သြစတြေးလျ လက်နက်လွတ်ငြိမ်းချမ်းသာခွင့်အတွင်း ထောင်နှင့်ချီသော သေနတ်များ လာရောက်အပ်နှံ

သြစတြေးလျ လက်နက်လွတ်ငြိမ်းချမ်းသာခွင့်အတွင်း ထောင်နှင့်ချီသော သေနတ်များ လာရောက်အပ်နှံ
Published 8 August 2017

သြဂုတ် ၈ ရက်က ဆစ်ဒနီရှိ ရဲဌာနချုပ်တွင် မီဒီယာများကို စကားပြောနေသော နယူးဆောက်ဝေး ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေး အကြီးအကဲ ဝိုင်းဟော့မန်း (Photo : AFP)

သြစတြေးလျ၏ လူဦးရေ အထူထပ်ဆုံး ပြည်နယ်တွင် သေနတ်အလက်ပေါင်း ၆၀၀၀ ကျော်ကို တစ်လအတွင်းမှာပင် လာရောက်အပ်နှံခဲ့ကြသည်ဟု ရဲတပ်ဖွဲ့က သြဂုတ် ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အကြမ်းဖက်မှုများနှင့် တရားမဝင် လက်နက်များ အစုလိုက် အပြုံလိုက် ဝင်ရောက်မှုတို့အပေါ် စိုးရိမ်မှုများကြောင့် အစိုးရက နိုင်ငံတော်အဆင့် လွတ်ငြိမ်းချမ်းသာခွင့်တစ်ခု ကြေညာလိုက်ပြီးနောက် ယခုကဲ့သို့ သေနတ်များကို လာရောက်အပ်နှံ ကြခြင်းဖြစ်သည်။

အစိုးရ၏ ဇွန်လက ထုတ်ပြန်ချက်ထဲတွင် လမ်းများပေါ်၌ တရားမဝင်လက်နက် ၂၆၀၀၀၀ ခန့် ရှိနေသည်ဟု ယုံကြည်ကြောင်း၊ အစွန်းရောက် တိုက်ခိုက်မှုနှင့် ရာဇဝတ်ဂိုဏ်းများ၏ ပစ်ခတ်မှုအန္တရာယ်များလည်း ရှိနေသဖြင့် ထိုအန္တရာယ်များကို လျှော့ချလိုကြောင်း ဖော်ပြခဲ့သည်။

နယူးဆောက်ဝေးပြည်နယ်သို့ လာရောက်အပ်နှံသည့် လက်နက်များထဲတွင် SKS ရိုင်ဖယ်လေးလက်၊ 9mm လက်လုပ် စက်သေနတ်တစ်လက်၊ Colt Ar-15 ရိုင်ဖယ်တစ်လက်၊ M1 မြင်းစီးသေနတ်တစ်လက်၊ .44 calibre magnum ခြောက်လုံးပြူးတစ်လက်တို့ ပါဝင်ကြောင်း ပြည်နယ် ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ ရိုင်ဖယ်အလက် ၁၇၀၀၊ ပြောင်းချောသေနတ် ၄၆၀၊ ခြောက်လုံးပြူးသေနတ် ၂၀၀ နီးပါး ရဲတပ်ဖွဲ့သို့ လာရောက်အပ်နှံပြီး  မှတ်ပုံတင်ရန်အတွက် အပ်နှံသည့် လက်နက်များမှာလည်း ထောင်နှင့်ချီ ရှိသည်ဟု သိရသည်။ “ဆာမူရိုင်း ဓား ရှည်တွေ၊ ဓားတွေနဲ့ ချွန်ထက်တဲ့ လက်နက်တွေ အပါအဝင် တားမြစ်လက်နက် ၁၁၀ ကျော်ကိုလည်း ရရှိခဲ့ပါတယ်” ဟု ထောက်လှမ်းရေး အကြီးအကဲ ဝိန်းဟော့မန်းက ဆိုသည်။ အခြားပြည်နယ်နှင့် ဒေသများကမူ ရရှိခဲ့သည့် လက်နက်များကို တရားဝင်ကြေညာခြင်း မရှိသေးပေ။

လွတ်ငြိမ်းချမ်းသာခွင့်ကာလမှာ ဇူလိုင် ၁ ရက်မှ စက်တင်ဘာ ၃၀ ရက် အထိဖြစ်ပြီး ထိုကာလအတွင်း မှတ်ပုံမတင်ထားသော (သို့မဟုတ်) မလိုချင်တော့သော သေနတ်များကို တစ်စုံတစ်ရာ မေးမြန်းခြင်းမရှိဘဲ အပ်နှံခွင့်ပြုမည် ဖြစ်သည်။ ထိုကာလ ကျော်လွန်သွားပါကမူ သြစတြေးလျ ဒေါ်လာ ၂၈၀၀၀၀ (ဒေါ်လာ ၂၂၂၀၀၀) သို့မဟုတ် ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခံရမည်ဖြစ်သည်။

သြစတြေးလျနိုင်ငံတွင် သေနတ်ထိန်းချုပ်ရေး စည်းမျဉ်းများသည် လူထု၏ထောက်ခံမှုကို အများအပြား ရရှိထားသည်။ ၁၉၉၆ ခုနှစ် ပေါ့အာသာ အစုလိုက်အပြုံလိုက် ပစ်ခတ်မှုကြောင့် ၃၅ ဦးသေဆုံးခဲ့ရပြီးနောက်ပိုင်း ယခု ပထမဆုံးအကြိမ် နိုင်ငံတော်အဆင့်နှင့် လက်နက်လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းဖြစ်သည်။ ၁၉၉၆ ခုနှစ် တိုက်ခိုက်မှုအပြီးတွင် ထုတ်ပြန်ခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့်အတွင်း ရရှိခဲ့သည့် သေနတ်ပေါင်း အလက် ၆၀၀၀၀၀ ကျော်ကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။ ထို့ပြင် အစိုးရကလည်း ပိုမိုတင်းကျပ်သည့် သေနတ်ဥပဒေများကို ပြဋ္ဌာန်းခဲ့သည်။

သြစတြေးလျတွင် သေနတ်များအားလုံးကို မှတ်ပုံတင်ရမည် ဖြစ်သော်လည်း သေနတ်အများအပြားသည် ဂိုဏ်းများမှတစ်ဆင့် နိုင်ငံရပ်ခြားမှ တရားမဝင် ရောက်ရှိလာခြင်း ဖြစ်သည်။

Ref : AFP

Most Read

Most Recent