နိုင်ငံတကာဘောလုံးသမိုင်းနှင့် စာရင်းအင်းအဖွဲ့(IFFHS)က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားအဖြစ် အာဂျင်တီးနားအသင်းခေါင်းဆောင် တိုက်စစ်မှူး မက်ဆီကို ရွေးချယ်ခဲ့ကြောင်း သိရပါတယ်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က စပိန်အသင်းခေါင်းဆောင် ကွင်းလယ်ကစားသမား ရိုဒရီကို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခဲ့ပေမဲ့ IFFHS ကတော့ မက်ဆီကို ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။
ရိုဒရီက စပိန်အသင်း ကမ္ဘာ့ဖလားချန်ပီယံဆု ရရှိခဲ့တဲ့ခရီးမှာ အတည်ငြိမ်ဆုံးခြေစွမ်းနဲ့ အသင်းရဲ့ ကွင်းလယ်ကို ထိန်းကျောင်းမောင်းနှင်နိုင်ခဲ့ပေမဲ့ သွင်းဂိုးရော ဂိုးဖန်တီးမှုပါ လုံးဝမရှိခဲ့ကြောင်း သိရပါတယ်။
ဒါကြောင့် ကိုယ်တိုင်(၈)ဂိုးသွင်းပြီး ဂိုးဖန်တီးမှု(၄)ကြိမ် ပြုလုပ်ခဲ့တဲ့ မက်ဆီနဲ့ နှိုင်းယှဉ်ပြီး အကောင်းဆုံးကစားသမားဆုကို ဘယ်သူ ပိုရသင့်ကြောင်း အငြင်းပွားမှုတွေလည်း ရှိခဲ့ပါတယ်။
IFFHS ကတော့ သွင်းဂိုးတွေ၊ ဖန်တီးမှုတွေ၊ တစ်ပွဲချင်းပျမ်းမျှစွမ်းဆောင်ရည်နှုန်းထားတွေ၊ အသင်းအပေါ် သက်ရောက်မှုတွေအပေါ် အခြေခံတွက်ချက်ပြီး မက်ဆီကို အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
IFFHS ရဲ့ ၂၀၂၆ ကမ္ဘာ့ဖလားအကောင်းဆုံးအသင်းမှာ ရွေးချယ်ခံခဲ့ရသူတွေကတော့ ဂိုး - အူနိုင်းဆိုင်မွန်(စပိန်)၊ နောက် - ကူကူရယ်လာ(စပိန်)၊ လာပေါ့တ်(စပိန်)၊ ကူဘာဆီ(စပိန်)၊ ပေါ်ရို(စပိန်)၊ လယ် - အိုလီဆေး(ပြင်သစ်)၊ ဒမ်ဘီလီ(ပြင်သစ်)၊ ဘယ်လင်ဂမ်(အင်္ဂလန်)၊ ရှေ့ - မက်ဆီ(အာဂျင်တီးနား)၊ အမ်ဘာပေ(ပြင်သစ်)၊ ယမားလ်(စပိန်)တို့ဖြစ်ပြီး အကောင်းဆုံးနည်းပြအဖြစ် စပိန်နည်းပြ ဒယ်လာဖွန်တေကို ရွေးချယ်ခဲ့ပါတယ်။















