
ဇူလိုင် ၅ ရက်က ဂျိုဟန်နက်စဘတ်မြို့တွင် ANC ပါတီညီလာခံပိတ်ပွဲ၌ စကားပြောနေသော တောင်အာဖရိကသမ္မတ ဇူးမား (Photo: AFP)
တောင်အာဖရိကသမ္မတ ဂျက်ကော့ဇူးမားအား ရာထူးမှဖယ်ရှားရန်အတွက် အာဏာရ အာဖရိကအမျိုးသားကွန်ဂရက်ပါတီ (ANC) မှ ဥပဒေပြုအမတ်များကို အားတက်စေနိုင်သည့် အစီအစဉ်အဖြစ် ဇူးမားအား အယုံအကြည်မရှိအဆို မဲခွဲမှုကို လျှို့ဝှက်မဲပေးစနစ်ဖြင့် ပြုလုပ်၊ မလုပ်ကို ပါလီမန်ဥက္ကဋ္ဌက သြဂုတ် ၇ ရက်တွင် ကြေညာမည်ဖြစ်ကြောင်း သိရသည်။ ANC ပါတီထိပ်တန်းတာဝန်ရှိသူများက ပါတီခေါင်းဆောင်ဇူးမားအား ဝေဖန်မှုမြင့်တက်လာနေစဉ် သြဂုတ် ၈ ရက်တွင်ပြုလုပ်မည့် အယုံအကြည်မရှိအဆို မဲခွဲမှုသည် ANC ၏ညီညွတ်မှုကို စမ်းသပ်မှုတစ်ခု ဖြစ်လာမည်ဖြစ်သည်။
၂၀၀၉ ခုနှစ်တွင် သမ္မတဖြစ်လာခဲ့သော ဇူးမားသည် နိုင်ငံ့စီးပွားရေး ကျဆင်းနေချိန်နှင့် အလုပ်လက်မဲ့နှုန်းသည် စံချိန်တင်မြင့်တက်နေချိန်တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံများစွာ၌ ပါဝင်ပတ်သက်နေခဲ့သည်။ အသက် ၇၅ နှစ်ရှိဇူးမားသည် ၂၀၁၉ ခုနှစ် အထွေထွေရွေးကောက်ပွဲမတိုင်မီ သမ္မတအဖြစ်မှ ထွက်ခွာမည်ဖြစ်ပြီး ယခုနှစ်ဒီဇင်ဘာတွင် ပါတီခေါင်းဆောင်ရာထူးမှ ဆင်းပေးမည်ဖြစ်သည်။
အတိုက်အခံပါတီများ၏ တောင်းဆိုချက်အတိုင်း ဇူးမားအား အယုံအကြည်မရှိအဆို မဲပေးရာ၌ လျှို့ဝှက်စနစ်ဖြင့် ပြုလုပ်၊ မလုပ်ကို ပါလီမန်ဥက္ကဋ္ဌ ဘီလီကာအမ်ဘီတီက သြဂုတ် ၇ ရက်နှောင်းပိုင်းတွင် ကြေညာမည်ဖြစ်သည်။ ယင်းစီရင်ချက်သည် ကာလရှည်ကြာ ကြိုးပမ်းလာခဲ့သော ဥပဒေကြောင်းဆိုင်ရာ တိုက်ပွဲဖြစ်ပြီး သြဂုတ် ၈ ရက် မဲခွဲမှုသည်လည်း နောက်ထပ်တရားရုံးဆိုင်ရာ အယူခံများကြောင့် နှောင့်နှေးဖွယ်ရှိသည်။ တောင်အာဖရိကပါလီမန်ရှိသော ကိတ်တောင်းတွင် ဇူးမားလိုလားသူနှင့် ဆန့်ကျင်သူများက သြဂုတ် ၇ နှင့် ၈ ရက်တို့တွင် ဆန္ဒပြမှုများ အပြိုင်ပြုလုပ်ရန် စီစဉ်ထားကြသည်။
ယင်းအယုံအကြည်မရှိ မဲခွဲမှုသည် အကျင့်ပျက်ခြစားမှုအား တန်ပြန်ရန်၊ သမ္မတဇူးမားနှင့် ၎င်း၏အစိုးရအဖွဲ့အား ဖယ်ရှားရန် အခွင့်အရေးဖြစ်ကြောင်း အဓိကအတိုက်အခံ ဒီမိုကရက်တစ် မဟာမိတ်ပါတီက ထုတ်ပြန်ခဲ့သည်။ လူဖြူလူမည်းခွဲခြားမှု တိုက်ဖျက်ရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သော ANC မှ ဝါရင့်တာဝန်ရှိသူများကလည်း ဇူးမားအား ဆန့်ကျင်ကြရန် ဥပဒေပြုအမတ်များကို တောင်းဆိုထားသည်။ ANC ပါတီမှ ဆော်သြသူအကြီးအကဲ ဂျက်ဆင်သမ်ဘူက ဇူးမားအား ဖယ်ရှားခြင်းသည် တောင်အာဖရိကပြည်သူများအပေါ် အဆိုးသက်ရောက်နိုင်သည့် ဆိုးရွားပြင်းထန်သော နောက်ဆက်တွဲများ ကြုံရမည်ဟု သတိပေးခဲ့သည်။
သို့သော် ပြီးခဲ့သောမတ်တွင် လေးစားခံရသော ဘဏ္ဍာရေးဝန်ကြီး ပရာဗင်ဂေါ်ဒန်အား ဇူးမားသစ္စာခံတစ်ဦးဖြင့် အစားထိုးခဲ့မှုအပါအဝင် အစိုးရအဖွဲ့အပြောင်းအလဲပြုလုပ်မှု၏ သက်ရောက်မှုနှင့် ANC ပါတီက မကြာသေးမီက ကြုံခဲ့ရသော ဝေဖန်ခံရမှုများကိုမူ ၎င်းကလက်သင့်ခံခဲ့သည်။
လူမျိုးရေးခွဲခြားမှုမရှိဘဲ ပထမဆုံးအကြိမ်ပြုလုပ်ခဲ့သည့် ၁၉၉၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် နယ်ဆင်မင်ဒဲလားက အနိုင်ရခဲ့ပြီး နောက်ပိုင်းအာဏာရခဲ့သော ANC ပါတီအပေါ် လူထုထောက်ခံမှုသည် ပြီးခဲ့သောနှစ်က ဒေသဆိုင်ရာရွေးကောက်ပွဲများ၌ ၅၅ ရာခိုင်နှုန်းသို့ကျဆင်းခဲ့ရာ အဆိုးရွားဆုံး ရွေးကောက်ပွဲရလဒ်ဖြစ်ခဲ့သည်။
Writer - Ref: AFP














