■ မြန်မာ-ဂျပန် စီးပွားရေးဖိုရမ် အခမ်းအနားသို့ နိုင်ငံတော်သမ္မတ တက်ရောက်

■ မြန်မာ-ဂျပန် စီးပွားရေးဖိုရမ် အခမ်းအနားသို့ နိုင်ငံတော်သမ္မတ တက်ရောက်
Published 28 July 2026

■ မြန်မာ-ဂျပန် စီးပွားရေးဖိုရမ်မှတစ်ဆင့် မြန်မာ-ဂျပန် နှစ်နိုင်ငံ ကုန်သွယ်မှုကို ယခင်ကထက် ပိုမိုမြှင့်တင်နိုင်မည်ဟု မျှော်လင့်ကြောင်း နိုင်ငံတော်သမ္မတ ပြောကြား

မြန်မာ-ဂျပန် စီးပွားရေးဖိုရမ် အခမ်းအနားကို ယနေ့ (ဇူလိုင် ၂၈ ရက်) နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ MCC ခန်းမ၌ ကျင်းပခဲ့ပြီး အဆိုပါအခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်၍ အဖွင့်မိန့်ခွန်း ပြောကြားသည်။

အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဒီဂျစ်တယ်နည်းပညာ အသုံးပြု၍ အခမ်းအနားအား ဖွင့်လှစ်ပေးသည်။

ထို့နောက် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက “နန်းတွင်းအက တေးအလှ ယိမ်းအက” ဖြင့် ဂုဏ်ပြုဖျော်ဖြေသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အဖွင့်မိန့်ခွန်း ပြောကြားရာတွင် မြန်မာ-ဂျပန် စီးပွားရေးဖိုရမ်မှတစ်ဆင့် မြန်မာ-ဂျပန် နှစ်နိုင်ငံ ကုန်သွယ်မှုကို ယခင်ကထက် ပိုမိုမြှင့်တင်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားသည်။

အခမ်းအနားတွင် နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုတန်ဖိုးများကို ရှင်းလင်းပြောကြားရာတွင် နှစ်နိုင်ငံ ကုန်သွယ်မှုတန်ဖိုးသည် ၂၀၂၁-၂၀၂၄ ဘဏ္ဍာနှစ်အတွင် စုစုပေါင်း ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၃၃၄ ဒသမ ၇၉၅ သန်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၁၉၄ ဒသမ ၃၉၄ သန်းနှင့် ၂၀၂၅-၂၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၃၄၃ ဒသမ ၆၆၅ သန်းဖြင့် တိုးတက်လျက်ရှိသည်ကို တွေ့ရှိရကြောင်း ထည့်သွင်းပြောကြားသည်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ ပိုကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀၅၈ ဒသမ ၅၈ သန်းရှိခဲ့ပြီး ဂျပန်နိုင်ငံမှ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၃၅ ဒသမ ၈၁ သန်း တင်သွင်းခဲ့ကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် နှစ်နိုင်ငံ စုစုပေါင်း ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၁၉၄ ဒသမ ၃၉၄ သန်းရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ စုစုပေါင်း ကုန်သွယ်မှုသည် ဂျပန်နိုင်ငံ၏ ပါဝင်မှု ရာခိုင်နှုန်း ၄ ဒသမ ၃၈ ရာခိုင်နှုန်းရှိခဲ့ပြီး ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ၏ ကုန်သွယ်ဖက်နိုင်ငံ အဆင့် ၆ တွင် ရပ်တည်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

ရင်းနှီးမြှုပ်နှံမှုကို လေ့လာကြည့်ပါက ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုတွင် အဓိက အရေးပါသော နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ ထူးသဖြင့် သီလဝါအထူးစီးပွားရေးဇုန် သီလဝါ SEZ သည် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု၏ ထင်ရှားသော ပြယုဂ်တစ်ခုဖြစ်ပြီး စက်မှုဇုန်၊ ကုန်ထုတ်လုပ်မှု၊ သယ်ယူပိုဆောင်ရေး လောဂျစ်စတစ်၊ စွမ်းအင်နှင့် ဝန်ဆောင်မှုကဏ္ဍများတွင် ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံမှု ဘီလျံပေါင်းများစွာ လာရောက်ရင်းနှီးမြှုပ်နှံထားသည်ကိုလည်း တွေ့ရှိရကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

သီလဝါ အထူးစီးပွားရေးဇုန်စီမံကိန်းတွင် ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုပမာဏ အများဆုံးဖြင့် ၂၉ ဒသမ ၉ ရာခိုင်နှုန်း အဓိကအခန်းကဏ္ဍမှ ပါဝင်နေပြီး မြန်မာ-ဂျပန် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၏ အထင်ကရ စီမံကိန်းတစ်ခုဟု ဆိုနိုင်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

သီလဝါအထူးစီးပွားရေးဇုန်တွင် ဂျပန်ကုမ္ပဏီပေါင်း ၅၀ ကျော် လာရောက်ရင်းနှီးမြှုပ်နှံထားပြီး စီးပွားရေးလုပ်ငန်းများ လည်ပတ်လျက်ရှိနေကြောင်း၊ သီလဝါစီးပွားရေးဇုန်တွင် ၂၀၁၄ ခုနှစ်မှ ၂၀၂၆ ခုနှစ် မတ်လအထိ ဂျပန်နိုင်ငံ အပါအဝင် ဒေသတွင်းနိုင်ငံပေါင်း ၂၁ နိုင်ငံနှင့် မြန်မာနိုင်ငံမှ ကုမ္ပဏီစုစုပေါင်း ၁၂၆ ခုကို ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုပေးထားပြီး စုစုပေါင်းအနေနဲ့ အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၃၀၀ ကျော် ရင်းနှီးမြှုပ်နှံထားကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

လက်ရှိအချိန်တွင် နိုင်ငံတော်အစိုးရအနေဖြင့် သီလဝါအထူးစီးပွားရေးဇုန်အတွင်းတွင်ရှိသော စက်ရုံများအတွက် လျှပ်စစ်စွမ်းအား တည်ငြိမ်စွာရရှိရေးနှင့် One-Stop Service အပါအဝင် လုပ်ငန်းလည်ပတ်မှုများကို ပိုမိုချောမွေ့လွယ်ကူအောင် အလေးပေးဆောင်ရွက်ထားကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

ရင်းနှီးမြှုပ်နှံမှုများကို နိုင်ငံတော်အနေဖြင့် အမြဲတမ်း နွေးထွေးစွာ ကြိုဆိုလျက်ရှိကြောင်းနှင့် လိုအပ်သော ကူညီပံ့ပိုးမှုများကိုလည်း အတက်နိုင်ဆုံး ပံ့ပိုးသွားမည်ဖြစ်ကြောင်း  နိုင်ငံတော်သမ္မတက ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတွင် အဓိကလိုအပ်သော စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံ ရင်းနှီးမှုများကို အလေးအနက် ဖိတ်ခေါ်လျက်ရှိပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လယ်ယာအခြေခံ ကုန်ထုတ်လုပ်ငန်းများ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်မှုလုပ်ငန်းများ၊ ပညာရေးနှင့် ကျန်းမာရေး၊ နည်းပညာနှင့် ဒီဂျစ်တယ် ဝန်ဆောင်မှုလုပ်ငန်းများတွင် လာရောက်ရင်းနှီးမြှုပ်နှံပေးရန် နိုင်ငံတော်သမ္မတက ဖိတ်ခေါ်သည်။

ထို့အပြင် အစိုးရသစ်အနေဖြင့် နိုင်ငံတွင်း စီးပွားရေးဝန်းကျင်များနှင့် ရင်းနှီးမြှုပ်နှံမှုဝန်းကျင် ပိုမိုကောင်းမွန်လာစေရေးအတွက်လည်း စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ၊ ဥပမာအားဖြင့် လျှပ်စစ်သုံး မော်တော်ယာဉ်များ (EV) များ တိုးတက်ရေးနှင့် ဆက်စပ်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံနိုင်ရေးအတွက် အကောက်ခွန်နှုန်းထားများကိုလည်း လျှော့ချပေးလျက်ရှိကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတထံသို့ ဂျပန်နိုင်ငံ Ingo Peace ဥက္ကဋ္ဌ Mr. Nakazawa Hiroyuki က မြန်မာ-ဂျပန် စီးပွားရေးဖိုရမ် အထိမ်းအမှတ် လက်ဆောင်အား ပေးအပ်သည်။

ထို့နောက် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဂျပန်သီချင်း Sakura “ချယ်ရီပန်း” အကဖြင့် ဖျော်ဖြေကပြသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၊ ဂျပန်နိုင်ငံ Ingo Peace ဥက္ကဋ္ဌ Mr. Nakazawa Hiroyuki နှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

 

Most Read

Most Recent