မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကြောင့် ဂူအမ်ဒေသခံများ လှုပ်လှုပ်ရှားရှားဖြစ်

မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကြောင့် ဂူအမ်ဒေသခံများ လှုပ်လှုပ်ရှားရှားဖြစ်
Published 9 August 2017

မြောက်ကိုရီးယားနှင့် ဂူအမ်ကြားမှ အကွာအဝေးကို ပြသနေသည့် ရုပ်မြင်သံကြားတစ်ခုရှေ့မှ တောင်ကိုရီးယားစစ်သားတစ်ဦး ဖြတ်လျှောက်နေသည်ကို သြဂုတ် ၉ ရက်က တွေ့ရစဉ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် မြောက်ကိုရီးယားတို့ကြား တင်းမာမှုမြင့်တက်ခဲ့ပြီး အမေရိကန် ပိုင်နက်နယ်မြေ ဂူအမ်တွင် ဒေသခံများ ရုတ်ရုတ်သဲသဲ ဖြစ်နေကြကြောင်း သိရသည်။ ပစိဖိတ်ကျွန်း ဂူအမ်ရှိ မဟာဗျူဟာမြောက် အမေရိကန် စစ်စခန်းများကို ဒုံးဖြင့်တိုက်ခိုက်ရန် စဉ်းစားနေကြောင်း မြောက်ကိုရီးယားက သြဂုတ် ၉ ရက်တွင် ပြောကြားခဲ့သည်။ သို့သော် အုပ်ချုပ်ရေးမှူး အက်ဒီကာဘိုက ဂူအမ်အတွက် ခြိမ်းခြောက်မှုမရှိကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။

ဂူအမ်၏ ပြည်တွင်းလုံခြုံရေးအတိုင်ပင်ခံ ဂျော့ချာဖာအူရိုက ဂူအမ်ကို မြောက်ကိုရီးယား၏ ဒုံးထိမှန်နိုင်သည့် အခြေအနေ ၀ ဒသမ ၀၀၀၀၀၁ ရာခိုင်နှုန်းသာရှိသည်ဟု ပြောကြားခဲ့သည်။ ပစိဖိတ်သမုဒ္ဒရာအတွင်း  တိုကျို၏တောင်ဘက် ၂၄၀၀ ကီလိုမီတာခန့်ရှိ စစ်မဟာဗျူဟာအချက်အချာနေရာ ဂူအမ်၌ စိတ်အေးလက်သာ နေထိုင်ကြရန် ဒေသခံများအား သူက အကြံပေးခဲ့သည်။

သြဂုတ် ၉ ရက်အထိ အထိတ်တလန့် အခြေအနေမရှိဘဲ လုပ်ငန်းများလည်း ပုံမှန်လည်ပတ်နေခဲ့သည်။ မြို့တော် ဟက်ဂါတနာ၏ လမ်းများပေါ်တွင် တည်ငြိမ်နေပြီး “ဘယ်လိုဖြစ်ဖြစ် ကျွန်တော်တို့ လုပ်လို့ရနိုင်တဲ့ အခြေအနေမျိုးမရှိပါဘူး။ ဂူအမ်က ကျွန်းငယ်တစ်ခုပါ။ ပြေးစရာနေရာမရှိပါဘူး” ဟု ဂျိမ်းခရုက ပြောကြားခဲ့သည်။ ဂူအမ်သည် ခမ်းနားသော ကမ်းခြေများ၊ အပြာရောင်ကောင်းကင်၊ ကမ္ဘာကျော်နေဝင်ချိန်များ ရှိသောကြောင့် ကျော်ကြားပြီး ခရီးသွားလုပ်ငန်းသည် အဓိက စီးပွားရေးဖြစ်သည်။ သို့သော်လည်း ဂူအမ်တွင် အမေရိကန်တပ်ဖွဲ့ဝင် ၆၀၀၀ ခန့်ရှိပြီး အင်ဒါဆင်လေတပ်စခန်းနှင့် ဂူအမ်ရေတပ်စခန်းတို့ ရှိနေသည်။

အမေရိကန် စစ်စခန်းများရှိမှုက ဂူအမ်စီးပွားရေးအတွက် အထောက်အကူဖြစ်သော်လည်း ယင်းစစ်စခန်းများကို ဆန့်ကျင်မှုများလည်း ရှိလာနေသည်။ အမေရိကန် တပ်ဖွဲ့ဝင်များ ရှိသောကြောင့် ဂူအမ်သည် ရန်လိုသူတို့၏ ပစ်မှတ်ဖြစ်နိုင်ခြေရှိကြောင်း အမျိုးသားရေးဝါဒီတို့က ပြောကြားကြသည်။

လွန်ခဲ့သော နှစ် ၄၀၀၀ ခန့်ကခါမော်ရို တိုင်းရင်းသားတို့က ဂူအမ်တွင် အခြေချခဲ့ပြီး ယခုအခါ လူဦးရေ၏ ၄၀ ရာခိုင်နှုန်းသည် ခါမော်ရိုတိုင်းရင်းသားများ ဖြစ်ကြသည်။ ၁၈၉၈ ခုနှစ်တွင် အမေရိကန်က ဂူအမ်ကို စပိန်တို့လက်မှ သိမ်းယူခဲ့သည်။

Ref ; AFP

Most Read

Most Recent