ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးဆိုရာတွင် MSME စီးပွားရေးလုပ်ငန်းများ၊ သမဝါယမစနစ်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေး ကဏ္ဍများကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဒုဝန်ကြီး ပြောကြား

ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးဆိုရာတွင် MSME စီးပွားရေးလုပ်ငန်းများ၊ သမဝါယမစနစ်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေး ကဏ္ဍများကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဒုဝန်ကြီး ပြောကြား
Published 23 July 2026

ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးဆိုရာတွင် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ၊ သမဝါယမစနစ်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေး ကဏ္ဍများကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ပြောကြားသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင် သာယာရေးဝန်ကြီး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များ၊ လုပ်ငန်းကော်မတီဝင်များနှင့် အတူဌာနဆိုင်ရာတာဝန်ရှိသူများအတူ ဇူလိုင် ၂၂ ရက်တွင် ချင်းပြည်နယ်၊ ဖလမ်းမြို့ရှိ ဌာနဆိုင်ရာရုံးများတွင် ဝန်ထမ်းများ တာဝန်ထမ်းဆောင်နေမှုတို့အား ကြည့်ရှုခဲ့သည်။

ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဖလမ်းမြို့ရှိ ဌာနဆိုင်ရာ ရုံးများဖြစ်သော မီးသတ်တပ်ဖွဲ့ရုံး၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၊ ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးနှင့် အမှုထမ်း၊ အရာထမ်း တို့၏ ဝန်ထမ်းအိမ်ရာများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ဖလမ်းမြို့နယ်တွင် ဦးစီးဌာနရုံးပေါင်း (၃၈) ရုံး ဖွင့်လှစ်နိုင်ပြီဖြစ်ပြီး ကျန်းမာရေး၊ ပညာရေး ဝန်ထမ်းများအပါအဝင် အရာထမ်း၊ အမှုထမ်း (၁၃၉၇) ဦးဖြင့် လုပ်ငန်းတာဝန်များကို ထမ်းဆောင် နေပြီဖြစ်ကြောင်းနှင့် ဖလမ်း၊ တီးတိန်၊ တွန်းဇံမြို့များတွင် ဦးစီးဌာနရုံးပေါင်း (၁၁၀) ရုံး ဖွင့်လှစ်လျက် ရှိပြီး၊ ကျန်းမာရေး၊ ပညာရေးဝန်ထမ်းများ အပါအဝင် အရာထမ်း၊ အမှုထမ်းပေါင်း (၄၀၀၃) ဦးဖြင့် ဌာနဆိုင်ရာလုပ်ငန်းတာဝန်များကို ထမ်းဆောင်လျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဖလမ်းမြို့  ပြန်လည်ထူထောင်ရေးနှင့် ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများအတွက် ခရိုင်၊ မြို့နယ်ဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီးက ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည် ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများအနေဖြင့် ကျရာ ကဏ္ဍများတွင် အားလုံးဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည် တည်ဆောက်ရေးဆိုရာတွင် ရုံးများ၊ ဆေးရုံနှင့် ကျောင်းများ၊ အဆောက်အဦများ ပြန်လည်ပြုပြင်/ တည်ဆောက်ခြင်းလုပ်ငန်းများ အပြင်၊ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ၊ သမဝါယမစနစ်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေး ကဏ္ဍများကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ချင်းပြည်နယ်သို့ လာရောက်ပြီး နေရာအနှံ့သွားရောက်၍ အောက်ခြေအထိ အသေးစိပ်မြေပြင်ကွင်းဆင်း ဆောင်ရွက်‌ခဲ့ကြောင်း၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက် ရေးလုပ်ငန်းများအတွက် ဦးစားပေးအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို အကောင်အ ထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည် တည်ဆောက်ရေးလုပ်ငန်းကော်မတီကိုလည်း ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဖွဲ့စည်း တာဝန်ပေး အပ် ထားပြီးဖြစ်ပါကြောင်း၊ လုပ်ငန်းကော်မတီတွင်ပါဝင်ခြင်းမရှိသည့် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်လည်း ဖလမ်းမြို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်း ပူးပေါင်း ပါဝင်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် ခရိုင်၊ မြို့နယ်အဆင့် လုပ်ငန်းကော်မတီ ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများမှ ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးအတွက် မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်ပြီးစီးမှုလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြကြကြောင်း သိရသည်။

အလားတူ ဇူလိုင်် ၂၃ ရက်လည်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေး ဝန်ကြီး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီ၊ လုပ်ငန်းကော်မတီတို့နှင့်အတူ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းအား သွားရောက်ကြည့်ရှုခဲ့ပြီး  ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်သည့် အဆောက်အဦများ ပြန်လည်ပြုပြင်/ တည်ဆောက်ရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းအဆင့်ဆင့် အကြောင်း သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း(ဖလမ်း)ကို ၂၀၀၃ ခုနှစ်တွင် ဖလမ်းမြို့၊ ထေရဝါဒသာသနာပြုဗဟိုကျောင်း၌ ယာယီအကြို စတင်ဖွင့်လှစ်ခဲ့ပြီး၊ ၂၀၀၄ ခုနှစ်တွင် ဖလမ်းမြို့၊ ကျင်မွှာလ်ရပ်ကွက်ရှိ ဧရိယာအကျယ်အဝန်း(၇.၄၅၁)ဧကသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ကြောင်းနှင့် အလယ်တန်းကျောင်းသားအဆင့်မှ အထက်တန်းကျောင်းပြီးဆုံးသည်အထိ တာဝန်ယူလေ့ကျင့်ပေးသည့် သင်တန်းကျောင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent