ဘရာဇီးလ်အသင်းတိုက်စစ်မှူး နေမာသည် ကော်စတာရီကာအသင်းအား (၂-ဝ)ဂိုးဖြင့်အနိုင်ရရှိခဲ့သည့် ပွဲစဉ်အပြီးတွင် ကွင်းအတွင်းငိုကြွေးခဲ့ရာ ပရိသတ်များအကြား ရေပန်းစားခဲ့သည်။
နေမာက အဆိုပါပွဲစဉ်အပြီးတွင် ငိုကြွေးခဲ့ခြင်းမှာ အခက်အခဲများကို ကျော်ဖြတ်နိုင်ခဲ့သည့်အတွက် ဝမ်းသာ၍ဖြစ်ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။
နေမာက '' ဒီအထိရောက်အောင် ကျွန်တော် ဘယ်လိုမျိုးဖြတ်သန်းခဲ့ရတယ်ဆိုတာ ဘယ်သူမှ မသိကြပါဘူး။ အခက်အခဲတွေကို ကျော်ဖြတ်နိုင်ခဲ့တဲ့အတွက်၊ ပြီးတော့ လိုချင်လွန်းတဲ့အောင်ပွဲကို ရရှိခဲ့တဲ့အတွက် ဝမ်းသာလွန်းလို့ ကျွန်တော် ငိုကြွေးခဲ့တာပါ '' ဟု ဆိုခဲ့သည်။
ဘရာဇီးလ်အသင်းသည် အဆိုပါပွဲစဉ်တွင် ကော်စတာရီကာအသင်းကို ခက်ခက်ခဲခဲယှဉ်ပြိုင်ခဲ့ရပြီး ကော်တင်ဟို၊ နေမာတို့၏နောက်ကျသွင်းဂိုးများဖြင့် အနိုင်ရကာ နောက်တစ်ဆင့်တက်ရောက်ရန် အခြေအနေကောင်းသွားခဲ့သည်။
အဆိုပါပွဲစဉ်တွင် အသင်းအတွက်အကောင်းဆုံးစွမ်းဆောင်ခဲ့ကြသည့် ဘရာဇီးလ်အသင်းဖော်များကိုလည်း နေမာက ချီးကျူးစကားဆိုခဲ့သည်။