■ အိန္ဒိယအရှေ့မြောက်ပိုင်းတွင် ရေကြီးရေလျှံမှုကြောင့် လူ ၄၁ ဦးထက်မနည်း သေဆုံး

■ အိန္ဒိယအရှေ့မြောက်ပိုင်းတွင် ရေကြီးရေလျှံမှုကြောင့် လူ ၄၁ ဦးထက်မနည်း သေဆုံး
Photo- AFP
Photo- AFP
Published 24 July 2026

အိန္ဒိယနိုင်ငံ မြောက်ပိုင်း အာသံပြည်နယ်တွင် မုတ်သုံမိုး ပြင်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားပြီး လူ ၄၁ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ဇူလိုင် ၂၃ ရက်တွင် ပြောကြားခဲ့ပြီး အာဏာပိုင်များအနေဖြင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက် ရှိသည်။

အိန္ဒိယနိုင်ငံ၏ ရှည်လျားသော နွေရာသီအပြီး မုတ်သုံရာသီ လများအတွင်း ရေကြီးရေလျှံမှုနှင့် ဆက်စပ်သော ဘေးအန္တရာယ်များသည် နှစ်စဉ်နှစ်တိုင်း ဖြစ်ပေါ်လေ့ရှိပြီး နိုင်ငံ၏ နေရာတော်တော်များများတွင် ရေရှားပါးမှုနှင့် မိုးခေါင်ရေရှားမှုများကို ရင်ဆိုင်ကြရသည်။

"ဒီနေ့အထိ လူ ၄၁ ယောက်ကို ဆုံးရှုံးခဲ့ရပြီး ကျွဲနွားတိရစ္ဆာန် ပေါင်းများစွာ ရေထဲမျောပါသွားခဲ့ပါတယ်" ဟု ဇွန်လကတည်းက စတင်ခဲ့သော မုတ်သုံမိုး ရွာသွန်းမှုကြောင့် သေဆုံးမှု အရေအတွက်နှင့် ပတ်သက်၍ အာသံပြည်နယ် ဝန်ကြီးချုပ် ဟီမန်တာဘစ်ဝါဆာမာက လူမှုကွန်ရက်ပေါ်တွင် ထုတ်ပြန်ခဲ့သည်။

"မြစ်ညာပိုင်းမှာ မိုးတိမ်တောင်တွေ ပေါက်ကွဲတာနဲ့အတူ ပုံမှန်ထက် ၄၃၆ ရာခိုင်နှုန်းအထိ ပိုမိုများပြားတဲ့ ဒေသတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် အခုတလောအတွင်း သမိုင်းမှာ ပျက်စီးဆုံးရှုံးမှုမျိုး မကြုံဖူးတဲ့ ကျေးရွာတွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့တာပါ"ဟုဆိုသည်။

အိန္ဒိယ လေတပ်၊ ပြည်နယ် ဘေးအန္တရာယ် တုံ့ပြန်ရေးတပ်ဖွဲ့နှင့် အမျိုးသား ဘေးအန္တရာယ် တုံ့ပြန်ရေးတပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များ အပါအဝင် အေဂျင်စီအားလုံးသည် အာသံပြည်နယ်အတွင်း ကူညီကယ်ဆယ်ရေး လုပ်ငန်းများအတွက် အချိန်နဲ့အမျှ ဆောင်ရွက်နေကြကြောင်း ဆာမားက ပြောကြားခဲ့သည်။

အာဏာပိုင်များသည် ကယ်ဆယ်ရေးစခန်းပေါင်း ၁၅၀ နီးပါးကို ဖွင့်လှစ်ပေးထားပြီး ပြည်နယ်အတွင်းရှိ လူပေါင်း ၃၀၀၀၀ နီးပါး ခိုလှုံလျက်ရှိကြောင်းလည်း ဆာမားက ထည့်သွင်းပြောကြားခဲ့သည်။

ကျေးရွာပေါင်း ၁၈၀၀ ကျော်မှ လူပေါင်း ၉၀၀၀၀၀ သည် ရေကြီးရေလျှံမှုကြောင့် ထိခိုက်ခံစားခဲ့ရကြောင်း ပြည်နယ်ဝန်ကြီးချုပ်က ပြောဆိုခဲ့သည်။

ဇူလိုင် ၂၂ ရက်နှောင်းပိုင်းက ထုတ်ပြန်ခဲ့သည့် သီးခြား ပြည်နယ်အစိုးရ ထုတ်ပြန်ချက်တစ်ခုတွင် အာဏာပိုင်များသည် ကယ်ဆယ်ရေး ပစ္စည်းများကို အရောက်ပို့ဆောင်ပေးနိုင်မှု အားကောင်းစေရေးအတွက်.ဝန်တင် ဒရုန်းများကို အသုံးပြုလျက်ရှိကြောင်းဖော်ပြထားသည်။

ပြည်နယ်နှင့် အမျိုးသား ဘေးအန္တရာယ်တားဆီးကာကွယ်ရေး အဖွဲ့များ၏ လှေများ မသွားရောက်နိုင်သည့် ရေတိမ်ပိုင်း ဒေသများတွင် စက်လှေငယ် ၅၀ ကျော်ကို စေလွှတ်ထားသည်။

အိန္ဒိယ လေတပ်နှင့် တပ်မတော်တို့သည်လည်း သွားရောက်ရန် ခက်ခဲသော နေရာများ သို့ ကယ်ဆယ်ရေး ပစ္စည်းများကို လေကြောင်းမှ ပစ်ချပေးခဲ့ကြောင်း အစိုးရ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံရှိ လူပေါင်း သန်းပေါင်းများစွာသည် စိုက်ပျိုးရေးနှင့် စက်မှုလက်မှု လုပ်ငန်းများကို အထောက်အကူပြုသည့် မိုးရေချိန် ရရှိရန်အတွက် နှစ်စဉ် မုတ်သုံကာလကို မှီခိုနေကြရသည်။

ဇွန်လမှ သြဂုတ်လခန့်အထိ မုတ်သုံရာသီအတွင်း အသက်အန္တရာယ်ဖြစ်စေသော ရာသီဥတု ဆက်စပ် ဘေးအန္တရာယ်များ ဖြစ်ပွားလေ့ရှိသော်လည်း ရာသီဥတု ပြောင်းလဲမှုနှင့် မြို့ပြထူထပ်လာမှုတို့ ပေါင်းစပ်လိုက်ခြင်းကြောင့် ယင်းတို့၏ ဖြစ်ပွားမှုအကြိမ်အရေအတွက်နှင့် ပြင်းထန်မှုများ ပိုမိုမြင့်တက်လာနေကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

လွန်ခဲ့သည့် သီတင်းပတ်က မြောက်ပိုင်း ပြည်နယ်တစ်ခုဖြစ်သည့် နာဂလန်းနှင့် အိန္ဒိယ ထိန်းချုပ်ထားသော ကက်ရှ်မီးယား ဒေသတို့တွင် မုတ်သုံမိုးကြောင့် ဖြစ်ပွားခဲ့သော ရုတ်တရက် ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် အနည်းဆုံး လူ ၁၉ ဦး သေဆုံးခဲ့သည်။

■ Ref:AFP

Most Read

Most Recent