တူနီးရှားကို ဂိုးပြတ်အနိုင်ယူပြီး ရှုံးထွက်အဆင့်အတွက် အခြေအနေကောင်းသွားတဲ့ဘယ်လ်ဂျီယံ

တူနီးရှားကို ဂိုးပြတ်အနိုင်ယူပြီး ရှုံးထွက်အဆင့်အတွက် အခြေအနေကောင်းသွားတဲ့ဘယ်လ်ဂျီယံ
Published 24 June 2018

■ ဘယ်လ်ဂျီယံ ၅-၂ တူနီးရှား

Photo: Reuters

၂၀၁၈ ကမ္ဘာ့ဖလား အုပ်စု (G) ဒုတိယပွဲစဉ်ရဲ့ အစောဆုံးပွဲအဖြစ် ဘယ်လ်ဂျီယံအသင်းနဲ့ တူနီးရှား အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဘယ်လ်ဂျီယံအသင်းက (၅-၂) ဂိုးနဲ့ပြတ်အနိုင်ရရှိခဲ့ဲပြီး ရှုံးထွက်အဆင့်သို့ တက်ရောက်ဖို့ နီးစပ်သွားခဲ့ပါတယ်။

ဘယ်လ်ဂျီယံအသင်းဟာ အုပ်စု (G)မှာ (၂)ပွဲယှဉ်ပြိုင်ကစားပြီးချိန် (၂)ပွဲစလုံး အနိုင်ရရှိထားပြီး ဂိုးကွာခြားချက် (၆)ဂိုးအထိ ရရှိထားတာကြောင့် အုပ်စုဗိုလ်နေရာအတွက်ပါ အခြေအနေကောင်းသွားခဲ့ပါတယ်။

ဘယ်လ်ဂျီယံနည်းပြ မာတီနက်ဇ်ဟာ ပနားမားအသင်းကို (၃)ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပွဲစဉ်က လူစာရင်းကို အပြောင်းအလဲမလုပ်ခဲ့ဘဲ အကောင်းဆုံးစုဖွဲ့မှုနဲ့ ပွဲထွက်လာခဲ့ပြီး ဟာဇက်၊ မာတင်စ်၊ ဒီဘရိုင်းနား၊ လူကာကူတို့ရဲ့ တိုက်စစ်ပိုင်းစွမ်းဆောင်ရည်ဟာ ကျေနပ်စရာကောင်းခဲ့ပါတယ်။

တူနီးရှားအသင်းကတော့ အင်္ဂလန်အသင်းကို ရှုံးနိမ့်ခဲ့တဲ့အတွက် ဘယ်လ်ဂျီယံနဲ့ပွဲမှာ အနည်းဆုံးသရေရလဒ်ယူဖို့ပြင်ဆင်လာခဲ့ပြီး ပွဲစကတည်းက ဘယ်လ်ဂျီယံအသင်းကို လျင်လျင်မြန်မြန်တုံ့ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ ပွဲချိန်ကြာလာတာနဲ့အမျှ ဘယ်လ်ဂျီယံအသင်းက ကစားကွက်စိုးမိုးသွားနိုင်ခဲ့ပြီး အကောင်းဆုံးခြေစွမ်းနဲ့အတူ ဂိုးပြတ်နိုင်ပွဲတစ်ပွဲကိုပုံဖော်ခဲ့တာပါ။

ဘယ်လ်ဂျီယံအသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် (၆)မိနစ်မှာ ပယ်နယ်တီကတစ်ဆင့် ဟာဇက်က သွင်းယူခဲ့ပြီး၊ ဒုတိယဂိုးကိုတော့ ပွဲချိန် (၁၆)မိနစ်မှာ မာတင်စ်ရဲ့ ပေးပို့မှုကနေ လူကာကူက သွင်းယူခဲ့ပါတယ်။

(၂)ဂိုးပေးလိုက်ရပြီးနောက်ပိုင်း တူနီးရှားတို့ ဘယ်လ်ဂျီယံအသင်းကို မာမာထန်ထန်နဲ့ တုံ့ပြန်ပြီး ချေပဂိုးရဖို့ကြိုးပမ်းခဲ့လို့ ဘယ်လ်ဂျီယံတို့ အခက်တွေ့ခဲ့ပါသေးတယ်။

တူနီးရှားအသင်းအတွက် တစ်လုံးတည်းသောချေပ ဂိုးကို ပွဲချိန် (၁၈)မိနစ်မှာ ခါဇာရီရဲ့ ပေးပို့မှုကို ဘရွန်းကခေါင်းတိုက်သွင်းယူခဲ့တာပါ။

ချေပဂိုးတစ်ဂိုးခွင့်ပြုခဲ့ရတာကြောင့် ဘယ်လ်ဂျီယံတို့ ကစားအားတင်ခဲ့ပြီး ဆက်တိုက်ဆိုသလို တူနီးရှားအသင်းဘက်ကို ဖိအားပေးတိုက်စစ်ဆင်ခဲ့ပါတယ်။ ဘယ်လ်ဂျီယံအတွက် တတိယဂိုးကိုတော့ မူနီယာရဲ့ လှလှပပပေးပို့မှုကို လူကာကူက ပထမပိုင်း နာကျင်အချိန်ပိုမှာ အဆုံးသတ်သွင်းယူပေးခဲ့ပါတယ်။

Photo: AP

ဒီဂိုးဟာ လူကာကူအတွက် ယခုနှစ်ပြိုင်ပွဲ (၄)ဂိုးမြောက်သွင်းဂိုးဖြစ်ပြီး ဂိုးအများဆုံးသွင်းသူအဖြစ် စီရော်နယ်လ်ဒိုနဲ့အတူ ထိပ်ဆုံးမှာ ပူးတွဲရပ်တည်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် လူကာကူဟာ ၁၉၈၆ ပြိုင်ပွဲမှာ အင်္ဂလန်နဲ့ ဘယ်လ်ဂျီယံတို့ကို (၂)ပွဲဆက် (၂)ဂိုးသွင်းခဲ့တဲ့ အာဂျင်တီးနားဂန္ထဝင် မာရာဒိုနာနောက်ပိုင်း (၂)ပွဲဆက် (၂)ဂိုးသွင်းတဲ့ ပထမဆုံးကစားသမားလည်းဖြစ်ခဲ့ပါတယ်။

ဘယ်လ်ဂျီယံအသင်းအတွက် စတုတ္ထမြောက်ဂိုးကိုတော့ အယ်လ်ဒါဝီရယ်လ်ရဲ့ ပေးပို့မှုကနေ ဟာဇက်က သွင်းယူခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ဘယ်လ်ဂျီယံတို့အပြောင်းအလဲပြုလုပ်ခဲ့ပြီး လူကာကူ၊ ဟာဇက်၊ မာတင်စ်တို့နေရာမှာ ဖယ်လေနီ၊ ဘက်ရှူအာယီနဲ့ တိုင်လေမန့်စ် တို့ကို ထည့်သွင်းကစားစေခဲ့ပါတယ်။

ဘယ်လ်ဂျီယံတို့ ဂိုးထပ်ရနိုင်တဲ့အခွင့်အရေးတွေရှိခဲ့ပြီး ဘက်ရှူအာယီက မိနစ်(၉၀)မှာ (၁)ဂိုး ထပ်မံသွင်းယူပေးခဲ့ပါတယ်။ ချက်ချင်းဆိုသလိုပဲ တူနီးရှားဘက်က ချေပဂိုးတစ်ဂိုး ထပ်သွင်းယူနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ နာကျင်အချိန်ပိုမှာ ခါဇာရီက သွင်းယူခဲ့တာဖြစ်ပါတယ်။

ယခုအနိုင်ရလဒ်ကြောင့် ဘယ်လ်ဂျီယံအသင်းဟာ အင်္ဂလန် - ပနားမားပွဲမှာ အင်္ဂလန်အသင်းက သရေ (သို့) အနိုင်ရခဲ့တာနဲ့ ရှုံးထွက် (၁၆)သင်းအဆင့်ကို တက်ရောက်နိုင်မှာလည်းဖြစ်ပါတယ်။

Most Read

Most Recent