိုကို ရှုံးပြီး (၁၀)မှတ်စီတူသွားနိုင်တဲ့ အခြေအနေရှိနေတာကြောင့် နိုင်ပွဲရမှ စိတ်ချရမယ့်အနေအထားဖြစ်နေတယ်။ ဒါပေမဲ့ CSKA မော်စကိုနဲ့ပွဲက အိမ်ကွင်းပွဲဖြစ်လို့ အခုပွဲကို ရှုံးသွားရင်တောင်  နောက်ဆုံးပွဲမှာ မဖြစ်မနေလိုအပ်နေတဲ့ သရေတစ်မှတ်ကလည်း သိပ်တော့မခက်ဘူးလို့ ပြောရမယ်။ ဒီနှစ်သင်းက အုပ်စုအဖွင့်ပွဲစဉ်မှာ ဆုံတွေ့ခဲ့ပြီး ရီးယဲလ်က (၃-၀)ဂိုးနဲ့ အလွယ်တကူအနိုင်ရခဲ့တယ်။ ဒါပေမဲ့ ရိုးမားက နောက်ပွဲတွေမှာ (၃)ပွဲဆက်တိုက် နိုင်ပွဲယူပြီး၊ အုပ်စုအဆင့်ကိုကျော်နိုင်ဖို့ အခြေအနေကောင်းသွားခဲ့တာဖြစ်တယ်။ လက်ရှိခြေစွမ်း၊ ရလဒ်နဲ့ လူအင်အားအပိုင်းတွေမှာ ရီးယဲလ်မက်ဒရစ်က ပိုကောင်းနေပြီး ရိုးမားကတော့ အိမ်ကွင်းအားသာချက်ကို အသုံးချရမှာဖြစ်တယ်။ ရိုးမားအသင်းဟာ အိမ်ကွင်းမှာ ကစားရခက်ခဲတဲ့အသင်းတစ်သင်းဖြစ်ပြီး မနှစ်က ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် တက်ရောက်ခဲ့ရာမှာလည်း အိမ်ကွင်းရလဒ်က အဓိကနေရာမှာရှိခဲ့တယ်။ ဒီရာသီမှာလည်း အိမ်ကွင်းနှစ်ပွဲစလုံးကို အနိုင်ကစားထားတာတွေ့ရတယ်။  ရီးယဲလ်က ဆိုလာရီလက်ထက်မှာ ပုံစံကောင်းတွေဆက်တိုက်ပြခဲ့ပေမယ့် နောက်ဆုံးကစားခဲ့တဲ့ အီဘာနဲ့ပွဲက ခြေစွမ်းကတော့ စိတ်ပျက်စရာပါ။ ဒီပွဲလည်း ရိုးမားကွင်းမှာ ရုန်းကန်ရဖို့များတယ်။ ရိုးမားပဲ ကြိုက်တယ်။

မန်ယူ နှင့် ယန်းဘွိုင်းစ် (ဗုဒ္ဓဟူးနံနက် ၂း၃၀ နာရီ)

မန်ယူက ချန်ပီယံလိဂ် အိမ်ကွင်းနှစ်ပွဲမှာ ဗလင်စီယာကို ဂိုးမရှိသရေ၊ ဂျူဗင်တပ်စ်ကို (၀-၁)ဂိုးနဲ့ ရှုံးခဲ့တယ်။ ဂျူဗင်တပ်စ်သာ ဗလင်စီယာအသင်းနဲ့ပွဲမှာ မထင်မှတ်ဘဲ သရေကျခဲ့ရင် မန်ယူက Head to Head အရ အသာရထားတဲ့အတွက် အုပ်စုဗိုလ်နေရာကိုပါ မျှော်လင့်လို့ရနေတဲ့အနေအထားဖြစ်တယ်။ ဒါ့အပြင် ဗလင်စီယာက ဂျူဗင်တပ်စ်နဲ့ ပွဲကျပ်ကစားရမှာဖြစ်လို့ အနိုင်ရဖို့မလွယ်တဲ့အနေအထားမှာ မန်ယူက ဒီပွဲကိုအနိုင်ကစားရင် အနည်းဆုံးရှုံးထွက်သေချာသွားပါပြီ။ မန်ယူအသင်း နိုင်ပွဲရပါလိမ့်မယ်။

ဂျူဗင်တပ်စ် နှင့် ဗလင်စီယာ (ဗုဒ္ဓဟူးနံနက် ၂း၃၀ နာရီ)

ဗလင်စီယာက ဒီပွဲမှာမနိုင်ဘဲ မန်ယူကသာ အိမ်ကွင်းမှာ ယန်းဘွိုင်းစ်ကို နိုင်ခဲ့ရင် မျှော်လင့်ချက်မရှိတော့ပါဘူး။ ဂျူဗင်တပ်စ်ကတော့ သရေတစ်မှတ်ပဲလိုတဲ့အသင်းပါ။ ဒါပေမဲ့ စီးရီးအေအတွက်လည်း ပူစရာမရှိတဲ့ ဂျူဗင်တပ်စ်က ဒီပွဲကိုလည်း အာရုံစိုက်ပြီးအနိုင်ကစားမှာပါ။

Most Read

Most Recent