ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် အောင်ဆန်းအားကစားကွင်းပတ်လည်ရှိ ဆိုင်ခန်းအဆောက်အအုံများ ဖျက်သိမ်းနေကြောင်း သိရသည်။
“ဖျက််နေတာ သိပ်တော့ မကြာသေးပါဘူး” ဟု ပတ်ဝန်းကျင်နေထိုင််သူများတစ်ဦးက ပြောကြားသည်။
ယင်းအောင်ဆန်းအားကစားကွင်းအတွင်းရှိ ဌာနပိုင် အဆောက်အအုံဟောင်းများ ဖျက်သိမ်း၍ လေလံတင်ရောင်းချနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ဇွန် ၂၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် လေလံတင်ရောင်းချရေးကော်မတီဥက္ကဋ္ဌ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီက အမှာစကားပြောကြားပြီး အားကစားနှင့်ကာယပညာဦးစီးဌာန တာဝန်ရှိသူများ၏ အောင်ဆန်းအားကစားပြိုင်ဝင်း၏ သမိုင်းအကျဉ်း၊ တည်နေရာ၊ ဖျက်သိမ်းမည့် အဆောက်အအုံများ၊ လုပ်ငန်းကော်မတီများနှင့် ဆပ်ကော်မတီ ဖွဲ့စည်းထားရှိမှု၊ အဆောက်အအုံဟောင်းများနှင့် အားကစားဆိုင်ရာ အဆောက်အအုံများ စနစ်တကျ လေလံတင်ရောင်းချဖျက်သိမ်းနိုင် ရေး ဆောင်ရွက်ထားရှိမှု၊ ဌာနပိုင်အဆောက်အအုံဟောင်းများ လေလံတင်ရောင်းချနိုင်ရေးနှင့် ဆိုင်ခန်းများ ဖယ်ရှားရှင်းလင်းနိုင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့လယ်ရှိ အဆိုပါအောင်ဆန်းအားကစားကွင်းကို အကြီးစားပြင်ဆင်မည်ဖြစ်ပြီး ပရိတ်သတ် နှစ်သောင်းခွဲဆန့်သည့် ကွင်းအဖြစ် အဆင့်မြှင်ပြန်လည်တည်ဆောက်မည်ဖြစ်ကြောင်း ၂၀၂၅ ခုနှစ် နိုဝင်ဘာလကုန်ပိုင်းက သိရသည်။
အဆိုပါ အောင်ဆန်းအားကစားကွင်းအား ပရိတ်သတ် နှစ်သောင်းခွဲဝင်ရောက်ကြည့်ရှုနိုင်သည့် ကွင်းအဖြစ် ပြန်လည်တည်ဆောက်နိုင်ရေးအတွက် အောင်ဆန်းအားကစားကွင်း အဆင့်မြှင့်တင်တည်ဆောက်ခြင်း လုပ်ငန်းကော်မတီကို ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
အဆိုပါကော်မတီတွင် ဥက္ကဌအဖြစ် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက တာဝန်ယူမည်ဖြစ်ပြီး ဒုတိယဥက္ကဌအဖြစ် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက တာဝန်ယူမည်ဖြစ်ကာ အတွင်းရေးမှူးအဖြစ် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးက တာဝန်ယူမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၂ ခုနှစ်ကလည်း အဆိုပါအားကစားကွင်းကို လက်ရှိနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သွားရောက်ကြည့်ရှုခဲ့ပြီး အိုလံပစ်အားကစားပြိုင်ပွဲများ လက်ခံကျင်းပနိုင်သည်အထိ အဆင့်မြှင့်တင်တည်ဆောက်ရန် လမ်းညွန်ခဲ့ကြောင်း သိရသည်။
ယခင်က အဆိုပါအားကစားကွင်းကို BAA (The Burma Athletics Association) ဟု လူသိများပြီး လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၅၃ ခုနှစ် အောက်တိုဘာ ၁၇ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုသောအားဖြင့် အောင်ဆန်းအားကစားကွင်းဟု အမည်ပြောင်းလဲခဲ့သည်။
အဆိုပါအားကစားကွင်းကို ၁၉၀၈ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၁၀ ပြည့်နှစ်တွင် ပြီးစီးခဲ့ကာ ၁၉၃၅ ခုနှစ်တွင် မီတာ ၄၀၀ ပြေးလမ်းကို ဖောက်လုပ်ခဲ့သည်။
အဆိုပါ အားကစားကွင်းတွင် ၁၉၆၁ ခုနှစ်နှင့် ၁၉၆၉ ခုနှစ် အရှေ့တောင်အာရှ ကျွန်းဆွယ်အားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။















