အိပ်ပျော်နေသည့် ၁၅ နှစ်အရွယ်ကလေးငယ်ကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူကို မသေမချင်းကြိုးကွင်းစွပ်သတ်ရန် အမိန့်ချလိုက်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၁၉ ရက် နံနက် ၁ နာရီ ၄၀ မိနစ်တွင် ရန်ကုန်မြို့ရှိ အိမ်ရာတစ်ခုတွင် အိပ်ခန်းထဲ၌ အိပ်ပျော်နေသည့် ၁၅ နှစ်အရွယ်သမီးငယ်လေးအား အဓမ္မပြုကျင့်၍ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
ကျူးလွန်သူမှာ တွံတေးမြို့နယ် သရက်နှစ်ပင်ကျေးရွာနေ ၃၈ နှစ်အရွယ် အောင်ကျော်စိုး (ခ)အင်ဂျင်ဝိုင် ဆိုသူဖြစ်ပြီး ၎င်းအား လှိုင်မြို့မရဲစခန်းတွင် (ပ)၁၅၁/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂၊ ၃၇၆ အရ အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။
၎င်းအား ဇူလိုင် ၂ ရက်တွင် မရမ်းကုန်းခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ မရမ်းကုန်းခရိုင်တရားရုံးမှ ရာဇဝတ်ကြီးမှုအမှတ် (၈၃/၂၀၂၆)ဖြင့် လက်ခံစစ်ဆေးခဲ့ပြီး ဇူလိုင် ၂၃ ရက်တွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂(၁)(ဂ)အရ သေဒဏ် (မသေမချင်းကြိုးကွင်းစွပ်၍သတ်စေ)ဟု အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် အောင်ကျော်စိုး(ခ) အင်ဂျင်ဝိုင်မှာ အခင်းဖြစ်နေ့က အဆိုပါအိမ်ရာအတွင်းရှိ အခြားအိမ်တစ်အိမ်မှ ပစ္စည်းများ ဝင်ရောက်ခိုးယူခဲ့သဖြင့် ရာဇသတ်ကြီးပုဒ်မ ၄၅၇၊ ၃၈၀/၇၅ ဖြင့်စွဲချက်တင်ခဲ့ပြီး ရာဇသတ်ကြီးပုဒ်မ ၃၈၀/၇၅ အရ အလုပ်နှင့်ထောင်ဒဏ် (၇)နှစ်၊ ရာဇသတ်ကြီးပုဒ်မ ၄၅၇ (ဒုတိယပိုင်း/၇၅)အရ အလုပ် နှင့် ထောင်ဒဏ် (၇)နှစ် သီးခြားစီပြစ်ဒဏ်များချမှတ်ခဲ့ကြောင်း သိရသည်။















