လူကာကူ၊ မာတင်စ်တို့ရဲ့ သွင်းဂိုးတွေနဲ့ ပနားမားကို ဘယ်လ်ဂျီယံ ဂိုးပြတ်အနိုင်ရ

လူကာကူ၊ မာတင်စ်တို့ရဲ့ သွင်းဂိုးတွေနဲ့ ပနားမားကို ဘယ်လ်ဂျီယံ ဂိုးပြတ်အနိုင်ရ
Published 19 June 2018

Photo: AFP

■ ဘယ်လ်ဂျီယံ ၃-၀ ပနားမား

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စု (G) ပထမပွဲစဉ်အဖြစ် ဘယ်လ်ဂျီယံ - ပနားမားပွဲကို ယနေ့ ည (၉)နာရီ ခွဲအချိန်က ရုရှားနိုင်ငံ ဆိုချီမြို့ရှိ Olimpiyskiy Stadion Fisht မှာ ယှဉ်ပြိုင်ကစားခဲ့ပါတယ်။

ဘယ်လ်ဂျီယံအသင်းဟာ (၃-၄-၃) ကစားကွက်ကို အသုံးပြုခဲ့ပြီး ပွဲထွက်လူစာရင်းမှာ ကော်တိုအာ၊ အယ်လ်ဒါဝီရယ်လ်၊ ဗာတွန်ဂမ်၊ ဒီဘရိုင်းနား၊ ဟာဇက်၊ မာတင်စ်၊ လူကာကူ စတဲ့ နာမည်ကြီးကစားသမားအများအပြားကို အသုံးပြုခဲ့ပါတယ်။

ပနားမားအသင်းကလည်း သူတို့ရဲ့ အဓိက အမာခံကစားသမားတွေကိုပဲ ပွဲထုတ်ခဲ့ပြီး ဘယ်တောင်ပံတိုက်စစ်နေရာအတွက် ဘယ်လ်ဂျီယံကလပ် KAAဂျန့်အသင်းမှာ ကစားနေတဲ့ ဂျိုဆေးရိုဒရီဂွက်ဇ်ကို ပါဝင်စေခဲ့သလို၊ အထောင်တိုက်စစ်နေရာမှာတော့ ဘလာပီရက်ဇ်ကို အသုံးပြုခဲ့ပါတယ်။

ပထမပိုင်းပွဲချိန်အတွင်းမှာ ဘယ်လ်ဂျီယံအသင်းအခွင့်အရေးသိပ်မရခဲ့ဘဲ မာတင်စ် ကန်ခွင့်တစ်ကြိမ်ရခဲ့တာနဲ့ ဟာဇက်ဂိုးဧရိယာထဲ ပြေးဝင်ကန်သွင်းတဲ့တစ်လုံးသာ မယ်မယ်ရရ ရှိခဲ့ပါတယ်။

ပနားမားအသင်းကလည်း တန်ပြန်တိုက်စစ်နဲ့ ပြန်လည် ခြိမ်းခြောက်ဖို့ ကြိုးစားခဲ့ပေမယ့် ဘယ်လ်ဂျီယံ နောက်တန်းကိုတော့ မကျော်နိုင်ခဲ့ပါဘူး။

ဒီပွဲမှာ ဘယ်လ်ဂျီယံနောက်တန်းကစားသမား ဗာတွန်ဂမ် ခြေစွမ်းပြနိုင်ခဲ့သလို အယ်လ်ဒါဝီရယ်လ်နဲ့ ဘိုယာတာတို့ကလည်း အမှားနည်းခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ပွဲစပြီး တစ်မိနစ်အကြာမှာပဲ ဘယ်လ်ဂျီယံအသင်း အဖွင့်ဂိုး ရရှိခဲ့ပြီး ဒီဂိုးကို တိုက်စစ်ကစားသမား မာတင်စ်က Rainbow Kick နဲ့ သွင်းယူခဲ့တာပါ။

(၆၉)မိနစ်အရောက်မှာ ဘယ်လ်ဂျီယံအသင်း ဒုတိယဂိုးထပ်မံရရှိခဲ့ပြီး ဒီဘရိုင်းနားရဲ့ ဖန်တီးမှုကို လူကာကူက ခေါင်းတိုက်သွင်းယူခဲ့တာပါ။

ဘယ်လ်ဂျီယံအသင်းအတွက် တတိယဂိုးကိုလည်း ပွဲချိန် (၇၅) မိနစ်မှာ လူကာကူကပဲ သွင်းယူခဲ့ပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကတစ်ဆင့် ဟာဇက်ရဲ့ ဖန်တီးမှုက ရရှိခဲ့တာဖြစ်ပါတယ်။

နောက်ပိုင်းမှာ ပနားမားအသင်း ဂိုးရဖို့ အခွင့်ရေး တချို့ ရရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။

ဒါကြောင့် အခု ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဗိုလ်စွဲဖို့ရေပန်းစားမှု ထိပ်ဆုံး (၅)သင်းမှာ တစ်သင်းအပါအဝင်ဖြစ်တဲ့ ဘယ်လ်ဂျီယံအသင်းဟာ လက်ရှိအချိန် ရုရှား ၅-ဝ ဆော်ဒီပွဲပြီးနောက် ဒုတိယဂိုးအပြတ်ဆုံးနိုင်ပွဲကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Most Read

Most Recent