ယီမင်နိုင်ငံအတွင်းရှိ အီရန်က ကျောထောက်နောက်ခံပေးထားသည့် ဟူရ်သီလက်နက်ကိုင်များသည် ပင်လယ်နီအတွင်းရှိ သင်္ဘေများကို ပစ်မှတ်ထားတိုက်ခိုက်နေပြီး အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ဟူရ်သီအဖွဲ့ကို စစ်ရေးအရ တိုက်ခိုက်သွားမည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက် ဇူလိုင် ၂၃ ရက်တွင် ရေနံတစ်စည်လျှင် ဒေါ်လာ ၁၀၀ ကျော်အထိ မြင့်တက်ခဲ့ပြီး ရှယ်ယာစျေးနှုန်းများမှာ ကျဆင်းသွားခဲ့သည်။
ဟူရ်သီအဖွဲ့၏ တိုက်ခိုက်မှုများသည် အရှေ့အလယ်ပိုင်း စစ်ပွဲတွင် စစ်မျက်နှာသစ်တစ်ခုကို ပွင့်သွားစေနိုင်သည့်အပြင် ထရန့်ကလည်း ဟူရ်သီအဖွဲ့ကို စစ်ရေးအရ ကြီးလေးသည့်ပြစ်ဒဏ်ပေးမည်ဟု ခြိမ်းခြောက်သဖြင့် အပြည်ပြည်ဆိုင်ရာ ရေနံစံချိန်စံညွှန်းဖြစ်သည့် Brent ရေနံစိမ်း ဈေးနှုန်းမှာ ၇ ရာခိုင်နှုန်း မြင့်တက်သွားပြီး ရေနံတစ်စည်လျှင် ဒေါ်လာ ၁၀၀ အထက်သို့ ရောက်ရှိသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် အမေရိကန်၏ တိုက်ခိုက်မှုများကို ရင်ဆိုင်နေရသမျှ ကာလပတ်လုံး ပင်လယ်ကွေ့ဒေသကို ဆက်လက်တိုက်ခိုက်သွားမည်ဟု အီရန်က ပြောကြားခဲ့သည်။
ရေနံဈေးနှုန်းများ အဆမတန် မြင့်တက်ခဲ့ချိန်တွင် Google ၏ မိခင်ကုမ္ပဏီ Alphabet နှင့် အီလွန်မာ့စ်၏ Tesla ကုမ္ပဏီတို့သည် ရှယ်ယာစျေးနှုန်းများ ကျဆင်းမှုနှင့် ရင်ဆိုင်ခဲ့ရသည်။
Alphabet ၏ ရှယ်ယာသည် ၆ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး Tesla ၏ ရှယ်ယာသည် ၁၄ ဒသမ ၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အဆိုပါ ကုမ္ပဏီနှစ်ခုစလုံးသည် အရင်းအနှီး အများအပြား သုံးစွဲနေမှုများကြောင့် စျေးကွက်အတွင်း စိစစ်မှုများနှင့် ရင်ဆိုင်ခဲ့ရသောကြောင့် ဖြစ်သည်။
■ Ref; AFP















