ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်လုပ်ငန်း ငွေကြေးထောက်ပံ့မှုတို့ကို ထိရောက်စွာ တားဆီးနိုင်ရန်အတွက် ဟွန်ဒီငွေလွှဲစနစ်အား ဥပဒေဖြင့် ကြပ်မတ်နိုင်ရေး အမေရိကန်-မြန်မာ ဆွေးနွေး

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်လုပ်ငန်း ငွေကြေးထောက်ပံ့မှုတို့ကို ထိရောက်စွာ တားဆီးနိုင်ရန်အတွက် ဟွန်ဒီငွေလွှဲစနစ်အား ဥပဒေဖြင့် ကြပ်မတ်နိုင်ရေး အမေရိကန်-မြန်မာ ဆွေးနွေး
Published 8 July 2017

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်လုပ်ငန်း ငွေကြေးထောက်ပံ့မှုတို့ကို ထိရောက်စွာ တားဆီးနိုင်ရန်အတွက် ဟွန်ဒီငွေလွှဲစနစ်ကို ဥပဒေဖြင့် ကြပ်မတ်နိုင်ရေးအတွက် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး H.E.Mr.Scot Marciel နှင့် ကုန်သည်စက်မှု အသင်းချုပ်တို့ ဇူလိုင် ၆ ရက်က ဆွေးနွေးခဲ့ကြောင်း ကုန်သည်/စက်မှုအသင်းချုပ်က သတင်းထုတ်ပြန်ထားသည်။

ထို့ပြင် နှစ်နိုင်ငံအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်၊ အထူးသဖြင့် မြန်မာ့ဘဏ်လုပ်ငန်းကဏ္ဍ ပြုပြင်ပြောင်းလဲရေးနှင့် အာမခံလုပ်ငန်းကဏ္ဍ မူဝါဒဆိုင်ရာ ဖြေလျှော့ရေးတို့နှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အထူးသဖြင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်လုပ်ငန်း ငွေကြေးထောက်ပံ့မှုတို့ကို ထိရောက်စွာ တားဆီးနိုင်ရန်အတွက် ဟွန်ဒီငွေလွှဲစနစ်ကို ဥပဒေဖြင့် ကြပ်မတ်နိုင်ရေး ဆွေးနွေးခဲ့ပြီး အမေရိကန် ရင်းနှီးမြှုပ်နှံမှုများအား ဆွဲဆောင်နိုင်ရေးအတွက် အရေးပါသည့် ဘဏ်လုပ်ငန်းနှင့် အာမခံလုပ်ငန်းကဏ္ဍ ပြုပြင်ပြောင်းလဲရေးတွင် ပူးပေါင်းလုပ်ဆောင်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ၊ အသေးစားငွေချေးကဏ္ဍနှင့် SME ချေးငွေကဏ္ဍတို့တွင် ပူးပေါင်းလုပ်ဆောင်မှု တိုးမြှင့်ရန်လည်း ဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံ အတွင်းသို့ ဝင်ရောက်လုပ်ကိုင်ရန် အထူးစိတ်ဝင်စားနေသည့် အမေရိကန် ကုမ္ပဏီကြီးများ အများအပြား ရှိနေပြီး မြန်မာ့ထွက်ကုန်များ (အထူးသဖြင့် အဝတ်အထည်များ)ကို အများအပြား ဝယ်ယူရန် ပြင်ဆင်နေသည့် အမေရိကန် ကုမ္ပဏီကြီးများ ရှိနေကြောင်း၊ အမေရိကန် ရင်းနှီးမြှုပ်နှံမှုများ အလျင်အမြန် ဝင်ရောက်လာရေးအတွက် ပွင့်လင်းလွယ်ကူ မြန်ဆန်သည့် ငွေပေးချေမှုစနစ်နှင့် ငွေလွှဲစနစ် ဖွံ့ဖြိုးလာရန် အလွန်အရေးကြီးကြောင်း သံအမတ်ကြီးက ပြောကြားသည်။

ကုန်သည်စက်မှု အသင်းချုပ်မှ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူးချုပ်နှင့် တွဲဖက်အထွေထွေအတွင်းရေးမှူး အပါအဝင် ဒေါက်တာမောင်မောင်သိမ်းနှင့် ပုဂ္ဂလိကကဏ္ဍ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

Writer:
နီလာ

Most Read

Most Recent